တိုးမြစ်မှာ ရေကြောင်းသွားလာခွင့်နဲ့ ငါးဖမ်းခွင့် ကန့်သတ်မှုကြောင့် ဒေသခံတွေ အခက်တွေ့
{{Zawgyi/Unicode}}
ဧရာဝတီတိုင်းရဲ့ အဓိကရေလမ်းကြောင်း တခုဖြစ်တဲ့ တိုးမြစ်ထဲ ရေကြောင်း သွားလာခွင့်နဲ့ ငါးဖမ်းခွင့်ကို မြန်မာစစ်တပ်ဘက်က ၂ လနီးပါး ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီတိုင်းမှာရှိတဲ့ ရေလမ်းကြောင်းအားလုံးကို ပိတ်ဆို့တာ မဟုတ်ဘဲ တိုးမြစ်ကိုပဲ အဓိကထား ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ ငါးဖမ်းခွင့် ပိတ်ပင်ခံထားရတဲ့ အခြေအနေ သတင်းပေးပို့ချက်ကို နန်းလောင်ဝ် က ပြောပြပါမယ်။
ပင်လယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း၊ မအူပင်မြို့က တိုးမြစ်တလျှောက်မှာ ငါးဖမ်းခွင့်နဲ့ ရေကြောင်းသွားလာခွင့် မြန်မာစစ်တပ်ဘက်က ၂ လနီးပါးပိတ် ထားလိုက်တယ်လို့ ဒေသခံတွေက ဗွီအိုအေ ကို ပြောပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ကစပြီး နိုဝင်ဘာ ၁၅ ရက်နေ့အထိ တားမြစ်ထားတာပါ။ လုံခြုံရေးအရ အဓိကမြစ်ကြောင်းတခုကို အသုံးပြုခွင့် ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ မအူပင်မြို့နယ်က ရေလုပ်သားတဦးက ဗွီအိုအေကို ပြောပါတယ်။ အခုလို အချိန်ကြာကြာ ငါးဖမ်းခွင့်ကို ပိတ်လိုက်တဲ့အတွက် စားဝတ်နေရေးအရလည်း ထိခိုက်ရတယ်လို့ သူက ပြောပါတယ်။
"အဓိကတော့ သူတို့ ပင်မရေလမ်းကြောင်းကနေ PDF တွေ ဝင်လာမယ်အထင်နဲ့ ပိတ်တယ်လို့တော့ မြင်ပါတယ်။ ဒီ ဧရာဝတီ ဆိုတာက ပထဝီအနေအထားအရ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေနဲ့ မတူတဲ့အခါကျတော့ သူတို့က ကုန်းလမ်းကိုအသုံးပြုဖို့ သိပ်အဆင်မပြေနိုင်ဘူး ဆိုတာ သူတို့တွက်ထားပုံ ရပါတယ်။ အဲဒီအတွက်ရေလမ်းက ထွက်လမ်းကို မပိတ်ရင်တောင် ဝင်လမ်းကို အဓိက စောင့်ကြည့်မယ်ဆိုတဲ့ သဘောမျိုး သက်ရောက်မယ်လို့ ထင်ပါတယ်။ လယ်ယာလုပ်ငန်းအပြင် ရေလုပ်ငန်းကိုလည်း အဓိကထားရတဲ့ တိုင်းတတိုင်း ဖြစ်တဲ့အခါကျတော့ ဒီလိုမျိုးတွေ ပိတ်တာကတော့ ပြည်သူကို နိုင့်ထက်စီးနင်းလုပ်တဲ့ သဘောမျိုး သက်ရောက်တယ်။ သူတို့ဖြစ်ချင်တဲ့ အနေအထားကိုပဲ လုပ်ပြီးတော့ ပြည်သူဘက်ကို မငဲ့တဲ့ပုံစံမျိုး သက်ရောက်တယ်လို့ ထင်ပါတယ်။"
တိုးမြစ်တလျှောက် ငါးဖမ်းခွင့်ကို ပိတ်ပင်ထားပေမယ့် ရွာဘက်မှာတော့ ငါးဖမ်းပိုက်ချတာတွေ အခုထိရှိနေပြီး အာဏာပိုင်တွေအနေနဲ့လည်း တစုံတရာကြေညာတာမျိုး မရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
"ရွာမှာတော့ အသံမကြားဘူး။ ရွာဘက်မှာတော့ ချနေကြတာပဲ။ ငါးဖမ်းပိုက် ချတဲ့သူကလည်း ချတယ်၊ မချတဲ့လူကလည်း မချဘူး။ ရွာဘက်ကတော့ ပုံမှန်အတိုင်းပဲ။"
အခုလို ငါးဖမ်းခွင့် ရုတ်တရက်ပိတ်လိုက်တဲ့အပေါ် လုံခြုံရေးအခြေအနေကြောင့်ဆိုပြီး ခန့်မှန်းပြောဆိုတာတွေ ရှိပါတယ်။ တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေ မြစ်ကြောင်းကို သုံးပြီး ဝင်လာမှာ စိုးရိမ်လို့ ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုပေမဲ့ မြန်မာစစ်တပ်ဘက်က အတိအကျ သတင်းထုတ်ပြန်တာ မရှိပါဘူး။ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက တာဝန်ရှိသူ တဦးကတော့ တိုးမြစ်တလျှောက် ငါးဖမ်းခွင့်ပိတ်ပင်တဲ့ အခြေအနေ ရုံးချုပ်ကို တင်ပြလာတာမျိုး မရှိဘူးလို့ ပြောပါတယ်။
"ကျနော်တို့ ရုံးချုပ်အနေနဲ့တော့ မကြားဘူးဗျ။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကများ ကြေညာသလား။ မြစ် ၄ မြစ်မှာ ငါးသလောက်မဖမ်းရတဲ့ ရာသီကတော့ တိုင်းအစိုးရအဖွဲ့အနေနဲ့ ကြေညာထားတာရှိတယ်။"
ဒါနဲ့ပတ်သက်လို့ ဧရာဝတီတိုင်း၊ ငါးလုပ်ငန်းဦးစီးဌာနဆီ မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ချက် မရပါဘူး။ ငဝန်မြစ်၊ တိုးမြစ်တို့ဟာ ဧရာဝတီတိုင်းရဲ့ အဓိကရေလမ်းကြောင်းတွေ ဖြစ်ပြီး ဒီမြစ်ကမ်းစပ်မှာရှိတဲ့ အထောက်အထားမဲ့ နေထိုင်သူတွေကိုလည်း မကြာသေးခင် လပိုင်းတွေအတွင်းက ရှင်းလင်းနေပါတယ်။ ပြီးခဲ့တဲ့ တပတ်လောက်က ပုသိမ်မြို့ ဘူတာကြီးနဲ့ ငဝန်မြစ်ကြားမှာ ရှိတဲ့ လူဦးရေ ၂ ထောင်နီးပါး နေထိုင်နေတဲ့ ရပ်ကွက်တခုကို ပြောင်းရွှေ့ပေးဖို့အတွက် စာထုတ်ခဲ့ပြီး တာဝန်ရှိသူတွေဘက်က စတင်ရှင်းလင်းနေသလို၊ အခု ငါးဖမ်းခွင့်တွေ မြန်မာစစ်တပ်က ၂ လနီးပါး ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
Your browser doesn’t support HTML5
.................................................
{{Zawgyi/Unicode}}