နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားမဝင်လက်နက် မူးယစ်ဆေးဝါးဖမ်းမိတာနဲ့ပတ်သက်ပြီး သံသယရှိတဲ့လူတွေကို ဆက်လက်ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်လျက်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က တင်ပြပေးပါမယ်။
မနေ့ညက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အရင်သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်က ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ အားကစားဝန်ကြီးဌာနတွေရဲ့ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးတင့်ဆန်းရဲ့သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းပါ ၂ ဦး ဆီကနေ တရားမဝင်လက်နက်နဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီးပါတယ်။
ဒီလိုလက်နက်တွေ ရှာဖွေတွေ့ရှိပြီးတဲ့နောက်ပိုင်း ဒီကနေ့မှာတော့ ဖြိးကိုကိုတင့်ဆန်း ရုံးအဖွဲ့ ၅ ဦးကို ခေါ်ယူစစ်ဆေးမှု ဆက်လက်ပြုလုပ်ဆောင်ရွက်လျက်ရှိတယ်လို့ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ခင်အောင်က VOA ကိုအခုလိုပြောပါတယ်။
“အဲဒီမှာ လေဆိပ်မှာ ဖမ်းထားတဲ့ ၃ ယောက်ရှိတယ်။ နောက်တခါ လေဆိပ်မှာ ဒီကောင်တွေကို ဖမ်းပြီးတော့ စစ်ဆေးနေတဲ့အချိန်မှာ သူ့ကိုလိုက်ပို့တဲ့ တပည့်၂ ယောက်ရှိတယ်။ အဲဒီတပည့် ၂ ယောက်က ထွက်ပြေးသွားတယ်။ အဲဒီတပည့် ၂ ယောက်ထဲက သီဟဆိုတဲ့တယောက်က သူ့ရဲ့ ဟိုတယ် Kitchen Manager ၊ နောက်တယောက်ကကျတော့ ဟိုတယ် Accountant အဲဒီ Accountantကောင်လေးရယ် ၊ နောက်ဟိုတယ်မန်နေဂျာပေါ့ ကိုဖီးလစ်ဆိုတဲ့တယောက်ရယ် သူတို့လင်မယားရယ် ကားသမားရယ်က အောက်လမ်းကနေပြီးတော့မှ ၊ အောက်လမ်းဆိုတာက ကားနဲ့ ကြိုဆင်းတာ ရန်ကုန်ကိုဆင်းတာ။ ဆိုတော့ ကျနော်တို့က မနေ့ညကတည်းက အဲဒီဟာကိုပိတ်ပြီးတော့မှ ရှာဖွေတယ် စစ်ဆေးတယ်။ ဘာမှတော့မတွေ့ဘူး ဒါပေမယ့် ဒီအမှုထဲမှာ ပတ်သက်နေတဲ့အတွက်ကြောင့် ခေါ်ပြီးတော့စစ်တာ အခုလောလောဆယ်ထိန်းသိမ်းထားတာ ၈ ယောက်ဖြစ်သွားတယ်ပေါ့။”
ဖမ်းဆီးစစ်ဆေးတဲ့ ဖြိုးကိုကိုတင့်ဆန်းရဲ့ ရုံးအဖွဲ့ဝင်တစ်ဦးဟာ မူးယစ်ဆေးဝါးအမှုနဲ့ ဗဟန်းရဲစခန်းက ဖမ်းဝရမ်း ထုတ်ထားသူတစ်ဦးဖြစ်တယ်လို့ ရဲမှူး ဇော်ခင်အောင်က ဆက်ပြောပါတယ်။
“အဲဒါက သီဟဆိုတဲ့ Kitchen Manager က ဗဟန်းကနေပြီးတေ့ာမှ မူးယစ်နဲ့ပတ်သက်ပြီးတော့ တရားခံပြေးလုပ်ထားတာ။ အဲဒါကို ဖြိုးကိုကိုတင့်ဆန်းက မသိပဲနဲ့ ခန့်ထားတာ။ အဲဒါကြောင့်မို့လို့ အရင်အမှုနဲ့ တွဲပြီးတော့ သူ့ကို ဖမ်းတာ။”
အခုလိုလက်နက်များဖမ်းမိတာဟာ သာမန်ပြသာနာမဟုတ်ဘဲ ကုလသမဂ္ဂအကြီးအကဲလာစရာရှိတဲ့ ဖမ်းမိတာဖြစ်တဲ့အတွက် စိုးရိမ်ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကလည်း သုံးသပ်ပါတယ်။
“သာမန်ပြသာနာလို့ ကျနော်တို့ စဉ်းစားလို့မရဘူး။ နောက်ပြီးတော့ ကုလသမဂ္ဂအကြီးအကဲတဦးကလည်း လာစရာရှိတဲ့အချိန်မှာ ဒါစိုးရိမ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အောင်ဝင်းဇော်တို့ ကြည်လင်းတို့အမှုမှာ စာရေးဆရာ အောင်စိုးရဲ့ ထွက်ဆိုချက်အရ နိုင်ငံခြားသံတမန်တဦးကိုသတ်ဖို့ဆိုတဲ့ ထွက်ဆိုချက်တွေရှိနေတယ်။”
ယနေ့မနက်ပိုင်းမှာတော့ ရန်ကုန်မြို့ သာကေတမြို့နယ် ရှုခင်းသာပတ်လမ်းမှာရှိတဲ့ ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်တဲ့ ACE ကုမ္ပဏီဝင်းကို ရဲတပ်ဖွဲ့တွေက ရှာဖွေစစ်ဆေးမှုတွေဆက်လက်ပြုလုပ်ခဲ့ရာမှာတော့ သေနတ်နဲ့ မူးယစ်ဆေးဝါးအချို့ကို ထပ်မံရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။
ဖြိုးကိုကိုတင့်ဆန်းဟာ ၂၀၁၂ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးလည်းဖြစ်ခဲ့ပြီး လက်ရှိမှာတော့ တရားမဝင်လက်နက်ကိုင်ဆောင်မှု မူးယစ်ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်။