တာဝန်သက်တမ်းမကုန်ခင် မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားကို APHR တိုက်တွန်း

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေး အခမ်းအနားမြင်ကွင်း (ဇူလိုင် ၂၀၂၃)

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ကျန်နေတဲ့ အချိန်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ထိရောက်အောင် လုပ်ဆောင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

မနေ့က အင်ဒီုနီးရှား သမ္မတ Joko Widodo လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အင်ဒီုနီးရှားနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ကာလအတွင်း လူ့အခွင့်အရေး၊ လူသားဆန်မှုနဲ့ တန်းတူညီမျှမှုတွေကို တစိုက်မတ်မတ် ထိန်းသိမ်း ကာကွယ်ခဲ့တဲ့အကြောင်းနဲ့ ဒါကြောင့်လည်း နိုင်ငံတကာရဲ့ ယုံကြည်မှုကို ပိုမို ရရှိခဲ့တဲ့အကြောင်း ပြောဆိုသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယကို ကြိုဆိုတဲ့အကြောင်းနဲ့ ဒါပေမဲ့လည်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လူ့အခွင့်အရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အောင်မြင်မှု မရခဲ့တဲ့အကြောင်း APHR ဘုတ်အဖွဲ့ဝင် မလေးရှားနိုင်ငံက လွှတ်တော်အမတ် Wong Chen က ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အကြိမ် ၆၀ ကျော် ထိတွေ့ဆက်ဆံခဲ့ပြီး သံတမန်ရေးအရ ချဉ်းကပ်တဲ့ နည်းလမ်းကို သုံးခဲ့တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း ဒီတွေ့ဆုံမှုတွေဟာ ထင်သာမြင်သာမှု မရှိသလို မြန်မာစစ်ကောင်စီဘက်က ကျုးလွန်နေတဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ဟန့်တားနိုင်ခြင်း မရှိတဲ့အကြောင်း APHR ပါလီမန်အမတ်တွေက ဝေဖန်ပါတယ်။

မြန်မာအပေါ် ခိုင်မာပြတ်သားတဲ့ အရေးယူမှုတွေ မလုပ်နိုင်ခြင်းကြောင့် စစ်ကောင်စီရဲ့ မိတ်ဖက်နိုင်ငံတွေက မြန်မာ့အရေးမှာ အာဆီယံရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ဆောင်ဖို့ ဖြစ်နေတယ်ဆိုပြီး မကြာသေးခင်က ထိုင်းနိုင်ငံက သူ့သဘောနဲ့သူ ကြားဝင် ဆောင်ရွက်ခဲ့တဲ့ကိစ္စကို ဥပမာပေးပြီး လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က ကြေညာချက် ထုတ်ပြန် ဝေဖန်ထားပါတယ်။

Your browser doesn’t support HTML5

တာဝန်သက်တမ်းမကုန်ခင် မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားကို APHR တိုက်တွန်း