မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် ကျေးရွာသားတချို့ သေဆုံးကြောင်း ဒေသခံတွေက ပြောပါတယ်။ ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် လုံခြုံရေးအတွက်လည်း ဒေသခံတွေ စိုးရိမ်နေကြတာပါ။ စစ်ရေးပဋိပက္ခအတွင်း ဒေသခံတွေ ထိခိုက်မှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။
ဆောမြို့နယ်၊ တောမကျေးရွာမှာ မနေ့ညက စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် ၇ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ချိန် မဟုတ်ဘဲ လေကြောင်းက တိုက်ခိုက်ခံခဲ့ရတာကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့လည်း ကိုယ်တိုင်ကြုံခဲ့ရသူလည်းဖြစ်၊ တိုက်ခိုက်ခံရမှုအတွင်း ဆွေမျိုးသားချင်း ဆုံးရှုံးခဲ့ရသူလည်းဖြစ်တဲ့ ဒေသခံတယောက်က ပြောပါတယ်။
"သေဆုံးက ၇ ယောက်ခင်ဗျ။ ဒဏ်ရာရတာက ၄ ယောက်။ စိုးရိမ်ရတဲ့သူတယောက်က ရင်ဘတ် အဆုတ်ကိုထိထားတဲ့သူ တယောက်ရှိတယ်ပေါ့နော်။ အသက်ကြီး အမျိုးသမီးကြီးလည်းရှိတာပေါ့။ ၂ ယောက်က ဆေးရုံက မသွားရရင် အခြေအနေ မကောင်းဘူးလို့ ကြားနေရတယ် လောလောဆယ် လက်ရှိမှာ။ တိုက်ပွဲလည်းမရှိဘူး။ ဘာမှလည်းမရှိဘူး။(ပျက်စီးတာ) နေအိမ်က ၈ လုံး မီးလောင်တာနဲ့ဆို ၁၀ လုံးကျော်တာပေါ့။ မီးလောင်တာ ၃ အိမ်နဲ့ဆိုတော့။ တစစီကောက်မရတဲ့ထဲမှာ ကျွန်တော့်အိမ်လည်းပါသွားတယ်။ ကျွန်တာ် အဒေါ်လည်း ပါသွားတာပေါ့။ ကျွန်တော့် ယောက်ဖလည်း ပါသွားတယ်။ ကျွန်တာ့်အိမ်ရှေ့တည့်တည်က ၅ ပေ အကွာလောက်မှာ ကျသွားတာ။ စိတ်တော့ မကောင်းဘူးပေါ့။ ကျွန်တော်လည်း စိတ်ကို ခိုင်ခိုင်ထားရတာပေါ့။ အိမ်လည်းနေစရာမရှိဘူ။ ကျွန်တော်တို့ဆိုလည်း အပြင်မှာ ထွက်နေရတယ်။ အိမ်ပြန်ရအောင်လည်း အိမ်က မရှိတော့ဘူးလေ။ ပျက်စီးသွားတော့ ဘယ်လိုပြောမလည်း အိုးမဲ့အိမ်မဲ့လို့ ဖြစ်သွားတာ။"
စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေ ရုတ်တရက် ရောက်လာပြီး တိုက်ခိုက်ခံခဲ့ရတာကြောင့် ဘေးလွတ်ရာ တိမ်းရှောင်ဖို့ အချိန်မရနိုင်ခဲ့ဘူးလို့လည်း စစ်ရှောင်ဒုက္ခသည်တွေကို အကူအညီပေးနေသူ တယောက်က ပြောပါတယ်။
"ဗုံးခိုကျင်းတွေလည်း တူးထားပါတယ်။ အသိပညာပေးတာတွေလည်း လုပ်တယ် ဗုံးခိုကျင်းတွေလည်း တူးခိုင်ထားတယ်။ အဆင်သင့် နေရာယူထားတာ။ လေကြောင်းသတင်းက လိုင်းဖြတ်ထားတာတွေလည်း ပါတာပေါ့နော်။ ကျွန်မတို့က တယောက်နဲ့ တယောက် မချိတ်ဆက်မိတော့ဘူးပေါ့။"
မေ ၉ ရက်ကလည်း ဆောမြို့နယ် ကျောက်ထုတိုက်နယ်ထဲက အကြည်ပန်းပလွန်း ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၅ ဦးထက်မနည်း သေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုတကြိမ်ဟာ ဆောမြို့နယ်မှာ သီတင်း ၁ ပတ်အတွင်း ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံခဲ့ရတာပါ။ မေလ ၉ ရက်နေ့က တိုက်ခိုက်မှုမှာလည်း လူ ၂၀ ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဆောမြို့နယ်က လေကြောင်းတိုက်ခိုက်မှု သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
တောမကျေးရွာဟာ ဒီတကြိမ်တိုက်ခိုက်ခံရတာ ဒုတိယအကြိမ် တိုက်ခိုက်ခံရတာဖြစ်ပြီး ၂၀၂၂ ခုနှစ်ကလည်း တောမကျေးရွာအနီးမှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က တောမကျေးရွာနဲ့ တောမကျေးရွာအနီးကို လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။ လေကြောင်းတိုက်ခိုက်တာကြောင့် တောမကျေးရွာ ဒေသခံတွေဟာ ကျေးရွာထဲ မနေရဲဘဲ တောတောင်တွေထဲမှာ တိမ်းရှောင်နေရပြီး နောက်ထပ် လေကြောင်းတိုက်ခိုက်လာမှာကိုစိုးရိမ်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။
Your browser doesn’t support HTML5