ရုရှားဘက်က အမေရိကန်နဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေလုပ်ဖို့ အသင့်ရှိကြောင်း ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က သောကြာနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ ဘယ်ဆွေးနွေးပွဲမှာမဆို ယူကရိန်းမှာ ဖြစ်ပွါးနေတဲ့ ပဋိပက္ခ၊ အထူးသဖြင့် အမေရိကန်ရဲ့ တိုက်ရိုက် ပါဝင်ပတ်သက်နေမှုကို ထည့်သွင်းဆွေးနွေးရမှာ ဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံကြား အခုလိုမျိုး ဆွေးနွေးပြောဆိုမှုတွေလုပ်ဖို့ အထူး လိုအပ်နေကြောင်း၊ ဒါဟာ လက်ရှိမှာ ပြဿနာတွေ စုပုံဖြစ်ပွါးလာနေပြီး၊ ကမ္ဘာ့လုံခြုံရေး တည်ဆောက်မှုနဲ့ပတ်သက်တဲ့ ပြဿနာတွေ အများအပြား ရှိနေတာကြောင့် ဖြစ်ကြောင်း Peskov က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ယူကရိန်းစစ်ပွဲအပြင်၊ နျူကလီယားစစ်ပွဲ ဖြစ်ပွါးလာနိုင်တဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးဖို့ ရှိမရှိ မေးမြန်းချက်ကို Peskov က တုံ့ပြန်ဖြေကြားရင်း ခုလို ပြောဆိုခဲ့တာပါ။
ယူကရိန်းမှာ အမေရိကန်ရဲ့ တိုက်ရိုက် ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး Peskov ရဲ့ ပြောကြားချက်အတွက် အမေရိကန်ကရော၊ NATO အတွင်းရေးမှုးချုပ် Jens Stoltenberg ကပါ လက်မခံကြပါဘူး။ ရုရှားကျူးကျော်မှုကြောင့် ယူကရိန်းရဲ့ သူ့နိုင်ငံအတွက် သူခုခံကာကွယ်နိုင်ရေးမှာ အကူအညီအဖြစ် လက်နက်ပေးတာကို တိုက်ရိုက်ပတ်သက်မှု အဖြစ် ပြောကြားချက်ကို ပယ်ချကြတာ ဖြစ်ပါတယ်။
SEE ALSO: ရုရှားမပါတဲ့ ယူကရိန်းငြိမ်းချမ်းရေး ညီလာခံရုရှားက ကြာသပတေးနေ့မှာ ယူကရိန်းရဲ့ လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေကို မစ်ဇိုင်းဒုံးတွေ၊ ဒရုန်းတွေနဲ့ ညတွင်းချင်း အဆက်မပြတ် တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့နောက် အမေရိကန်က ယူကရိန်း ခုခံကာကွယ်ရေးအတွက် အားပြင်းတဲ့ လေကြောင်းကာကွယ်ရေး မစ်ဇိုင်းဒုံးတွေ ပေးပို့မှာဖြစ်ကြောင်း ကြေညာခဲ့ပြီး နောက်တနေ့မှာပဲ Petrov က ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သမ္မတအိမ်ဖြူပြောခွင့်ရ John Kirby က ယူကရိန်းကို မြေပြင်ကနေ ဝေဟင်ပစ် နောက်ဆုံးထုတ် Patriot နဲ့ NASAMS မစ်ဇိုင်းတွေ ပေးပို့မှာဖြစ်ကြောင်း ကြာသပတေးနေ့က ပြောခဲ့တာပါ။ တချိန်ထဲမှာပဲ တောင်ကိုရီးယားက ယူကရိန်းကို လက်နက်တွေပေးပို့ဖို့ စဉ်းစားနေကြောင်း ပြောကြားခဲ့တာကြောင့် အာရှဒေသ ခရီးသွားနေတဲ့ ရုရှားသမ္မတ Vladimir Putin က မပေးဖို့ သတိပေး လိုက်ပါတယ်။
Your browser doesn’t support HTML5