စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း နေရပ်စွန့်ခွာသူများပြား

နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ မြန်မာဂျက်လေယာဉ်များ (ဇန်နဝါရီ ၄၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း ပြည်တွင်းလက်နက်ကိုင် အခြေအနေတွေနဲ့ နယ်မြေမတည်ငြိမ်တာတွေကြောင့် ဒေသခံတွေက သူတို့ရဲ့နေရပ်ဆီ ပြန်နိုင်ဖို့ ခက်နေပါတယ်။ ဒေသအတွင်းမှာ ထိတွေ့တိုက်ပွဲတွေ မရှိတော့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကို ကြောက်လန့်နေကြတုန်းပဲလို့ ရှောင်တိမ်းနေသူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ပြည်တွင်းလက်နက်ကိုင် အခြေအနေတွေကြောင့် နေရပ်စွန့်ခွာရသူတွေ တစထက်တစ များလာပါတယ်။ တချို့က တိုက်ပွဲတွေကို ရှောင်ရှားရင်း အိုးအိမ်စွန့်ခွာလာတာ အချိန်ကာလ ကြာလာပေမယ့် နေရပ်ကို ပြန်နိုင်ဖို့ ခက်ခဲနေဆဲပါ။

ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးရှောင်တချို့။ (ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ကနေ ဘေးလွတ်ရာဆီ ထွက်ပြေးလာသူ တဦးက သူနေထိုင်တဲ့ ရွာမှာ တိုက်ပွဲတွေ မရှိတော့တာ ကြာပြီဆိုပေမယ့် အနီးဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေက အမြဲလိုလို ရှိနေပြီး၊ အခုချိန်ထိ ရွာမပြန်ရဲဘူးလို့ ပြောပါတယ်။

"လေယာဉ်လာတာ တခါတလေဆို ဗုံးတွေလာပြီး ကျဲတာပေါ့နော်။ အဲဒါကိုလည်း ကြောက်တယ်။ နောက်ပြီးတော့ ဟိုဘက်ကနေလည်း လက်နက်ကြီးတွေကျတယ်၊ လက်နက်ကြီးတွေ ပစ်တာပေါ့နော်။ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေလည်း ရှိတယ်။ ရွာလည်း မပြန်ရဲဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်နဲ့ နေ့တိုင်းလာတယ်၊ လက်နက်ကြီးတွေလည်း နေ့တိုင်းပစ်နေကြတော့ မပြန်ရဲကြဘူးရှင့်။"

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေနဲ့ လူနေအိမ်တွေ အပါအဝင် ဘာသာရေး အဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေလည်း ထိခိုက်ပျက်စီးတာတွေ ရှိနေပြီး၊ ဒါတွေကို ပစ်မှတ်ထားမတိုက်ခိုက်ဖို့ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

အခု မေလ ၅ ရက်နေ့တုန်းကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က မာလ်ဆောမ် ကျေးရွာမှာရှိတဲ့ ဘုရားကျောင်းတခု ပျက်စီးခဲ့ပြီး၊ ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ချင်းလူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းကာလအတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၄၀ နီးပါး ပြုလုပ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးရှိနေတဲ့ ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းလည်း တခုအပါအဝင် ဖြစ်ပါတယ်။ တိုက်ပွဲမရှိပေမယ့်လည်း ရွာတွေထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်လာပြီး နယ်မြေရှင်းလင်းတာ ရှိသလို၊ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာတော့ အခု မေလထဲမှာ လေကြောင်းပစ်ခတ်မှု ၂ ကြိမ် ခံခဲ့ရတယ်လို့ ကနီမြို့နယ်၊ နွေဦးတော်လှန်ရေး သပိတ်အင်အားစု ဦးဆောင်သူတဦးက ပြောပါတယ်။

မေလ(၁၅)ရက်နေ့က စစ်ကောင်စီတပ် မီးရှို့သွားတဲ့ ယင်းမာပင်နယ်တွင်း- ရွာသာကျေးရွာနဲ့ နှောရိုးကျေးရွာ မီးလောင်ပြင် မြင်ကွင်း။ ( Photo: Courtesy)

"ဒီလအတွင်းမှာ လေကြောင်းပစ်ခတ်မှု ၂ ကြိမ်။ ပစ်ခတ်တဲ့ပုံစံက PDF တွေရှိတယ်လို့ ထင်တဲ့နေရာတွေနဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေ၊ စာသင်ကျောင်းတွေကို အဓိက ရည်ရွယ်ချက်ရှိရှိ ပစ်သွားတာမျိုး တွေ့ရတယ်။ အဲဒီလိုမျိုးဖြစ်ရပ်တွေ ထပ်ပြီးတော့မှ ဖြစ်မလာနိုင်ဘူးလို့ ကျနော်တို့ ဒေသမှာလည်း မပြောနိုင်သလို၊ တခြားဒေသ တွေမှာလည်းပဲ မပြောနိုင်ဘူး။ အဲအတွက်ကြောင့်မို့လို့ နေရပ်စွန့်ခွာပြီးတဲ့အခါမှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေက ကျနော်တို့ ကနီမြို့နယ်အတွင်းမှာ ရာချီပြီးတော့မှ လတ်တလော အနေအထားမှာ ရှိပါတယ်။"

ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဘယ်နေရာတွေမှာမဆို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကြုံနေရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစု လိုက်အပြုံလိုက် သေဆုံးတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာပါ။

အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ လက္ခဏာတွေဖြစ်ပြီး၊ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကလည်း မြန်မာစစ်တပ်အပေါ် သတိပေးထားပါတယ်။