ငြိမ်းချမ်းရေးညီလာခံ AA ကို ဖိတ်ကြားမည်မဟုတ်

နေပြည်တော်ရှိ ၂၁ ရာစု ပင်လုံညီလာခံ လှုံ့ဆော် ဆိုင်းဘုတ်။ (သြဂုတ် ၂၆၊ ၂၀၁၆)

[Zawgyi/Unicode]

ဒီလထဲကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ အစည်းအဝေးကို NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားဖို့ အစိုးရနဲ့ သဘောတူညီချက် ရရှိပေမဲ့ လတ်တလော တိုက်ပွဲပြင်းထန်နေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပါဝင်မှာမဟုတ်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။

၂၁ ရာစုပင်လုံ စတုတ္တအကြိမ်အစည်းအဝေးမှာ NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေကို ဖိတ်ကြားဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တောင်းဆိုခဲ့ရာမှာ အစိုးရဘက်က လက်ခံခဲ့ပေမဲ့ AA အဖွ့ဲကို ချန်လှပ်ထားခဲ့တာပါ။

လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ကို ဖိတ်ကြားမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလို ပြောပါတယ်။

SEE ALSO: ဝပြည်နယ်ဖွဲ့စည်းပုံ တပ်မတော်လက်မခံ

“လက်မှတ် မထိုးတဲ့အဖွဲ့တွေ ၇ ဖွဲ့ ဖိတ်မယ်ပေါ့နော်။ တချို့အဖွဲ့အစည်းတွေကျရင် ဥပဒေအရ ကျနော်တို့ ဖိတ်ကြားဖို့ အကန့်အသတ်ရှိတယ်။ ဒါမျိုးတွေကျ ကျနော်တို့ ဖိတ်ကြားနိုင်မှာ မဟုတ်ဘူး။ မထိုးရသေးတဲ့အဖွဲ့ စုစုပေါင်း ၇ ဖွဲ့ဖိတ်မယ်။ ဖိတ်တဲ့အခါမှာလည်း ထိုးပြီးသားအဖွဲ့တွေကို ညီလာခံကို တက်ရောက်ဖို့အတွက် ထိပ်သီးခေါင်းဆောင် နှစ်ယောက် ကျနော်တို့ ဖိတ်တယ်။ အလားတူပဲ မထိုးရသေးတဲ့အဖွဲ့တွေကိုလည်း ထိပ်သီးခေါင်းဆောင် နှစ်ယောက်ဖိတ်မယ်။ ဖိတ်တဲ့အခါမှာလည်း သူတို့ လူစားထိုး တက်ရောက်ခွင့် မရှိဘူး။ ဖိတ်ကြားတဲ့ ထိပ်သီးခေါင်းဆောင်တွေပဲ ကိုယ်တိုင်တက်ပေါ့နော်။ ”

NCA အပစ်ရပ်စာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ ဝ၊ မိုင်းလား၊ SSPP ရှမ်းမြောက်၊ ကချင်၊ ကိုးကန့်၊ တအန်း(ပလောင်)နဲ့ ကရင်နီ လက်နက်ကိုင်အဖွဲ့တွေကို ညီလာခံတက်ဖို့ ဖိတ်ကြားမှာ ဖြစ်ပေမဲ့ မတ်လ ၂၃ ရက်နေ့ကပဲ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ချန်ထားခဲ့တာလည်း ဖြစ်ပါတယ်။

တပ်မတော်နဲ့ စစ်ရေးတင်းမာနေတဲ့ AA အဖွဲ့အပါအဝင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်နဲ့ တအန်း(ပလောင်) အဖွဲ့တွေကတော့ ၂၁ရာစုပင်လုံ ညီလာခံကို ဖိတ်ကြားရင် တက်ရောက်လိုကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားတာပါ။ ဒါပေမဲ့လည်း မဟာမိတ်ဖြစ်တဲ့ AA အဖွဲ့ကို ချန်လှပ်ထားမယ်ဆိုရင် တက်ရောက်မှာ မဟုတ်ကြောင်း PSLF/TNLA တအန်း(ပလောင်)အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါတယ်။

“၂၁ ရာစုပင်လုံညီလာခံမှာ အစိုးရဘက်က ဖိတ်ကြားလာလို့ ရှိရင် ကျနော်တို့က တက်ရောက်ဖို့ ရှိတယ်။ ကျနော်တို့ ၃ ဖွဲ့လုံး ဖိတ်မှပဲ တက်ရောက်မှာ ဖြစ်တယ်။ ဒါက တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလို့ သူတို့က သတ်မှတ်တယ်။ ဒီဟာကိုမှ သူတို့က ဟိုအဖွဲ့ကို ချန်ထားမယ်။ ဒီအဖွဲ့ကို ခေါ်မယ်ဆိုရင်တော့ လက်ရှိ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်က အဲလိုမျိုးကြောင့် နှောင့်နှေးကြန့်ကြာနေတာဖြစ်တယ်။”

ကိုးကန့်၊ တအန်း(ပလောင်)နဲ့ AA ရခိုင်အဖွဲ့ ၃ ဖွဲ့ဟာ ညီနောင်မဟာမိတ်အဖြစ် ဖွဲ့စည်းထားသလို ဒီ ၃ ဖွဲ့နဲ့ ကချင်အဖွဲ့တို့ဟာ မြောက်ပိုင်းမဟာမိတ်အဖြစ် ဖွဲ့စည်းပြီး အစိုးရနဲ့ Bilateral နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေး ဆွေးနွေးနေတာပါ။

ဒီအထဲက AA အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ချန်လှပ်ထားမယ် ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေအပေါ်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက အခုလို သုံးသပ်ပါတယ်။

SEE ALSO: ရသေ့တောင်မြို့နယ်အတွင်း နစခ စစ်ကြောင်း တိုက်ခိုက်ခံရ

“AA ကို မဖိတ်ရင် သူတို့ မြောက်ပိုင်း ၄ဖွဲ့ပေါ့နော်။ ကျန်တဲ့အဖွဲ့တွေ တက်ပ့ါမလားဆိုတဲ့ ပြဿနာရှိပါတယ်။ ပထမအချက်အနေနဲ့ ပေါ့နော်။ ဒုတိယအချက်အနေနဲ့ပြောမယ်ဆိုရင် ဒီ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖု့ိအတွက် အစိုးရက လမ်းဖွင်ထားတယ်ဆိုတဲ့ ကိစ္စရှိတာကိုး။ တကယ်လို့ ဒီ လက်မှတ်မထိုးတဲ့အဖွဲ့တွေ တက်လာခဲ့လို့ရှိရင် အဓိက AA အပါအဝင် မြောက်ပိုင်း ၄ ဖွဲ့ပေါ့နော်။ Bilateral မထိုးရသေးတာ။ တက်လာမယ်ဆိုလို့ရှိရင် ဒီညီလာခံမှာ ပါဝင်ဆွေးနွေးခွင့်မရှိတောင်မှ သူတို့နဲ့ ဆက်ပြီးတော့ ဒီအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ လုပ်ဖို့ လမ်းစရှာနိုင်မယ့် အခွင့်အရေးတော့ ရှိတာပေါ့။ တကယ်လို့ သူတို့သာ မဖိတ်ဘူး။ မတက်ဘူးဆို ဒီလမ်းစပျောက်သွားလိမ့်မယ်လို့ ထင်ပါတယ်။”

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ဟာ အရင်နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ အစိုးရနဲ့ နောက်ဆုံးဆွေးနွေးခဲ့ပြီး COVID 19 ကပ်ရောဂါဖြစ်ပွားခဲ့တဲ့နောက် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေတာဖြစ်ပါတယ်။

ဒီနေ့ ပြီးဆုံးသွားတဲ့ အစိုးရနဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြား ဆွေးနွေးပွဲမှာ ၂၁ ရာစုပင်လုံမှာ ဆွေးနွေးအတည်ပြုမယ့် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃က အချက်အတော်များများကို သဘောတူညီချက် ရခဲ့ကြောင်း နဲ့ ကျန်နေတဲ့အချက်တွေကို ဆက်လက် ဆွေးနွေးသွားဖို့ ရှိကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောကြားခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ငြိမ်းချမ်းရေးညီလာခံ AA ကို ဖိတ်ကြားမည်မဟုတ်

[Unicode Version]






SEE ALSO: ၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေး သတ်မှတ်ရက် သဘောတူ







SEE ALSO: စစ်ရှောင်ပြည်သူတွေ မဲပေးခွင့်ရရေး ကချင်လူငယ်တွေ ကူညီဆောင်ရွက်

