မြန်မာပြည်ဟာ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံထဲမှာ ပါဝင်တာမို့ ဆင်းရဲနွှမ်းပါးမှုနှုန်း လျှော့ချနိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမယ်လို့ သမ္မတဦးသိန်းစိန်က (၂၀၁၃) မှာ ပြောပါတယ်။ သမ္မတသက်တမ်း (၅) နှစ်မှာ တတ်နိုင်သမျှ ကြိုးစားပေမယ့် နှစ်ပေါင်းများစွာ နက်ရှိုင်းလာတဲ့ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ဆိုတာ စိတ်ကူးယဉ်ချက်လို ဖြစ်နေပါတယ်။ စီးပွားရေး တိုးတက်မှုနှုန်းကို လေ့လာတွက်ချက်ပြီး တိုင်းပြည်အခြေအနေကို အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ အကဲဖြတ်ကြပါတယ်။ ဒါပေမဲ့ ဆင်းရဲသား လူတန်းစားရဲ့ဘဝကို လေ့လာဆန်းစစ်ပြီး လူမှုအခြေအနေကို သုံးသပ်တာမျိုးက နည်းပါတယ်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကထုတ်တဲ့ (၂၀၁၅) လူ့တိုးတက်မှုအစီရင်ခံစာ Human Development Report ကိုကြည့်ရင် အာဆီယံ (၁၀) နိုင်ငံမှာ မြန်မာပြည်သားတွေဟာ အောက်ဆုံးအဆင့်မှာပဲ ရှိနေသေးတာကို တွေ့နိုင်ပါတယ်။ လားအို နဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေဟာ မြန်မာပြည်သားတွေထက် သာနေပါတယ်။ အသက်မွေးကျောင်းမှုအတွက် ပြည်သူတွေ ဘယ်လောက် စွမ်းဆောင်နိုင်သလဲဆိုတာကို လေ့လာပြီး၊ လူ့တိုးတက်မှုကို အကဲဖြတ်ပါတယ်။ ဒါကြောင့် တိုင်းပြည် အသားတင်ထုတ်လုပ်မှု တိုးပွားလာတိုင်း ပြည်သူလူထုဘဝ တိုးတက်ကောင်းမွန်လာတာ မဟုတ်ကြောင်း သိနိုင်ပါတယ်။
လူ့အဖွဲ့အစည်းရဲ့ ရေရှည်တိုးတက်ဖွံ့ဖြိုးမှု အလားအလာကို တိုင်းတာဖို့အတွက် လူ့တိုးတက်မှုအညွှန်း Human Development Index ကို ကုလသမဂ္ဂ က ထုတ်ဝေပါတယ်။ အခြေခံ (၃) ခုမှာ တိုးတက်မှု ဘယ်လောက်ရှိတယ်ဆိုတာကို ဆန်းစစ်လေ့လာတာ ဖြစ်ပါတယ်။ ကျန်းမာစွာ နေထိုင်နိုင်မှု၊ ပညာသင်နိုင်မှု နဲ့ လူနေမှု အဆင့်အတန်း ကောင်းမွန်မှုစတဲ့ အခြေခံ (၃) ခုကိုကြည့်ပြီး လူ့တိုးတက်မှုကို တိုင်းတာပါတယ်။ ဘယ်လောက် အသက်ရှည်တယ် ဆိုတာကိုကြည့်ပြီး ကျန်းမာရေးဘဝကို တိုင်းတာပါတယ်။ လူငယ်တွေ ပညာသင်ကြားတဲ့ကာလကိုကြည့်ပြီး ပညာရေး တိုးတက်မှုကို အကဲဖြတ်ပါတယ်။ လူနေမှု အဆင့်အတန်းကိုတော့ တိုင်းပြည်ရဲ့ နှစ်စဉ်ဝင်ငွေမှာ အခြေခံပြီး တိုင်းတာပါတယ်။ ဒီ (၃) ချက်ကို အခြေခံပြီး နိုင်ငံပေါင်း (၁၈၈) နိုင်ငံကို လေ့လာတဲ့အခါ မြန်မာက အဆင့် (၁၄၈) မှာ ရှိနေပါတယ်။
မြန်မာ့အထက်မှာ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါလ်၊ လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ ရှိပါတယ်။ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ အီရတ်၊ ဆီရီးယား နဲ့ လစ်ဗျား တို့ဟာ မြန်မာထက် အများကြီးသာနေပါတယ်။ မြန်မာ့ထက် အဆင့်နိမ့်တဲ့ နိုင်ငံ (၄၀) ဟာ အာဖရိကနိုင်ငံတွေနဲ့ ကျွန်းနိုင်ငံလေးတွေ ဖြစ်ပါတယ်။ မြန်မာပြည်သားရဲ့ ပျှမ်းမျှသက်တမ်းဟာ (၆၅) နှစ်သာရှိပြီး၊ ပညာသင်ကာလ က (၈) နှစ်သာရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အစီရင်ခံစာအရ (၂၀၁၅) မှာ လူတဦးချင်းရဲ့ ဝင်ငွေဒေါ်လာ (၁၂၆၉) ရှိကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလွဲရင် အိမ်နီးချင်းနိုင်ငံတွေရဲ့ တဦးချင်းဝင်ငွေဟာ မြန်မာထက်သာနေတာ တွေ့ရပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာလည်း မြန်မာနိုင်ငံသားတွေက ဝင်ငွေအနည်းဆုံး ဖြစ်နေတာကြောင့် လူ့တိုးတက်မှု နိမ့်ကျတဲ့အဆင့်မှာ ရှိပါတယ်။
သယံဇာတ ကြွယ်ဝမှုကိုကြည့်ပြီး တိုးတက်ဖွံ့ဖြိုးဖို့ အလားအလာ ရှိတာကို ထောက်ပြကြပေမယ့် မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးအဆင့်မှာပဲ ရှိနေပါတယ်။ အာဆီယံ (၁၀) နိုင်ငံမှာ သက်တမ်းအတိုဆုံးနဲ့ ကလေး အသေအပျောက် အများဆုံးဟာ မြန်မာပြည် ဖြစ်ပါတယ်။ စစ်အစိုးရ မတက်မီက မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုနှုန်းဟာ ထိုင်းနဲ့ မလေးရှားတို့နဲ့ တန်းတူရည်တူ ဖြစ်ခဲ့ပေမယ့် အခုတော့ လာအို နဲ့ ကမ္ဘောဒီးယားကိုတောင် မီဖို့ခက်နေပါတယ်။ နှစ်ပေါင်းများစွာ နိုင်ငံရေး၊ စီးပွားရေးကို စစ်ဗိုလ်ချုပ်တွေ ချုပ်ကိုင်ပြီး စစ်ရေးကို ဦးစားပေးနေတာမို့ လူ့တိုးတက်မှုအဆင့် နိမ့်ကျပြီး ဆင်းရဲတွင်းနက် နေရတာကို (၂၀၁၄) နိုဝင်ဘာလထုတ် Ending Poverty and Boosting Shared Prosperity ဆိုတဲ့ ကမ္ဘာ့ဘဏ်အုပ်စုက ရေးသားပြုစုတဲ့ (၇၁) မျက်နှာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာ့လူဦးရေ (၄၀) ရာခိုင်နှုန်းဟာ အလွန်ဆင်းရဲကြပြီး အများစုဟာ ကျေးလက်ဒေသမှာ နေထိုင်ကြပါတယ်။ ပဋိပက္ခ ဖြစ်တဲ့ဒေသမှာ ဆင်းရဲသား ပိုများပါတယ်။ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်မှာ လူဦးရေ (၇၅) ရာခိုင်နှုန်းဟာ ဆင်းရဲသားတွေ ဖြစ်ကြပါတယ်။ ဆင်းရဲသား (၃) မျိုး (၃) စား ရှိတယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုက ဆိုပါတယ်။ ပထမအမျိုးက ပညာမရှိ၊ ငွေရင်းမရှိဘဲ ကျေးလက်ဒေသမှာ စိုက်ပျိုးရေးလုပ်တဲ့ ဆင်းရဲသားလူတန်းစား ဖြစ်ပါတယ်။ ဒုတိယက ကျေးလက်ဘဝကို လွတ်မြောက်အောင် ကြိုးစားရင်း မြို့အနီးကို ရောက်လာတဲ့ ကြားကာလ ဆင်းရဲသား ဖြစ်ပါတယ်။ တတိယကတော့ စီးပွားရေးလှုပ်ရှားမှုမှာ ပါဝင်ခွင့်မရကြတဲ့ အပယ်ခံ ဆင်းရဲသား လူတန်းစား ဖြစ်တယ်လို့ ဆိုပါတယ်။
အလုပ်သမား အင်အားသုံးတဲ့လုပ်ငန်း တိုးပွားလာရင် ရိုးရာဆင်းရဲသား နဲ့ ကြားကာလ ဆင်းရဲသားဦးရေ ကျဆင်းသွားနိုင်ပါတယ်။ အပယ်ခံ ဆင်းရဲသားကတော့ စီးပွားရေးလှုပ်ရှားမှုတွေ နဲ့ အဆက်အသွယ် သိပ်ရှိတာ မဟုတ်တဲ့အတွက် သူတို့အတွက် သီးသန့်စီမံချက်တွေ အကောင်အထည်ဖော်နိုင်မှသာ ဆင်းရဲမှု သက်သာလိမ့်မယ်လို့ ဆိုပါတယ်။ ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းတွေက ဦးဆောင်လို့ တိုးတက်မှုရှိလာမှသာ အလုပ်အကိုင်ပေးနိုင်မှာဖြစ်ပြီး ဆင်းရဲမှုကို လျော့နည်းစေနိုင်ပါတယ်။ ဆင်းရဲသားရဲ့ အခြေအနေ၊ အထူးသဖြင့် နယ်စပ်ဒေသက ဆင်းရဲသားကို လေ့လာပြီး နားလည်သဘောပေါက်အောင်လုပ်ဖို့ လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ဆင်းရဲမှု ပပျောက်ရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။