အခက်အခဲကြုံနေတဲ့ ရခိုင်က ဒုက္ခသည်စခန်းများ 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က ဒုကသည်စခန်းတခုမှာ ကမန်မိခင် ချက်ပြုတ်ပြင်ဆင်နေစဉ် ကစားနေတဲ့ ကလေးများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ရခိုင်မြောက်ပိုင်းက မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာမလုံလောက်တာ၊ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့ အခက်အခဲတွေ ကြုံနေကြရပါတယ်။ လူဦးရေ တသောင်းကျော်လောက်နေထိုင်တဲ့ပေါက်တောမြို့နယ် ငှက်ချောင်း မွတ်ဆလင် ဒုက္ခသည်စခန်းမှာဆိုရင်လည်း နာမကျန်းသူတွေအများအပြားဟာ ဆေးကုသခွင့်မရဖြစ်နေကြတယ်လို့ စခန်းတာဝန်ခံကပြောပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားတာကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှုတွေရှိလာနေသလို ကျန်းမာရေးအတွက် ဆေးဝါးကုသမှုတွေရဖို့ ခက်ခဲနေကြတယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်း ပြည်တွင်း ပြည်ပက အကူအညီပေးနေတဲ့ အဖွဲ့တွေအပေါ် စစ်ကောင်စီက ကန့်သတ်မှုတွေ ချမှတ်နေတာကြောင့် လာရောက်ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေလည်း မရှိဘူးဖြစ်နေပါတယ်။ စစ်တွေမြို့နယ်အတွင်းက သက်ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းမှာဆိုရင်လည်း စားရိက္ခာလုံလောက်မှုမရှိတာကြောင့် ကလေးတွေ အစာအဟာရချို့တဲ့နေတယ်လို့ စခန်းတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးမောင်လေးကပြောပါတယ်။

“ကျနော်တို့ သက်ကယ်ပြင်စခန်းနဲ့ တခြားစခန်းတွေမှာ စားဝတ်နေရေးအခြေအနေက ရိက္ခာပေးတာလည်း ငွေပေးတယ်ဆိုတော့ ဆန်ဈေးတွေ၊ ကုန်ဈေးနှုန်းတွေ တအားတက်နေတော့ ပေးတာနဲ့ အဆင်မပြေဘူးလေ။ ရိက္ခာအတွက်ပေးတဲ့ ပိုက်ဆံနဲ့ပဲ မနက်စာရော၊ နေ့လည်စာရော၊ ညစာရော လုပ်နေရတော့ အဲဒါနဲ့ လုံလောက်မှုမရှိတော့ တရက်ထက်တရက် ကလေးတွေ ကျန်းမာရေးချို့တဲ့တာတွေ ပိုဆိုးလာနေတယ်။”

အဲဒီစခန်းမှာ လူဦးရေထောင်နဲ့ချီရှိနေပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လူတဦးကို တလအတွက် ငွေ ၁၉,၀၀၀ ထောက်ပံ့ပေးနေပေမယ့် ကုန်းဈေးနှုန်းတွေ အဆမတန်မြင့်တက်နေသလို တခြားအဖွဲ့တွေလည်း လာရောက်ထောက်ပံ့တာမရှိတာကြောင့် အခုလို စားဝတ်နေရေး အခက်ကြုံနေရတာဖြစ်တယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။

ဒါ့အပြင် ပေါက်တောမြို့နယ်က ငှက်ချောင်းမွတ်ဆလင်ဒုက္ခသည်စခန်းမှာလည်း စားနပ်ရိက္ခာ လာရောက်ထောက်ပံ့သူတွေနဲ့ ဆေးကုသရေးအဖွဲ့တွေကို စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် ကျန်းမာရေးအခက်အဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ငှက်ချောင်း မွတ်ဆလင်ဒုက္ခသည်စခန်းတာဝန်ခံ ဦးရွှေလှပြောပါတယ်။

“ကျနော်တို့မှာ တခြားကျန်းမာရေးကတော့ လုံးဝအဆင်ပြေမှုမရှိပါဘူး။ အရင်တုန်းကဆိုရင် MSF က ဆေးကုသမှု လာလုပ်ပေးတယ်၊ သူတို့ ဦးဆောင်ပြီးလုပ်တယ်။ အခုက အစိုးရခွင့်ပြုချက်မရလို့ သူတို့လည်းမလာနိုင်ပါ-ဆိုတော့ ကျနော်တို့ ငှက်ချောင်းစခန်းမှာ ကျန်းမာရေးကတော့ တော်တော် အခက်အခဲရှိပါတယ်။ ဒီမှာ ဆေးခန်းလည်း မရှိပါဘူး။ ဆေးရုံလည်းမရှိပါဘူး။ တော်တော်များများအခက်အခဲရှိပါတယ်။”

လူဦးရေတသောင်းကျော်လောက်နေထိုင်တဲ့ အဲဒီဒုက္ခသည်စခန်းမှာ အရင်က ကူညီထောက်ပံ့ရေးအဖွဲ့တွေ အများအပြားရှိခဲ့ပြီး လက်ရှိမှတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တဖွဲ့သာ ထောက်ပံ့နေတာပါ။ ဒါပေမယ့်လည်း ဒုက္ခသည်တွေအနေနဲ့ WFP ရဲ့ထောက်ပံ့မှုတွေနဲ့ စားဝတ်နေရေး ကျန်းမာရေးအတွက် လုံလောက်မှုမရှိတာကြောင့် တခြား ကူညီထောက်ပံ့ရေးအဖွဲ့တွေကို တာဝန်ရှိသူတွေအနေနဲ့ လွတ်လွတ်လပ်လပ်ကူညီ ထောက်ပံ့ခွင့်ပေးစေချင်တယ်လို့လည်း ဦးရွှေလှက တောင်းဆိုပါတယ်။

“ကျနော်တို့တောင်းဆိုချင်တာက MSF အဖွဲ့တွေကို အစိုးရက ခွင့်ပြုပေးစေချင်တယ်။ WFP ကို လည်း စားနပ်ရိက္ခာထောက်ပံ့ခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ပြီးတော့ INGO ၊ NGO ကျနော် တို့ စခန်းမှာ ထောက်ပံ့နေကြတဲ့ တခြားအဖွဲ့အစည်းတွေရှိတယ်။ အဲဒီအဖွဲ့တွေကိုလည်း သူတို့ ကို လာစေချင်တယ်။ သူတို့က အစိုးရခွင့်ပြုချက်မရလို့ တဖွဲ့မှမလာကြဘူးလို့ ပြောပါတယ်။”

ရခိုင်ပြည်နယ်တွင်း မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ဒုက္ခသည်အများစုဟာ နိုင်ငံသားစိစစ်ရေးကဒ်မရှိတာကြောင့် စခန်းကနေ ပြင်ပထွက်ဖို့ ခက်ခဲသလို ခရီးသွားလာခွင့်တွေပါ ပိတ်ပင်ခံနေရတာပါ။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တကြော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့နောက်ပိုင်းမှာ ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့မှာ ခရီးသွားခွင့်နဲ့ အထောက်အပံ့ကူညီခွင့်တွေ ကန့်သတ်ပိတ်ပင်ခံခဲ့ရပါတယ်။ စစ်ကောင်စီရဲ့ပိတ်ပင်ကန့်သတ်ချက်တွေကြောင့် ရှိပြီးသား ရခိုင်မြောက်ပိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေအပါအဝင် ဒေသခံတွေဟာ စားဝတ်နေရေးပိုခက်ခဲလာခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးအတွက် နားလည်မှုနဲ့ အပစ်ရပ်ထားပေမဲ့ ရခိုင်မြောက်ပိုင်းမှာ ကူညီထောက်ပံ့သူတွေအနေနဲ့ အခက်ကြုံနေရဆဲဖြစ်တယ်လို့ ကူညီထောက်ပံ့ရေး အဖွဲ့တွေကပြောဆိုကြပါတယ်။

Your browser doesn’t support HTML5

အခက်အခဲကြုံနေတဲ့ ရခိုင်က ဒုက္ခသည်စခန်းများ.mp3

=================

[[Unicode]]











