နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တရားမဝင်လက်နက်နဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ဆက်လက် ရှာဖွေစစ်ဆေးရာမှာ သေနတ်တချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး၊ သံသယရှိသူ တချို့ကိုလည်း ထပ်မံဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ အမှုရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ နေပြည်တော်မှာ ပြည်ထဲရေး ဒုတိယ ဝန်ကြီးက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အရင်သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်က ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းပါဆီကနေ တရားမဝင်လက်နက်နဲ့ မူးယစ်ဆေးဝါးတွေကိုဖမ်းဆီးရမိခဲ့ပြီးနောက်ပိုင်း ကွင်းဆက်တရားခံတွေကို စုံစမ်းနေပြီးဒီကနေ့အထိ လူ ၁၂ ယောက် လက်နက် ၂၁ လက် ဖမ်းဆီး သိမ်းဆည်းထားတယ်လို့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။
“တရားခံတွေကို စစ်ဆေးလို့ရတဲ့အချက်တွေကနေပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်ပြီးတော့ လက်နက်တွေ ဆက်လက်ဖော်ထုတ်သိမ်းဆည်းလျက်ရှိပါတယ်။ ပထမနေ့မှာလဲ ကျနော်တို့အားလုံးပေါင်း ၁၃ လက်သိမ်းဆည်းပြီးဖြစ်ပါတယ်။ ဒီကနေ့တော့ ကျနော်တို့လက်နက် ၈ လက်ထပ်မံပြီး သိမ်းဆည်းရမိပါတယ်။ ဒီကနေ့အထိတော့ တရားခံ ၁၂ ယောက်ဖမ်းဆီးထားပြီးဖြစ်ပါတယ်။ ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်နေပါတယ်။ ရရှိတဲ့အချိန်တွေမှာလည်း ကျနော်တို့ သတင်းဆက်လက်ပြီးထုတ်ပြန်ပေးပါမယ်။”
ကျန်ရှိတဲ့ လက်နက်တွေနဲ့ ကွင်းဆက်တရားခံတွေကို ဖမ်းဆီးသိမ်းဆည်းဖို့ကို ဦးစားပေးဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဒုတိယဝန်ကြီးက ဆက်ပြောပါတယ်။
“အဓိကတော့ ကျနေ်ာတို့ ခုနကပြောသလိုပဲ ကျန်ရှိနေတဲ့ လက်နက်တွေနဲ့ ကွင်းဆက်တရားခံတွေ အားလုံးကိုကျနော်တို့ အမြန်ဆုံး ဖမ်းဆီးရမိဖို့ သိမ်းဆည်းရမိဖို့ ဒါကို ဦးစားပေးလုပ်နေပါတယ်ခင်ဗျ။ လုပ်တဲ့လုပ်ငန်းစဉ်အားလုံးဟာလည်း သက်ဆိုင်ရာဌာနအားလုံးနဲ့လည်း ပေါင်းစပ်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ တည်ဆဲဥပဒေအပေါ်မှာ ချိုးဖောက်တဲ့ လုပ်ငန်းစဉ်တွေအားလုံးကိုလည်း ကျနော်တို့ ဖော်ထုတ်ပြီးတော့ ဆောင်ရွက်သွားမှာပါ။”
လက်ရှိမှာတော့ ဖြိုးကိုကိုတင့်ဆန်းကို တရားမဝင်လက်နက်ကိုင်ဆောင်မှု မူးယစ်ပုဒ်မတွေနဲ့ အမှုဖွင့်ဆောင်ရွက်ထားပြီး အခုလိုမူးယစ်ဆေးဝါးနဲ့လက်နက်တွေကို အတူတကွဖမ်းဆီးရမိတဲ့အတွက် အကြမ်းဖက်ဥပဒေနဲ့လည်း ငြိစွန်းတယ်လို့ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးက သုံးသပ်ပြပါတယ်။
“လောလောဆည်ကတော့ စုံစမ်းစစ်ဆေးတဲ့ကာလပေါ့နော် ။ စုံစမ်းစစ်ဆေးတဲ့ကာလဆိုတော့ လောလောဆည်လုပ်ကိုင်ဆောင်ရွက်နေတာကတော့ မဆိုးပါဘူး မြန်ပါတယ်။ ACE ကုမ္ပဏီကို ဝင်ဆီးတာတို့ ကျန်တဲ့နေရာတွေကိုလိုက်တာ ဒါတွေက ကောင်းပါတယ်။ ဒါပေမယ့် မိတာတွေကတော့ အများကြီးပါပဲ။ လက်နက်အမှုတွေပေါ့ လက်နက်နဲ့ မှုးယစ်ဆေးဝါး အတူတွဲမိတဲ့အတွက် ဒါအကြမ်းဖက်ဥပဒေနဲ့လည်းငြိတယ်။”
ဖြိုးကိုကိုတင့်ဆန်းသည် ၂၀၁၂ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ကနေ ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းဖြစ်ခဲ့ကာ ACE ကုမ္ပဏီရဲ့ အကြီးအကဲတစ်ဦးဖြစ်ပြီး ACE ကုမ္ပဏီဟာ ဆောက်လုပ်ရေးလုပ်ငန်း ၊ ဟိုတယ်လုပ်ငန်းတွေကို အဓိကလုပ်ဆောင်တဲ့ ကုမ္ပဏီတခုဖြစ်ပါတယ်။
မနေ့ညပိုင်းက ရန်ကုန်မြို့ သာကေတမြို့နယ် ရှုခင်းသာပတ်လမ်းမှာရှိတဲ့ ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်တဲ့ ACE ကုမ္ပဏီဝင်းကို ရဲတပ်ဖွဲ့တွေက ရှာဖွေစစ်ဆေးမှုတွေဆက်လက်ပြုလုပ်ခဲ့ရာမှာတော့ သေနတ်နဲ့ မူးယစ်ဆေးဝါးအချို့ကို ထပ်မံရှာဖွေဖမ်းဆီးရမိခဲ့ပြီး ကုမ္ပဏီကိုလည်း ချိတ်ပိတ်ခဲ့ပါသေးတယ်။
Your browser doesn’t support HTML5