ဖမ်းဆီးခံ မြန်မာစစ်သား ၃ ယောက် ပြန်လည်လွဲှပြောင်းပေးဖို့ AA ကမ်းလှမ်း

AA army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

AA ခေါ် ရခိုင်တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အစိုးရတပ်မတော်က တပ်ဖွဲ့ဝင် ၃ ဦးကို စစ်သုံ့ပန်း ဥပဒေအတိုင်း ထိန်းသိမ်းထားပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း AA တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ယခင်က အတွေ့အကြုံနဲ့ လက်ရှိစစ်ရေးတင်းမာနေတဲ့ အခြေအနေ အရ သူတို့ကို ပြန်လည် လွဲှပြောင်းနိုင်ရေးအတွက် လတ်တလော မဆုံးဖြတ်နိုင်သေး သလို ရပ်မိရပ်ဖတွေက ကြားဝင်ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းလာရင် ဆွေးနွေး ဆုံးဖြတ်ဖို့ ရှိနေကြောင်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၂၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဘူးသီးတောင်မြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အစိုးရတပ်မတော်က တပ်ဖွဲ့ဝင် ၃ ယောက်ကို AA ခေါ် ရခိုင်တပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန် ထာဖမ်းဆီးခံ မြန်မာစစ်သား ၃ ယောက် ပြန်လည်လွဲှပြောင်းပေးဖို့ AA ကမ်းလှမ်းးပါတယ်။

လက်ရှိဖမ်းဆီးခံထားရသူတွေအတွက် အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း AA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အခုလို ပြောပါတယ်။

“သူတို့ကိုတော့ ဒီ Geneva Convention စစ်သုံ့ပန်းဥပဒေအရ ကျနော်တို့ကတော့ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားတာပါ။ သူတို့ အသက်အန္တရာယ်တွေ ဘာတွေတော့ ဘာမှ စိုးရိမ်စရာမရှိဘူး။”

ဖမ်းဆီးခံထားရသူတွေဟာ ဘူးသီးတောင်အခြေစိုက် ခလရ ၂၆၃ က ဒုတပ်ကြပ်မောင်ပြား၊ တပ်သား တနင်္လာနဲ့ တပ်သား ချစ်ရဲသူတို့ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ စစ်ရေးအခြေအနေနဲ့ ၂၀၁၅ ခုနှစ်က တပ်သား ၂ ယောက်လွဲှပြောင်းပေးဖူးတဲ့အတွေ့အကြုံအရ လက်ရှိ ထိန်းသိမ်းထားသူတွေကို ပြန်လည် လွဲှပြောင်းရေးအတွက်ကို စဉ်းစားနေဆဲရှိကြောင်းလည်း ပြောပါတယ်။

“ သူတို့ကို ဘယ်လို လုပ်မလဲဥစ္စာကတော့ အခုလောလောဆယ်တော့ တိုက်ပွဲဖြစ်နေတဲ့ ကာလဆိုတော့ နည်းနည်း ပြောဖို့တော့ အချိန်စောသေးတာပေါ့။ ၂၀၁၅ တုန်းက ဖမ်းမိတဲ့ ၂ ယောက်ကို ICRC လက်ထဲကို လွဲှပေးလိုက်တယ်။ လွဲှပေးလိုက်တဲ့အချိန်မှာ ICRC ကနေတဆင့် ဗမာစစ်တပ် လက်ထဲ ရောက်သွားတယ်။ ဗမာစစ်တပ်ကနေပြီးတော့ တယောက်ကို ထောင် ၁၀ နှစ်စီ ချလိုက်တယ်လို့ ပြောတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က သူတို့ လုံခြုံရေးအတွက်လည်း ကျနော်တို့ စဉ်းစားတာပေါ့ဗျာနော်။ ”

၂၀၁၅ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ICRC ခေါ် နိုင်ငံတကာကြက်ခြေနီအဖွဲ့က အကြီးအကဲတွေနဲ့ဆွေးနွေးပြီး ပြန်လည်လွဲှအပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာပြည် အခြေစိုက် ICRC အနေနဲ့ မြန်မာတပ်ဖွဲ့ဝင်တွေ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရတဲ့ သတင်းတွေကို ကြားသိထားရပြီး၊ ပြန်လည် လွဲှပြောင်းပေးရေး အကူအညီပေးဖို့ အသင့်ရှိနေကြောင်းလည်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

လက်ရှိ ဖမ်းဆီးထားသူ ၃ ဦးအရေးကို ရပ်မိရပ်ဖတွေက လက်ခံခေါ်ယူပေးမယ်လို့ ကမ်းလှမ်းတာမျိုးရှိရင် AA တပ်ဖွဲ့အနေနဲ့ ဆွေးနွေးဆုံးဖြတ်ဖို့ ရှိကြောင်းလည်း ခိုင်သုခက ဆက်ပြောပါတယ်။

“အဲလိုမျိုး တရားဝင် ကမ်းလှမ်းလာလို့ ရှိရင်တော့ အဲလို ကမ်းလှမ်းတဲ့ ဥစ္စာမျိုး လက်ခံရရှိလို့ ရှိရင်တော့ လက်ခံ ရရှိတဲ့အချိန်ကျမှပဲ ကျနော်တို့ ဒီ အစည်းအဝေးထိုင်ပြီးတော့ ပြန်ပြီးတော့ ဆုံးဖြတ်ရမှာပေါ့။ ”

ဘူးသီးတောင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကတော့ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး တိတိကျကျမသိရပေမဲ့ တပ်မတော်ဘက်က လက်ခံရင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့နဲ့ အဆက်အသွယ်က မရှိဘူးခင်ဗျ။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ တပ်မတော်ဘက်က လက်ခံမယ်ဆိုရင်တော့ ကျနော်တို့က။ တပ်မတော်ဘက်က သူတို့ကို ပြန်ပြီးလက်ခံနိုင်တဲ့ အခြေအနေရှိတယ်ဆိုတော့ ကျနော်တို့ကတော့ လူသားချင်းစာနာတဲ့အနေနဲ့ ကျနော်တို့ကတော့ လုပ်ပေးနိုင်တဲ့ အခြေအနေတော့ ရှိလာမှာပါ။ ”

ဒီလ ၂၀ ရက်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး အစိုးရဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။

AA တပ်ဖွဲ့ဘက်ကတော့ မေလအတွင်းမှာ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်းနဲ့ လက်ရှိမှာ တိုက်ပွဲမဖြစ်ပွားပေမဲ့ အစိုးရတပ်မတော်ဘက်က အင်အားတွေ ထပ်မံဖြည့်တင်းနေတာကြောင့် ဒေသတွင်းမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင့်တပ်မတော်က ဖမ်းဆီးထားတဲ့ မြန်မာ့တပ်မတော်သား (၃) ဦးကို လွှဲပြောင်းလက်ခံပေးရေးကိစ္စမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) က ကြားဝင်ကူညီဖို့ အဆင်သင့်ရှိကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့လည်း ပြန်လည်လွဲှပြောင်းပေးမယ့် တပ်မတော်သားတွေကို အပြစ်ပေး အရေးယူ ခံရမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ မေလ (၂၀) ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးမိခဲ့တဲ့ မြန်မာ့တပ်မတော်သား (၃) ဦးကို ပြန်လည်လွဲှပြောင်း ပေးလိုကြောင်း AA တပ်ဖွဲ့က ပြောဆိုခဲ့ပြီး နောက်မှာပဲ ICRC က ကြားဝင်ကူညီမယ့်အကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန် ကမ်းလှမ်းလိုက်တာပါ။

AA ရခိုင့်တပ်မတော်က ဖမ်းဆီးခံစစ်သားတွေကို ပြန်လည်လွဲှပြောင်းပေးလိုကြောင်း ကမ်းလှမ်းထားကြောင်း ကြားသိထားရပြီး၊ သက်ဆိုင်သူတွေ အားလုံးက လက်ခံမယ်ဆိုရင် ထိမ်းသိန်းခံ စစ်သားတွေ ပြန်လွှတ်ပေးရေး ICRC က အမြန်ဆုံး စတင်ဆောင်ရွက်ဖို့ အသင့်ရှိနေကြောင်းလည်း ICRC ရဲ့မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Fabrizio Carboni က VOA ကိုပြောပါတယ်။

“သက်ဆိုင်သူတွေ အားလုံးက ICRC ကို ကြားဝင်ဆောင်ရွက်ပေးဖို့ သဘောတူ လက်ခံပြီ ဆိုတာနဲ့ ဖမ်းဆီးခံထားရသူတွေ ရှိတဲ့နေရာကို ကျနော်တို့ အရောက်သွားပြီး လွှဲပြောင်းရေးအတွက် စီစဉ်မှာပါ။”

၂၀၁၅ ခုနှစ်တုန်းကလည်း ရခိုင့်တပ်မတော်က ဖမ်းဆီးခဲ့တဲ့ မြန်မာ့တပ်မတော်သား (၂) ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ICRC အဖွဲ့က ကြားဝင် လက်ခံ လွှဲပြောင်းပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ လွဲှပြောင်းပေးလိုက်တဲ့ တပ်မတော်သား (၂) ဦးကို ထောင် (၁၀) နှစ်စီချလိုက်တာကြောင့် ဒီလို ဖြစ်ရပ်မျိုး ကြုံရမှာကို စိုးရိမ်မှုတွေလည်း ရှိနေတာပါ။ မြန်မာနိုင်ငံဆိုင်ရာ ICRC အဖွဲ့ အကြီးအကဲကတော့ အပြစ်ပေး အရေးယူခံရမယ့် အန္တရာယ်ရှိပေမဲ့ လည်း ကာယကံရှင်တွေရဲ့ ဆန္ဒနဲ့အညီ ဆောင်ရွက်ရတဲ့အကြောင်း ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ ကြားနေအဖြစ်နဲ့ တာဝန်ယူ ဆောင်ရွက်တယ် ဆိုတာကို သဘောပေါက်ဖို့ အရေးကြီးပါတယ်။ ပြန်လွတ်လာအောင် စေ့စပ်ညှိနှိုင်းတဲ့ အလုပ်ကို မလုပ်ပါဘူး။ ဒီကိစ္စကို သက်ဆိုင်သူတွေကြားမှာ ညှိနှိုင်းရမယ့် ကိစ္စပါ။ ကျနော်တို့ လုပ်တာကတော့ ဖမ်းဆီးခံထားရသူတွေကို တဖက်အဖွဲ့ ကနေ တဖက်အဖွဲ့ကို လွဲှပြောင်းနိုင်အောင် ကူညီပေးပါတယ်။ ဒီလိုမဆောင်ရွက်နိုင်ခင်မှာလည်း ဖမ်းဆီးခံရတဲ့ သူတွေကို ပြန်ချင်သလား ဆိုတာ ရှင်းရှင်းလင်းလင်း မေးမြန်းပြီး၊ အခြေအနေကိုရှင်းပြသလို၊ နောက်ဆက်တွဲ ကြုံရနိုင်တာတွေကိုလည်း ရှင်းပြပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPPB တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကလည်း ICRC အဖွဲ့အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးတဲ့ တာဝန်ကိုသာ ဆောင်ရွက်နိုင်တဲ့အတွက် လွဲှပြောင်းပေးသူတွေကို အရေးယူခံရမယ့် အခြေအနေမျိုး ကြုံရလေ့ ရှိတတ်တယ်လို့ ပြောပါတယ်။

“ပြောရတာ တော်တော်ခက်ပါတယ်။ တိုက်ပွဲတပွဲမှာ တဘက်ရဲ့စစ်သားကို တဘက်ရဲ့အဖွဲ့က အဖမ်းခံရတယ်ဆိုလို့ရှိရင်တော့ Geneva Convention တွေအရ စစ်သုံ့ပန်း ပေါ်လစီဆိုတာ ရှိပါတယ်။ အဲဒီ စစ်သုံ့ပန်းပေါ်လစီအရ တပ်သားတွေကို အချိန်းအပြောင်းလုပ်တာတွေ၊ တဘက်ကို ပြန်ပြီး လွှဲပြောင်းပေးတာတွေ လုပ်လို့ရပါတယ်။ အဲလို လုပ်တဲ့အခါမျိုးမှာတော့ အလွှဲခံရတဲ့ တပ်သားတွေကို အရေးယူခြင်း၊ မယူခြင်းက လက်ခံတဲ့တပ်ဖွဲ့နဲ့ ပိုပြီး သက်ဆိုင်ပါတယ်။ ICRC လို အဖွဲ့မျိုးကတော့ ကြားကနေ ဒီလူတွေရဲ့ အသက်အန္တရာယ်မရှိအောင် တတ်နိုင်သမျှ ဝင်ပြီးတော့ ကူညီပေးတာမျိုး၊ အသိအသက်သေအဖြစ်နဲ့လုပ်ပေးတာမျိုး အဆင့်လောက်ပဲ သူတို့က လုပ်လို့ရမယ်လို့ ကျနော်တို့ သိထားပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲရဲ့ ဒီကနေ့ ကြေညာချက်မှာတော့ ICRC အကျဉ်းသား လွဲှပြောင်းရေးလုပ်ငန်းတွေကို ကမ္ဘာတဝန်းမှာ ဆောင်ရွက်နေသလို ကြားဝင်ကူညီနေတာသာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ဖမ်းဆီးခံ မြန်မာစစ်သား ၃ ယောက် ပြန်လည်လွဲှပြောင်းပေးဖို့ AA ကမ်းလှမ်း