ရှမ်းပြည်နယ်မြောက်ပိုင်းက အချက်အခြာကျတဲ့ လားရှိုးမြို့မှာ ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အနည်းဆုံး အရပ်သး ၅ ဦး သေဆုံးခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ MNDAA ကိုးကန့်တပ်ဖွဲ့တွေ ဒုတိယနေ့အဖြစ် တိုက်ပွဲအတွင်း မြို့အရှေ့ပိုင်းကို ချဉ်းကပ်လာရာက တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ထောင်နဲ့ချီတဲ့ မြို့ခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။
လားရှိုးတိုက်ပွဲ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။
MNDAA ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်တွေဟာ မနေ့ ဗုဒ္ဓဟူးနေ့ကစ လားရှိုးမြို့ကနေ သိန္နီ၊ နမ္မတူ၊ သီပေါ၊ တန့်ယန်းနဲ့ မိုင်းယော်စတဲ့ မြို့ အဝင်အထွက်လမ်းကို ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာဖြစ်ပါတယ်။ ဒီကနေ့မှာ မြို့ အရှေ့ဘက်ပိုင်းမှာ အခြေစိုက်တဲ့ ခလရ ၆၈ဘက်မှာ တိုက်ပွဲပိုမို ပြင်းထန်နေပြီး မြို့တွင်းအခြေစိုက် စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေ ရှိနေကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။
“ ဒီနေ့ အခြေအနေလည်း တော်တော်ဆိုးပါတယ်။ အခု မြို့နားကို တအားကပ်လာပြီ။ ၆၈ဘက်ကနေ ကပ်လာတာ။ လားရှိုးမြို့ရဲ့ အရှေ့ဘက်ပေါ့။ လက်နက်ကြီးကတော့ တနေကုန်ပဲ ဒီနေ့ ။ မနေ့ညကတည်းက ရပ်မှ မရပ်တာ လုံးဝကို မရပ်တာလေ။”
ဒီကနေ့ မနက်ပိုင်းမှာ လားရှိုးမြို့ ရပ်ကွက် ၉အတွင်း လက်နက်ကြီးကျည် ၂လုံးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၅ဦးသေဆုံးခဲ့ကြောင်းလည်း ပြောပါတယ်။
“ ဒီနေ့ လက်နက်ကြီးကျတာက ၂နေရာကျတယ်။ အဲဒီ ရပ်ကွက် ၉မှာတွေချည်းပဲ။ တလုံးက ရှမ်းရွာနားလေးမှာ ကျတယ်။ တလုံးက ကျတော့ ပညာရေးကောလိပ်နားလေးမှာ ကျတယ်။ အဲဒါ ၃ယောက်သေတယ်။ ရှမ်းရွာနားလေးမှာ ကျတဲ့ဟာ ၂ယောက်သေတယ်။ ”
အခြားလားရှိုးမြို့ခံတဦးက မြို့အတွင်းကို ဒီကနေ့ ရှော့တိုက်ဒုံးကျည် ၄လုံးထက်မနည်း ကျရောက်ခဲ့ကြောင်းနဲ့ မနက်ပိုင်းက ၅ယောက် သေဆုံးကြောင်း အတည်ပြုပြီး နောက်ပိုင်းမှာ အထိအခိုက်မသိရသေးကြောင်း ပြောပါတယ်။
“ ရှော့တိုက်က ကျနေတာပဲ။ မနက်ကလည်း ကျတယ်။ ခုနလေးတင် တလုံးပြန်ထပ်ကျတယ်။ ၃ခါ။ ၄ခါ နီးပါးလောက်ရှိပြီ။ မနက်အစောပိုင်းက မတယောက်၊ ကျားတယောက် သေတယ်ပေါ့။ ပြီးတော့ ဒုတိယအကြိမ် ကျတဲ့ဟာကျတော့ ကျား ၃ယောက် သေတယ်။ နောက်ပိုင်းထပ်ကျတဲ့ဟာကျ အထိအခိုက်မသိဘူး။ ခုနက တလုံး ထပ်ကျတဲ့ဟာက ဘာမှကို မသိဘူး။ အဲဒါတော့ ရပ်ကွက်ထဲပဲ ပြုတ်ကျတာ။ ဖြစ်တာကတော့ သူတို့ဟာ သူတို့ ဖြစ်တာက တပိုင်းပေါ့ဗျာ။ ကြားထဲက လူတွေက ခံနေရတာ။”
လားရှိုးမြို့ တိုက်ပွဲ ဒုတိယမြောက်နေ့မှာတော့ မြို့ခံပြည်သူတွေ ထောင်နဲ့ချီပြီး မန္တလေးမြို့ဘက်ကို တိမ်းရှောင်နေကြောင်းလည်း သူက အခုလို ဆက်ပြောပါတယ်။
“ ဒီနေ့ကတော့ စပြီးတော့ ရှောင်နေပြီဗျ။ အတော်များများက စပြီး ရှောင်တဲ့ အနေအထားရှိတယ်။ အဓိကတော့ မန္တလေးပေါ့။ သီပေါလမ်းက။ လမ်းက လောလောဆည်တော့ ခန ဖွင့်ပေးထားတာလို့ ပြောတယ်။ ဖွင့်ပေးထားတော့ အကုန်လုံးတော့ ရှောင်နေပြီ။ ကားအစီးရေက ရာချီပြီဆိုတော့ လူဦးရေကတော့ ထောင်ချီပြီပေါ့။”
ဒီလ ၃ရက်နေ့ကလည်း လားရှိုးမြို့အတွင်း လက်နက်ကြီးကျည်ကျတာကြောင့် ကလေး ၃ယောက်အပါအဝင် မိသားစု ၆ယောက် သေဆုံးခဲ့ပါတယ်။ ဒီလက်နက်ကြီးဟာ စစ်ကောင်စီတပ်က ပစ်ခတ်တာလို့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA က ထုတ်ပြန်ထားသလို စစ်ကောင်စီဘက်ကလည်း အကြမ်းဖက်သောင်းကျန်းသူတွေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ၃ရက်နေ့ မနက် ၆နာရီကျော်မှာ လားရှိုးမြို့ ရပ်ကွက် ၁ နယ်မြေ ၃ သာယာလမ်းမှာ ရှော့တိုက်ဒုံးကျတာကြောင့် ကလေး ၃ယောက်အပါအဝင် ၆ဦး သေဆုံးကြောင်း၊ ညနေ ၃နာရီမှာ ရပ်ကွက် ၁၀အတွင်း ရှော့တိုက်ဒုံးတလုံး ထပ်မံကျပြီး မပေါက်ကွဲကြောင်းနဲ့ ညနေ ၄နာရီမှာ ရပ်ကွက် ၅ ပန်အုပ်ဘုရားကျောင်းအတွင်း ရှော့တိုက်ဒုံးတလုံး ထပ်ကျတာကြောင့် လူ ၇ဦးနဲ့ ရပ်ကွက် ၄မှာ ကျတာကြောင့် အမျိုးသားတဦးသေဆုံးပြီး ကလေးတဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
TNLA နဲ့ MNDAA တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေက ဇွန်လ ၂၅ရက်နေ့က စတင်လိုက်တဲ့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေဟာ ၁၀၂၇ အပိုင်း ၂အဖြစ် ကြေညာထားပါတယ်။ လောလောဆည်မှာ TNLA ပူးပေါင်းတပ်က နောင်ချို၊ ကျောက်မဲ၊မိုးကုတ်နဲ့ မိုးမိတ်ဘက်တွေမှာ တိုက်ခိုက်နေပြီး MNDAA ပူးပေါင်းတပ်တွေက လားရှိုးကို တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီကနေ့ နောင်ချို၊ ကျောက်မဲစတဲ့ဘက်က အခြေအနေကို မေးမြန်းဖို့ TNLA ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
မနေ့တုန်းကတော့ နောင်ချိုမြို့ စစ်ကောင်စီရဲ့ အမှတ် ၆၀၆ ဒုံးတပ် နဲ့ မိုးမိတ်မြို့နယ် ညောင်နီရွာမှာ တိုက်ပွဲ ပြင်းထန်နေကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ မနေ့တုန်းက သန်းခေါင်အချိန်မှာ MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားရာ သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း၊ လူအထိအခိုက်တော့ မရှိကြောင်း ဒေသခံတယောက်က ဗွီအိုအေကို လူမှုကွန်ရက်ကနေ ပြောဆိုထားပါတယ်။