တရုတ်-မြန်မာနယ်စပ်ဒေသ နမ့်ခမ်းမြို့နယ်ရှိ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်တွေကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နေရာပြောင်းရွှေ့တဲ့ ကိစ္စဟာ နှစ်ဘက်ဆွေးနွေးမှု ရှိမထားကြောင်း SSA မြောက်ပိုင်းဘက်က ပြောဆိုပါတယ်။ လတ်တလောမှာတော့ TNLA က သိမ်းယူထားတဲ့ နမ့်ခမ်းမြို့အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး နှစ်ဘက် သဘောတူညီချက် မရသေးကြောင်း ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီး မပြေမလည်ဖြစ်နေတဲ့အခြေအနေကို ကိုရန်နိုင်က တင်ပြထားပါတယ်။
၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ TNLA တအန်း(ပလောင်) ၊ MNDAA ကိုးကန့်၊ AA ရက္ခိုင်တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်တပ်ပေါင်းစုဟာ ရှမ်းမြောက်ဒေသမှာ အနည်းဆုံး မြို့ ၁၃ မြို့လောက်ကို သိမ်းယူခဲ့တာပါ။
လောလောဆယ် ၂၀၂၃ ခု ဒီဇင်ဘာက TNLA က သိမ်းယူလိုက်တဲ့ နမ့်ခမ်းမြို့ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်တွေ အကြားမှာ မပြေလည်မှုတွေ ရှိလာနေပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က နမ့်ခမ်းမြို့နယ်ရှိ SSPP/SSA မြောက်ပိုင်းတပ်တွေကို TNLA က မူဆယ်ဘက်ကို ပြောင်းရွှေ့စေခဲ့ပါတယ်။
ဒီလိုပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး နှစ်ဘက် ဆွေးနွေးညှိနှိုင်းပြီးမှ ပြောင်းရွှေ့တာဖြစ်တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်တဲ့အပေါ် SSPP / SSA မြောက်ပိုင်းကတော့ မဟုတ်မှန်ကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က VOA ကို ပြောပါတယ်။
“ ဒီပြီးခဲ့တဲ့ ၂၇ ရက်ပေါ့ဗျာ။ မေလ ၂၇ ရက်ပေါ့။ အဲဒါ TNLA က ကျနော်တို့ နမ့်ခမ်းမြို့နယ်ထဲမှာရှိတဲ့ ကျနော်တို့ SSPP အုပ်ချုပ်ရေးပိုင်းတွေကို အခွန်ဌာနတွေကို သူတို့က မူဆယ်ဘက် သူတို့က ကားနဲ့ သယ်ဆောင်ပြောင်းရွှေ့ထားတာပေါ့ဗျာ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ TNLA ပြန်ကြားရေးက သူတို့ ညှိနှိုင်းပြီးမှ သဘောတူညီချက်နဲ့ လုပ်တယ်ဆိုတာ အဲဒါမမှန်ဘူးဆိုတာ ကျနော်တို့ လူထုတွေသိအောင် ပြောပြချင်တာပါ။ ”
TNLA က နမ့်ခမ်းမြို့ကို ၂ လနီးပါးကြာတိုက်ခိုက်ပြီး ၂၀၂၃ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ သိမ်းယူခဲ့တာပါ။ ဒီလို သိမ်းယူပြီးနောက် နမ့်ခမ်းမြို့အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး TNLA နဲ့ SSPP အကြား ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ နှစ်ဘက် သဘောတူညီချက် မရသေးကြောင်းလည်း ဗိုလ်မှူး စိုင်းဖုန်းဟန်က ဆက်ပြောပါတယ်။
“နမ့်ခမ်းကိစ္စက ၁၀၂၇ အော်ပရေးရှင်းနောက်ပိုင်းမှာ TNLA က ကျနော်တို့ကို သူတို့ TNLA ပဲ အုပ်ချုပ်သွားမယ်ပေါ့လေ။ အုပ်ချုပ်ရေးပိုင်း ချထားမယ်ပေါ့။ ဂိတ်တွေကို နောင်တောင်းဂိတ်ပေ့ါ။ နောင်တောင်းဂိတ်လည်း ရွှေ့ပေးဖို့ သူတို့ Request လုပ်တာပေါ့။ ဒါပေမဲ့ ကျနော်တို့က ဒီနမ့်ခမ်းမြို့နယ်ထဲမှာ SSPP/SSA တည်ထောင်လာကတည်းက စဉ်ဆက်မပြတ်နေလာတဲ့ ဒေသတွေဖြစ်တယ်။ ဆိုလာတာ ဒါက မဖြစ်နိုင်ဘူးပေါ့ဗျာ။ ညှိနှိုင်းတယ် ကျနော်တို့က မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်း ပြန်ကြားချက်က တရားဝင်စာနဲ့ ပို့ထားပြီးသားဖြစ်တယ်။ ဒါပေမဲ့ ဒီအကြောင်းပြန်ပြီးနောက်ပိုင်းမှာ သူတို့က ဒီမပြောမဆိုနဲ့ အဓမ္မပြောင်းရွှေ့မှုတွေက ဖြစ်လာတာပေါ့။”
Your browser doesn’t support HTML5
TNLA တအာန်းနဲ့ SSPP ရှမ်းတပ်ဖွဲ့တွေဟာ တရုတ်မြန်မာနယ်စပ်အခြေစိုက် UWSA ၀ တပ်ဖွဲ့ဦးဆောင်တဲ့ FPNCC ခေါ် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီမှာ ပါဝင်ထားကြတာပါ။ လက်ရှိ ဖြစ်ပေါ်နေတဲ့ မပြေလည်မှုတွေကို ညှိနှိုင်းဆွေးနွေး အဖြေရှာသွားမှာဖြစ်တယ်လို့လည်း ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောပါတယ်။
“ ပလောင်နဲ့ ရှမ်းက နှစ်ပေါင်းများစွာ ဒီ ရှမ်းပြည်ထဲမှာ အတူတကွနေထိုင်လာတဲ့ လူမျိုးတွေဖြစ်တယ်။ တပ်ကလည်း ဒါ တော်လှန်ရေးအဖွဲ့အစည်း မဟာမိတ်တွေလည်း ဖြစ်တယ်။ ဆိုတော့ ကျနော်တို့ SSPP အနေနဲ့ ပြောနိုင်တာကတော့ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးပြီးမှ ညှိနှိုင်းရင်းနဲ့ ဒီကလာအတွင်းမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်ပြီးတော့မှ ရပ်တည်နေထိုင်သွားကြမလဲဆိုတဲ့ဟာကို အဓိကအနေနဲ့ ကျနော်တို့ လုပ်ချင်တယ်ပေါ့ဗျာ။ ”
နမ့်ခမ်းဒေသ အဖြစ်အပျက်နဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပိတ်ထားလို့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက TNLA က နမ့်ခမ်းကို သိမ်းယူပြီးနောက်မှာ SSPP တပ်က သူတို့ သိမ်းယူထားတဲ့စခန်းတွေမှာ လာရောက်နေရာယူခဲ့ကြောင်း၊ ဒီအတွက် နှစ်ဘက်ဆွေးနွေးပြီးနောက်မှာ SSPP တပ်တွေကို နေရာပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း ဧရာဝတီသတင်းဌာနကို ဖြေကြားထားပါတယ်။
SEE ALSO: လဲချားမှာ စစ်ကောင်စီနဲ့ SSPP တိုက်ပွဲဖြစ်တဆက်တည်းမှာပဲ ဒေသတွင်းရှိ အခြားအဖွဲ့အစည်းတွေနဲ့ ဖြစ်ပေါ်လာတဲ့ မပြေလည်မှုတွေကို ဗဟိုချင်း ချိတ်ဆက်ပြီး နိုင်ငံရေးနည်းအရ ဖြေရှင်းသွားမှာဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။
ရှမ်းမြောက်ဒေသအတွင်းမှာ KIA ကချင်၊ MNDAA ကိုးကန့်၊ TNLA တအာန်း(ပလောင်)နဲ့ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့တွေ အဓိက လှုပ်ရှားနေတာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာတော့ လက်နက်ကိုင်အဖွဲ့တွေအကြားမှာ နယ်မြေထိန်းချုပ်မှုနဲ့ပတ်သက်ပြီး အငြင်းပွားတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေပါတယ်။
ရှမ်းမြောက် ဒေသခံတဦးကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား မပြေလည်မှုတွေက ကြာလာရင် လူမျိုးအချင်းချင်းအကြား ယုံကြည်မှု ကျဆင်းလာနိုင်တာကြောင့် အချင်းချင်း ပြေလည်အောင် ညှိနှိုင်းစေလိုကြောင်း ပြောပါတယ်။
“ သူတို့ အချင်းချင်း နားလည်မှုလွဲရင်တော့ ကျနော်တို့ လူထုကတော့ နေဖို့ ခက်တာပေါ့ဗျာ။ ဟို လူမျိုးရေး ပဋိပက္ခမဖြစ်တာတောင် လူထုကြားကတော့ ယုံကြည်မှုတော့ ကြာလာရင်တော့ နည်းနည်းလေးတော့ ထိခိုက်လာမှာပေါ့။ ဖြစ်စေချင်တဲ့ ဆန္ဒကတော့ အချင်းချင်း ညှိနှိုင်းကြပေါ့။ ပြေပြေလည်လည် ဒါပါပဲ။”
လက်ရှိအချိန်မှာတော့ ရှမ်းမြောက်ဒေသက လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးကို အသုံးမပြုနိုင်ဘဲ တောလမ်းတွေကနေ သွားလာနေရတာနဲ့ စစ်ကောင်စီဘက်က ကုန်ပစ္စည်းတင်သွင်းမှု ကန့်သတ်တာကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲနေသလို လမ်းခရီးမှာလည်း လက်နက်ကိုင်အဖွဲ့အစည်း အမျိုးမျိုးက ဂိတ်ကြေးကောက်ယူတာကြောင့် ကုန်ပစ္စည်းရှားပါးတာနဲ့ ဈေးနှုန်းကြီးမြင့်တာတွေကို ရင်ဆိုင်နေကြရပါတယ်။
Your browser doesn’t support HTML5