မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်တာ ကာလအတွင်း ဥပဒေမဲ့ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်တာတွေ ဆက်တိုက် ပြုလုပ်နေတဲ့အတွက် မြန်မာ့အရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို အရှိန်မြင့် လုပ်ဆောင်ကြဖို့ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
"စစ်အာဏာသိမ်းပြီး ၂ နှစ်ကြာ စစ်တပ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေတာတွေရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု လိုအပ်နေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇန်နဝါရီ ၃၀ ရက်၊ ဒီကနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း လူပေါင်း ၃,၀၀၀ နီးပါးသေဆုံးခဲ့ပြီး ၁.၅ သန်းဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသလို၊ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသား ၁၃,၀၀၀ ဟာလည်း လူမဆန်စွာ ပြုမူဆက်ဆံခံနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီက လူ ၄ ဦးကို ကွပ်မျက် သတ်ဖြတ်လိုက်ပြီး နောက်ထပ် အနည်းဆုံး ၁၀၀ လောက်ဟာလည်း သေဒဏ် ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီလို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာတွေအပြင် ကလေးငယ်ပေါင်း ၇.၈ သန်းဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြတယ်လို့ Amnesty International အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်ချုပ်မှုကို ဆန့်ကျင်သူ၊ ဆန့်ကျင်တယ်လို့ ယူဆခံရသူမှန်သမျှကို စစ်ကောင်စီက အကြမ်းဖက် နှိပ်ကွပ်နေတဲ့အတွက် နိုင်ငံတဝန်း အကြောက်တရားမိုးပြီး လေကြောင်းနဲ့ ကုန်းကြောင်း နှစ်သွယ်ကနေ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်ဆိုတာကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ အဲဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေနိုင်တာဟာ နိုင်ငံတကာရဲ့ တုန့်ပြန် ဆောင်ရွက်မှု အားနည်းနေတဲ့အတွက်ဖြစ်တယ်လို့ Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ဒီကနေ့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
[Unicode]