[[Zawgyi/Unicode]]
ရခိုင်ပြည်နယ် တောင်ပိုင်းက မြို့နယ်တချို့မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး မြန်မာစစ်တပ်ဘက်ကဖမ်းဆီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒေသခံတွေ ဒီရက်ပိုင်းမှာတိုးလာနေကြောင်း ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ရမ်းဗြဲမှာဆိုရင် ဒီလအတွင်း ဒေသခံ ၂၀ နီးပါးအထိ ဖမ်းဆီးခံထားရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေက ပြောပါတယ်။ ဒါ့အပြင် တခြားမြို့နယ်တွေမှာလည်း အလားတူ ဖမ်းဆီးမှုတွေရှိနေတာပါ။ ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးမှုအခြေအနေ ရန်ကုန်ကသတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်ကြား တကြော့ပြန်တိုက်ပွဲတွေ ပြင်းထန် လာတာနဲ့အမျှ စစ်ကောင်စီဘက်က AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဒေသခံတွေကိုတိုးပြီး ဖမ်းဆီးနေတာပါ။ ဖမ်းဆီးခံရသူတွေထဲမှာ ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆရာဝန်တွေနဲ့ ဒေသခံ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ပါတယ်။
ရခိုင်တောင်းပိုင်းက ရမ်းဗြဲမြို့ပေါ်မှာဆိုရင် ဒီလအတွင်းမှာပဲ ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူ ၂၀ နီးပါးရှိတယ်လို့ ဖမ်းဆီးခံရသူတွေကို စာရင်းပြုစုထားတဲ့ ရမ်းဗြဲမြို့ခံတဦးက ပြောပါတယ်။
“ဒီလအတွင်းမှာဆိုရင် ပထမ ဧည့်စာရင်းစစ်တယ်ဆိုပြီးတော့ ပထမ ပြည်သူနှစ်ယောက်ကို ဖမ်းဆီးသွားပါတယ်။ သီတင်းကျွတ်လပြည့်နေ့ကလည်း ရမ်းဗြဲကို ပစ္စည်းလာဝယ်တဲ့ ပြည်သူလေးယောက်ကို ဖမ်းဆီးသွားတယ်။ ပြီးတော့ ပြီးခဲ့တဲ့ စနေနေ့ကလည်း နေ့ခင်းဘက် စစ်ဆေးရေးလုပ်တယ်ဆိုပြီးတော့ ဝပ်ရှော့တခုကို ဝင်ရောက်ပြီးတော့ အဲမှာကားလာပြင်တဲ့သူတွေကော အဲနားပတ်ဝန်းကျင်ကလူတွေကို သိမ်းကျုံးဖမ်းသွားတာနဲ့ဆိုရင် ၁၆ ယောက်ကနေ ၁၈ ယောက်အထိတော့ရှိပြီ။ သူတို့ဖမ်းဆီးထားတာ။”
ဖမ်းဆီးခံထားရသူတွေထဲမှာ ပြီးခဲ့တဲ့ စနေနေ့က ဖမ်းဆီးခံထားရတဲ့ အသက် ၂၀ အရွယ် မောင်နိုင်လင်းဦးလည်းပါဝင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ စစ်ကောင်စီက သူ့အဖေကိုလာဖမ်းတဲ့အချိန် အဖေမရှိတာကြောင့် သားဖြစ်သူမောင်နိုင်လင်းဦးကို ဖမ်းဆီးသွားတာဖြစ်ပြီး အခုအချိန်ထိ အဆက်အသွယ်မရသေးဘူးလို့လည်း ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တဦးကပြောပါတယ်။
“လောလောဆယ်တော့ သူနဲ့ အဆက်အသွယ်မရသေးဘူးခင်ဗျာ။ သူ့ကိုဖမ်းသွားတာကတေ့ ၁၅ ရက်နေ့ နေ့လယ်ပိုင်း နှစ်နာရီခွဲ သုံးနာရီဝန်းကျင်လောက်မှာ အိမ်ကို လာ ဝိုင်းပြီးတော့ ဖမ်းတာပါခင်ဗျာ။ သူ့ကို အဓိကဖမ်းတာမဟုတ်ဘူး။ သူ့အဖေကိုလာရှာတာ၊ သူ့အဖေမရှိတော့ အိမ်မှာရှိတဲ့ သူ့ကိုဖမ်းသွားတယ်။ ပြီးတော့ သူ့အဖေရဲ့ဖုန်းရယ်၊ သူ့အမေဖုန်းတွေကိုလည်း သိမ်းသွားတယ်။ စစ်တပ်က ဖမ်းသွားတာ ဒီနေ့သုံးရက် မြောက်ဆိုတော့ သူနဲ့အဆက်အသွယ်လည်းမရဘူး။ တွေ့ခွင့်လည်းမရှိဘူးဆိုတော့ သူ့အတွက် အရမ်းစိုးရိမ်ပါတယ်။ သူ့ကို မတရားနှိပ်စက်မှာ သတ်ပစ်မှာကို အရမ်းစိုးရိမ် ပါတယ်။”
လက်ရှိမှာလည်း ရမ်းဗြဲမြို့ပေါ်မှာ မြန်မာစစ်တပ်က နေအိမ်တွေကို ဝင်စစ်တာတွေနဲ့ လမ်းဆုံလမ်း ဂွတွေမှာ စစ်ဆေးတာတွေလုပ်နေပါတယ်။ မြို့ခံတွေအနေနဲ့ စိုးရိမ် ကြောက်လန့်နေကြတဲ့အကြောင်း ရမ်းဗြဲမြို့ခံတဦးက ပြောပါတယ်။
“ကျနော်တို့ ပြောချင်တာက AA ဆိုတာလည်း မြို့ထဲမှာ စခန်းရှိတာလည်းမဟုတ်ဘူး။ မြို့နဲ့ ဘယ်လောက်မှ မဝေးတဲ့နေရာမှာ AA ရှိတယ်ဆိုတာ သူတို့လည်းသိတာပဲ။ စစ်သား စစ်သားချင်းဖြေရှင်းမှုမလုပ်ဘဲနဲ့ ဘာမှ လက်နက်မရှိတဲ့ အရပ်သားပြည်သူတွေအပေါ်မှာ ပစ်မှတ်ထားပြီးတော့ ဒီလိုမျိုးတွေလုပ်နေတယ်ဆိုတာ သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ ကျနော်တို့ မြင်မိပါတယ်။”
ရခိုင်တောင်ပိုင်းက တောင်ကုတ်မြို့နယ်မှာလည်း စီးပွားရေးလုပ်ငန်းရှင် ၃ ဦးကို ဒီရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီက ဖမ်းဆီးထားသလို ကျောက်ဖြူအပါဝင် စစ်တွေနဲ့ တခြားမြို့နယ်တွေမှာလည်း ဒေသခံတော်တော်များများကို AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး စ်စကောင်းစီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
ရခိုင်အရေးကျွမ်းကျင်သူ တဦးဖြစ်တဲ့ ဦးဖေသန်းကတော့ ရခိုင်ပြည်သူတွေအကြား AA အဖွဲ့အပေါ် ထောက်ခံမှုမရှိအောင် စစ်တပ်ဘက်က ခြောက်လှန်တဲ့နည်းကို သုံးနေတာလို့ မြင်တဲ့အကြောင်း သုံးသပ်ပြောဆိုပါတယ်။
“သူတို့ကတော့ အစိမ်းရော အကျက်ရော အကုန်လုံးကို ဖမ်းနေတာပါပဲ။ ပတ်သက်တဲ့ သူတွေလည်းရှိမယ်၊ သံသယရှိတဲ့သူတွေလည်းရှိမယ်။ ဒါက ပြည်သူလူထုကို သတ်သတ်ခြိမ်းခြောက်ပြီးတော့ အကြပ်ကိုင်တဲ့သဘော ပြန်ပေးဆွဲတဲ့သဘော သူတို့ကို ခြိမ်းခြောက်တဲ့သဘော၊ အဲလိုလုပ်နေတဲ့သဘော အများကြီးပါ။ နောက်တခါ ULA/AA ကြောင့် မင်းတို့ ဒီလိုခံရတယ်ဆိုပြီးတော့ တဘက်လှည့် ရန်တိုက်ပေးနေတာလည်းဖြစ်တယ်၊ အဲလိုအခြေအနေတွေ တောက်လျှောက်ကျင့်သုံးလာတာကို ကျနော်တို့ တွေ့ရပါတယ်။”
အခုလို ရခိုင်ပြည်နယ်မှာ ဒေသခံတွေ စီးပွားလုပ်ငန်းရှင်တွေ၊ လူမှုကူညီရေးလုပ်နေသူတွေကို စစ်ကောင်စီက ဖမ်းဆီးနေတယ်ဆိုတဲ့ မိသားစုဝင်တွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရဘက်က တုံ့ပြန်ချက်ကိုတော့ မရသေးပါဘူး။ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
Your browser doesn’t support HTML5
--------------
[[Unicode]]