ခမာနီခေါင်းဆောင်ဟောင်း အပြစ်မရှိကြောင်း ငြင်းဆို

ခမာနီအစိုးရ မူဝါဒရေးရာ အကြီးအကဲ Nuon Chea၊ သမ္မတဟောင်း Khieu Samphan၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Ieng Sar။ နိုဝင်ဘာလ ၂၁၊ ၂၀၁၁။

လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ လက်ရှိ ကမ္ဘောဒီးယားနိုင်ငံမှာ အမှု ရင်ဆိုင်နေတဲ့ ခမာနီအစိုးရ သမ္မတဟောင်းက သူ ဒီလို လူသားမဆန်တဲ့ ရက်စက် ကြမ်းကြုတ် မှုတွေမှာ သူ မပါဝင်ခဲ့ပါဘူးလို့ ငြင်းဆိုထားပါတယ်။

သူ့အပေါ်စွပ်စွဲထားတဲ့ စွဲချက်တွေဟာ မမှန်ကန်တဲ့အချက်အလက်တွေကို အခြေခံပြီး စွပ်စွဲနေတာ ဖြစ်တယ်လို့ ဖနွမ်းပင်မြို့က ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံတကာခုံရုံးတွင်း ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ပါတယ်။ သူ့ကို ပြစ်ဒဏ်ချမှတ်နိုင်ဖို့အတွက် လုပ်ကြံစွပ်စွဲနေကြတာဖြစ်တယ်လို့ တရားလိုရှေ့နေတွေကို သူက ပြန်ပြီး စွပ်စွဲလိုက်ပါတယ်။
ခမာနီခေါင်းဆောင်ဟောင်း Khieu Samphan ကမ္ဘောဒီးယားဘာသာစကားနဲ့ တရားရုံးမှာ ပြောသွားတာကတော့ -
“လူတွေကို ဒီလိုလုပ်ကြံတဲ့ဇာတ်လမ်းကို ယုံလာအောင်ပြောလိုက်တာကို ကျနော် နားထောင်ရတာ ကျနော့်ခေါင်းကို တကယ်ပဲ ဖြတ်ချင်နေတယ်ဆိုတာ ကျနော် ခံစားမိပါတယ်”
အသက် ၈၀ အရွယ် ခမာနီခေါင်းဆောင်ဟောင်းဟာ အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်မှုနဲ့ စွပ်စွဲခံထားရတာပါ။ သူ့အပေါ် စွပ်စွဲချက်တွေဟာ ခိုင်မာမှုမရှိတဲ့ သတင်းထောက်တွေ ပြောဆိုမှုတွေ၊ စာအုပ်စာတမ်းတွေမှာ ရေးသားပြောဆိုတာတွေကို အခြေခံပြီး စွပ်စွဲတာဖြစ်တယ်လို့ တရားရုံးမှာ ပြောဆိုခဲ့ပါတယ်။

Khieu Samphan ဟာ ခမာနီအစိုးရ မူဝါဒရေးရာ အကြီးအကဲ Nuon Chea၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Ieng Sary တို့နဲ့အတူ ၁၉၇၀ ပြည့်လွန်နှစ်တွေက လူပေါင်း ၂ သန်းကျော်အထိ သတ်ဖြတ်ခဲ့တဲ့ ကမ္ဘောဒီးယားက လူသတ်မှုကြီးမှုတွေကို အဓိက ကြိုးကိုင်ခဲ့သူအဖြစ်နဲ့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။