မြန်မာအစိုးရအနေနဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တကယ်တမ်း အခိုင်အမာ သန္နိဋ္ဌာန်ချထားတယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးပြီး လူမျိုးစုဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် ဒဲရက်က် မစ်ချဲလ်က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအပေါ် ယုံကြည်ကိုးစားမှုရဖို့ဆိုရင် ဒေါ်အောင်ဆန်းစု ကြည် ပါဝင်ရမယ်လို့လည်း ဆိုပါတယ်။ သူ့ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အတွင်း အရပ်သားအစိုးရဆိုတာရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့သလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Daniel Schearf ဘန်ကောက်ကနေ ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြ ပါမယ်။
မြန်မာအစိုးရဘက်ကနေ မကြာသေးခင်က ပြသခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အရိပ်လက္ခဏာတွေကို အမေရိကန်က ကြိုဆိုပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက်က် မစ်ချဲလ်က ပြောပါတယ်။
သမ္မတဦးသိန်းစိန်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သြဂုတ်လအတွင်း တွေ့ဆုံခဲ့တာ၊ လူ့အခွင့်အရေး ကော်မရှင်ထူထောင်တာ၊ လူနည်းစုလူမျိုးစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးရေးကိစ္စ အလေးထားပြောဆိုတာ၊ သတင်းမီဒီယာတွေအပေါ် တင်းကျပ်ထားတာတွေ အတန်အသင့် လျှော့ပေါ့ပေးခဲ့တာတွေကို ဥပမာတွေအဖြစ် သူက ထောက်ပြခဲ့ပါတယ်။
အပြောင်းအလဲအတွက် မျှော်လင့်ချက်တွေ မြင့်မားလာအောင် မြန်မာအစိုးရကလုပ်ခဲ့တယ်လို့ မစ်ချဲလ်က ပြောပေမဲ့ အမေရိကန်နဲ့ နိုင်ငံတကာအသိုက်အဝန်းက သံသယရှိနေဆဲပဲလို့ ဆိုပါတယ်။
အဲဒီလို သံသယဝင်နေတာတွေ မှားတယ်ဆိုတာကိုပြဖို့က မြန်မာတာဝန်ရှိသူတွေအပေါ်မှာ မူတည်ပါတယ်လို့ ခရီးစဉ်အဆုံး မြန်မာနိုင်ငံကနေ ပြန်မထွက်ခွာခင် ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲမှာ မစ်ချဲလ်က ပြောခဲ့ပါတယ်။
““နိုင်ငံရေး အကျဉ်းသား ၂၀၀၀ လောက်ကို ဆက်ပြီး ထိန်းသိမ်းထားတာ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဆိုးရွားတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ လူနည်းစု တိုင်းရင်းသားဒေသတွေမှာ ဆက်ဖြစ်နေတာ၊ မြောက်ကိုရီးယားနိုင်ငံနဲ့ မြန်မာအစိုးရရဲ့ စစ်ဘက်ဆက်ဆံရေးမှာ ပွင့်လင်းမြင်သာမှု အားနည်းတာတွေအပေါ် စိုးရိမ်ချက်တွေကို ကျနော် ပြောခဲ့ပါတယ်။”
မြောက်ကိုရီးယားဟာ ပိတ်ပင်ကန့်သတ်ထားတဲ့ လက်နက်တွေနဲ့ နျူကလီးယားဆိုင်ရာ ပစ္စည်းတွေ မြန်မာအစိုးရကို ထောက်ပံ့နေ တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။ မြန်မာအာဏာပိုင်တွေကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးအပေါ် စိုးရိမ်မှုတွေကိုလည်း ပယ်ချပါတယ်။
နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ မြန်မာအစိုးရကို သူတိုက်တွန်းခဲ့တယ် လို့ မစ်ချဲလ်ကပြောပါတယ်။
ပြုပြင်ပြောင်းလဲရေးအပေါ် ရိုးရိုးသားသားနဲ့ စစ်မှန်တဲ့ သန္နိဋ္ဌာန်ရှိပါတယ် ဆိုတာကို နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးတာ၊ လူနည်းစု လူမျိုးစုဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိနေတယ်ဆိုတာကို စုံစမ်းစစ်ဆေးဖို့အတွက် ဥပဒေနဲ့အညီ ယုံကြည်ရလောက်တဲ့စနစ်တရပ် ထူထောင်တာမျိုးတွေနဲ့ မြန်မာအစိုးရက သက်သေပြသင့်တယ် လို့လည်း သူက ပြောပါတယ်။
လူမျိုးစုလက်နက်ကိုင်တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာဖြစ်နေခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာအစိုးရစစ်တပ်ဟာ အတင်းအဓမ္မ အလုပ်ခိုင်းတာ၊ လူသတ်တာနဲ့ မုဒိန်းကျင့်တာတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်တာတွေ ကျူးလွန်ထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
လူနည်းစုလူမျိုးစုအဖွဲ့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံအဖွဲ့အစည်းတွေနဲ့ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံ ဆွေးနွေး တာတွေလုပ်ဖို့ သူအကြံပြုခဲ့တယ်လို့ မစ်ချဲလ်က ပြောပါတယ်။
“ဒေါ်စုဟာ ဒီနိုင်ငံက လူနည်းစု လူမျိုးစုတွေအပါ အဝင် နိုင်ငံသားတွေအားလုံးအတွက် အင်မတန့်ကို အရေးပါနေတုန်းပါပဲဆိုတာနဲ့ ယုံကြည်ရလောက်တဲ့ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ဘယ်လို ကြိုးပမ်းအားထုတ်မှုမျိုးမှာမဆို သူပါဝင်ရမယ်ဆိုတာကို ခရီးစဉ်တလျှောက် ကျနော့်ကို မပြတ် သတိပေးခဲ့ကြ ပါတယ်။”
မြန်မာအာဏာပိုင်တွေအနေနဲ့ သူတို့အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ရုပ်သိမ်းစေချင်ပြီး ဒါဟာ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အရိပ်လက္ခဏာတွေကိုပြတဲ့ ရည်ရွယ်ချက်တခုဖြစ်တယ်လို့ လေ့လာသူတွေကပြောပါတယ်။
ဒဏ်ခတ် အရေးယူမှုတွေကို ဘယ်လိုအခြေအနေမျိုးတွေမှာ ရုပ်သိမ်းနိုင်မယ်ဆိုတာကို မြန်မာအစိုးရနဲ့ သူ ဆွေးနွေးခဲ့ပါတယ်လို့ မစ်ချဲလ်က ဗွီအိုအေကိုပြောထားပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။ ဒါပေမဲ့လည်း မြန်မာအစိုးရဘက်ကသာ စစ်မှန်ပြီး ခိုင်မာတဲ့ လုပ်ဆောင်မှုတွေရှိလာရင် အမေရိကန်ပြည်ထောင်စုဘက်ကလည်း အလားတူ တုံ့ပြန်ပါ့မယ်လို့ ပြောခဲ့ကြောင်းပါ။