ယူကရိန်း အစိုးရဌာနတွေ ဆိုက်ဘာတိုက်ခိုက်ခံရ
{{Zawgyi/Unicode}}
ယူကရိန်းမှာ ကွန်ပြူတာ ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရတဲ့အတွက် အစိုးရဌာနအများအပြားရဲ့ လုပ်ငန်းတွေ ထိခိုက်ခဲ့ရတာနဲ့ ပတ်သက်ပြီး ယူကရိန်းကို အကူအညီတွေ ပေးဖို့ အမေရိကန်အစိုးရက ကမ်းလှမ်းလိုက်တယ်လို့ သမ္မတအိမ်ဖြူက သောကြာနေ့မှာ ပြောပါတယ်။
ယူကရိန်းအစိုးရရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာ ၁၅ ခုလောက် ပိတ်ပစ်ခဲ့ရတဲ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒန်ကို တင်ပြခဲ့တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရက VOA ကို ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်မှု ဘယ်လောက်ရှိတယ် ဆိုတာကို ဆက်လက်ဆန်းစစ်နေချိန်မှာ လိုအပ်တဲ့အကူညီတွေကိုပေးဖို့ ယူကရိန်းကို ကမ်းလှမ်းခဲ့တယ်လို့လည်း ပြောပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရတဲ့ ဌာနတွေထဲမှာ ဘဏ္ဍာရေးဌာန၊ အမျိုးသားအရေးပေါ် ဝန်ဆောင်မှု နဲ့ ယူကရိန်းနိုင်ငံရဲ့ e passport နဲ့ ကိုဗစ်ကာကွယ်ရေး ထိုးပြီးကြောင်း မှတ်တမ်းတွေ သိမ်းထားတဲ့ အစိုးရဝန်ဆောင်မှု ဌာနတွေပါ ပါဝင်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံသားတွေရဲ့ကိုယ်ရေး အချက်လက်တွေ အင်တာနက်မှာ ပျံ့နှံ့နေပြီလို့ ယူကရိန်း၊ ရုရှားနဲ့ ပိုလန်နိုင်ငံသား ဟက်ကာတွေက ပြောနေပေမဲ့ ယူကရိန်းအစိုးရ ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ အချက်လက်ကာကွယ်ရေး ဌာနကတော့ မဟုတ်မှန်ကြောင်း AP သတင်းဌာနကို ပြောပါတယ်။
ဟက်ကာတွေ အနေနဲ့ ယူကရိန်းအစိုးရရဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုထိခိုက်အောင် လုပ်ဖို့ ကြံရွယ်တဲ့ သူတို့ရဲ့ ရည်မှန်းချက်အတိုင်း မဖြစ်ခဲ့ဘူးလို့ ယူကရိန်း အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဝန်ကြီး Oleksiy Danilov က VOA ကို ပြောပါတယ်။ည ၂ နာရီလောက်မှာ ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း အစိုးရဝက်ဘ်ဆိုဒ် အများအပြားကို ချက်ခြင်းဆိုသလို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ လည်း ပြောပါတယ်။
ဆိုက်ဘာ တိုက်ခိုက်မှုအတွက် အီးယူ ဥရောပသမဂ္ဂတာဝန်ရှိသူတွေက ရှုတ်ချလိုက်ပြီး အကူညီတွေ ပေးမှာဖြစ်ကြောင်း သောကြာနေ့မှာပဲ ပြောပါတယ်။
.........................................
Your browser doesn’t support HTML5
{{Unicode}}