စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်နေတဲ့ ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) ဦးဆောင်သူ ကိုပိုင်ဖြိုးမင်း ခေါ် ဒီရေနဲ့ လူငယ် တက်ကြွ လှုပ်ရှားသူ ကိုရှိန်းဝေအောင်တို့ ဗုဒ္ဓဟူးနေ့က သီးခြားစီ ဖမ်းဆီးခံရပါတယ်။ ကိုရှိန်းဝေအောင်ကို ဖမ်းစဉ်မှာ မိသားစုဝင်တွေကိုပါ အာဏာပိုင်တွေက ဖမ်းခေါ်သွားပါတယ်။ အဖမ်းခံရသူတွေအတွက် မိသားစုဝင်တွေ စိုးရိမ်နေကြတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
ကုန်စျေးနှုန်း ကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေအလို မရှိကြောင်း ရန်ကုန်မြို့မှာ စက်တင်ဘာ ၁၉ ရက်က လမ်းပေါ်ထွက် ဆန္ဒပြမှုမှာ ပါဝင်ခဲ့ကြတဲ့ (Anti-Junta Alliance Yangon – AJAY) စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ဦးဆောင်သူ တဦးဖြစ်တဲ့ ကိုပိုင်ဖြိုးမင်း ဗုဒ္ဓဟူးနေ့ညက ဖမ်းဆီးခံခဲ့ရပါတယ်။ သူ့ရဲ့ နေအိမ်မှာ ဧည့်စာရင်းစစ်တယ်ဆိုပြီး ဝင်ရောက်ဖမ်းဆီးတာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ညက နောက်ထပ် ဖမ်းဆီးခံရသူတယောက်ကတော့ ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ကိုရှိန်းဝေအောင် ဖြစ်ပါတယ်။ သူနဲ့အတူ သူ့မိသားစုဝင် ၃ ယောက်ကိုလည်း အာဏာပိုင်တွေက ဖမ်းသွားတယ်လို့ နီးစပ်သူတက်ကြွလှုပ်ရှားသူတဦးကပြောပြပါတယ်။
"ကိုရှိန်းဝေအောင်က မနေ့က အောက်တိုဘာ ၉ရက်နေ့ညမှာ သူ့မိတ်ဆွေတယောက်နဲ့ဖုန်းပြောနေချိန်မှာပဲ ဧည့်စာရင်းစစ်တယ်ဆိုပြီးတော့ အဲဒီလိုပြောပြီး သူ့ရဲ့မိတ်ဆွေကို ဖုန်းချသွားတယ်။ အဲဒီအချိန်ကတည်းစပြီးတော့ ကိုရှိန်းဝေအောင်နဲ့ အဆက်အသွယ်မရတော့တာပေါ့။ အဖမ်းခံရတဲ့အချိန်မှာ ကိုရှိန်းဝေအောင်အပါအဝင် မိသားစုဝင် ၃ယောက်ပေါ့။ ပါသွားတဲ့မိသားစုက သူ့ရဲ့ အဖေရယ်၊ အမေရယ်၊ အစ်မရယ်ပေါ့လေ... ဒီထဲမှာဆိုလို့ရှိရင် အမျိုးသမီးတွေလည်းပါတယ်၊ အသက်ကြီးတဲ့လူကြီးတွေလည်းပါတယ်ပေါ့လေ။ ဖမ်းဆီးခံရတဲ့နောက်မှာဆိုရင်.. ဒါ စစ်ကြောရေးလုပ်မယ်ပေါ့။ စစ်ကြောရေးလုပ်တဲ့အခါမှာ သူတို့ရဲ့ ညှင်းပန်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းမှုတွေကြောင့် ကိုရှိန်းဝေအောင်အပါအဝင် သူ့ရဲ့ မိသားစုဝင်သုံးယောက်စလုံးရဲ့ အသက်အန္တရာယ်နဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ အထူးပဲ စိုးရိမ်ရလျက်ရှိတယ်ပေါ့နော်။"
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အကြောင်းပြချက်နဲ့ဖမ်းဆီးခံရတဲ့ ကိုရှိန်းဝေအောင်နဲ့ မိသားစုကို ခုထိဘယ်မှာထိန်းသိမ်းထားလဲမသိရသေးပါဘူး။ အခုလို ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်တာတွေကြောင့် ကိုရှိန်းဝေအောင်နဲ့မိသားစုအပေါ် တက်ကြွလှုပ်ရှားသူတွေက စိတ်ပူ နေကြပါတယ်။
စက်တင်ဘာ ၁၉ ရက်က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသူတချို့ဖြစ်တဲ့ လူငယ်သပိတ်ကော်မတီ (YSC) က ကိုအောင်မင်းခိုင် (ခ) မဲကြီးနဲ့ မမြမဉ္စူ၊ တကသကျောင်းသားဟောင်းများအင်အားစု တွဲဖက်တည်ထောင်သူ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ နိုင်ငံရေးအကျဥ်းသူဟောင်း မနှင်းအိခိုင်တို့ဟာလည်း စက်တင်ဘာ ၂၁ ရက်က ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ ၄ ယောက်လုံး စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံရလို့ ကျမ်းမာရေးထိခိုက်နေတယ်ဆိုတာကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ခေါင်းဆောင် ကိုနန်းလင်းက စုံစမ်းသိထားတယ်လို့ပြောပါတယ်။
"သူတို့ ၄ ယောက်လုံးကို ပုဒ်မ ၅၀၅ နဲ့ တရားစွဲထားတယ်ဆိုတာမျိုးတော့ ကျွန်တော်တို့ကြားရတယ်။ သို့သော် ဘယ်တရားရုံးမှာလဲ ဘယ်လိုလဲဆိုတာတော့ ကျွန်တော်တို့ အခုထိ အတည်ပြုလို့မရသေးတဲ့အခြေအနေလို့ပြောရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကြောရေးမှာတော့ မရှိတော့ဘူး။ တခြားတနေရာကိုပို့ထားတယ်။ သို့သော်ဘယ်နေရာလဲဆိုတာတော့ အခုထိ အတည်ပြုလို့မရဘူး။ သေချာတာတခုကတော့ စစ်ကြောရေးမှာ အင်မတန်ပြင်းထန်တဲ့ စစ်ကြောနှိပ်စက်မှုတွေ ကြုံရတယ်၊ သူတို့ ဒါပြောရမယ်ဆိုရင် နောက်ဆက်တွဲပေါ့လေ ဒါထပ်ပြီးတော့မှ ဖမ်းနိုင်ဆီးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲဘော်တွေကို ပြင်းပြင်းထန်ထန်နှိပ်စက်မှုတွေ၊ စစ်ကြောမှုတွေနဲ့ ကြုံရတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲဘော်တွေမှာ ကျန်းမာရေးထိခိုက်နေတယ်ဆိုတဲ့အချက်အလက်တွေတော့ ကျွန်တော်တို့ရပါတယ်ခင်မျ။"
အခြားဖတ်ရှုစရာ ရန်ကုန် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်သူ လူငယ် ၄ ဦး ဖမ်းဆီးခံရစစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူတွေကိုပါ ဖိတ်ခေါ်ပြီး ဆွေးနွေးမှုလုပ်ဖို့ ကမ်းလှမ်းနေပေမဲ့ လက်တွေ့မှာတော့ ဆန္ဒပြသူတွေကို ဖမ်းဆီးနေတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ခေါင်းဆောင် ကိုနန်းလင်းက ပြောပါတယ်။
"ပြောရရင်တော့ဗျာ ဒါမတရားဖမ်းဆီးခံရ၊ မတရား နေအိမ်တွေကို ဝင်ရောက်စီးနှင်းခံရတာပဲ။ ကိုပိုင်ဖြိုးမင်းတို့ အပါအဝင် ဒါလူငယ်တွေ သပိတ်ရဲဘော်တွေဟာ ကျွန်တော်တို့ တိုင်းပြည်မှာတကယ့်ကိုဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက်ကို လမ်းမထက်ကနေ ဟစ်ကြွေးပြီးတော့မှ ဒို့အရေးသံတွေ ဟစ်ကြွေးပြီးတော့မှ တောင်းဆိုတိုက်ပွဲဝင်နေကြတာဖြစ်တယ်။ လက်နက်ဆိုလို့ အပ်တိုတချောင်းတောင် မကိုင်ဘဲနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ လူထုနဲ့အတူ လူထုတိုက်ပွဲလှုပ်ရှားမှုတွေကို ပုံဖော်စည်းရုံးနေကြတာဖြစ်တယ်။ ဆိုတော့ စစ်ကောင်စီက ပါးစပ်ကနေသာ နိုင်ငံရေးနည်းလမ်းတို့ ရွေးကောက်ပွဲတို့ တဖွဖွ၊ တကြော်ကြော်ပြောနေပေမယ့် တကယ်တမ်း ပြည်တွင်းမှာကျတော့ ပြည်သူတွေရဲ့ အခွင့်အရေး၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးအားလုံးဟာ အဖိနှိပ်ခံထားရတယ်။ ဒါ့အပြင် ခုနက နိုင်ငံရေးလှုပ်ရှားမှုတွေဆိုရင်လည်းပဲ ပြင်းပြင်းထန်ထန်ချေမှုန်းတယ်၊ ဖိနှိပ်တယ်ဆိုတဲ့ အနေအထားတွေ။ တောက်လျှောက်လည်းလုပ်ခဲ့တယ်။ အခုလည်း လုပ်နေတယ်။"
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးခံရသူ စုစုပေါင်း ၂၈၀၀၀ နီးပါးရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ပြောပါတယ်။ လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းအရေအတွက် ဖြစ်တာမို့ လက်တွေ့မှာ ဒီထက် များနိုင်တယ်လို့ AAPP ကပြောထားပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့ စာရင်းတွေဟာ ချဲ့ကားထားတယ်လို့ ပြောလေ့ရှိပါတယ်။ လူငယ်လှုပ်ရှားသူတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီကို မေးမြန်းဖို့ VOA ကကြိုးစားပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
Your browser doesn’t support HTML5