Khoshoggi သတ်ဖြတ်မှု သံသယရှိသူ ကန် အရေးယူ

ဆော်ဒီသတင်းထောက်ကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသူ ဆော်ဒီ အရာရှိ ၁၇ ဦးကို ဒဏ်ခတ်အရေးယူကြောင်း ထုတ်ပြန်ခဲ့တဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin

တူရကီနိုင်ငံ Istanbul မြို့တော်က ဆော်ဒီကောင်စစ်ရုံးမှာ ဆော်ဒီသတင်းထောက် Jamal Khashoggi ကို သတ်ဖြတ်မှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံရသူ ဆော်ဒီနိုင်ငံသား ၁၇ ဦးကို အမေရိကန်ပြည်ထောင်စုက အရေးယူ လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

အရေးယူခံရသူတွေထဲမှာ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman ရဲ့ ထိပ်တန်း လက်ထောက် အရာရှိဟောင်း Saud al-Qahtani အပြင် ဆော်ဒီကောင်စစ်ဝန် ဗိုလ်ချုပ်ကြီး Mohammed Alotaibi တို့လည်း ပါဝင်ပါတယ်။

အခု အရေးယူဒဏ်ခတ် ခံရသူတွေဟာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပြီး အလုပ်လုပ်နေသူ သတင်း ထောက်ကို ပစ်မှတ်ထားပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့လုပ်ရပ်အတွက် အကျိုးဆက်ကို ရင်ဆိုင်ရမှာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က ကြာသပတေးနေ့ ထုတ်ပြန် တဲ့ ကြေညာချက်မှာပြောကြားခဲ့ပါတယ်။

ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်သူတွေနဲ့ အဂတိလိုက်စားသူတွေ အပေါ်ပစ်မှတ်ထားအရေးယူတဲ့ Global Magnitsky လူ့အခွင့်ရေးဆိုင်ရာ ဥပဒေအရ ဆော်ဒီနိုင်ငံသား ၁၇ ဦးကို အရေးယူ ဒဏ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဆော်ဒီအာရေဗျ အပေါ် အမေရိကန်က ရှားရှားပါးပါး အရေးယူမှု ဖြစ်တာကြောင့် အံ့အားသင့်စေတဲ့ အရေးယူဒဏ်ခတ်မှုလည်း ဖြစ်ပါတယ်။

ဒီသတင်းထောက် သေဆုံးမှုမှာ တာဝန်ရှိနေသူတွေကိုဆက်လက်ရှာဖွေ ဖေါ်ထုတ်သွားမှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Mnuchin ကပြောပါတယ်။

Your browser doesn’t support HTML5

Khoshoggi သတ်ဖြတ်မှု သံသယရှိသူ ကန် အရေးယူ