အိန္ဒိယနိုင်ငံမှာ သီတင်း(၆)ပတ်ကြာ ကျင်းပနေတဲ့ ရွေးကောက်ပွဲရဲ့ နောက်ဆုံးအဆင့်ကို စနေနေ့ (ဇွန် ၁ ရက်) က ကျင်းပခဲ့ကြပြီး မဲရုံအထွက် စစ်တမ်းတွေအရ လက်ရှိ ဟိန္ဒူအမျိုးသားရေးပါတီ (BJP)က အသာရနေပြီး ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ တတိယအကြိမ် ဆက်တိုက် အာဏာရယူနိုင်ဖို့ အလားအလာရှိနေတယ်လို့ အိန္ဒိယပြည်တွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
စနေနေ့က မဲပေးမှုတွေအပြီးမှာ “အောင်ပွဲရရှိပြီ”လို့ မိုဒီက မှတ်ချက်စကားပြောခဲ့ပေမယ့် မဲရုံအထွက် စစ်တမ်းတွေကို ရည်ညွှန်းတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ မိုဒီရဲ့ BJP ပါတီနဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ အမတ်နေရာ ၅၄၃ နေရာမှာ ၃၅၀ ကျော် အနိုင်ရရှိနိုင်မယ်လို့ ခန့်မှန်းထားကြပြီး ဒါဟာ အစိုးရဖွဲ့ဖို့ ၂၇၂ နေရာထက် အများကြီးပိုပါတယ်။
Your browser doesn’t support HTML5
အသက် ၇၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ မိုဒီသာ အနိုင်ခဲ့ရင် အိန္ဒိယရဲ့ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟာလာနေရူး နောက်ပိုင်း (၃)ကြိမ်ဆက် အာဏာရယူနိုင်တဲ့ ပထမဆုံး အိန္ဒိယခေါင်းဆောင် ဖြစ်လာပါမယ်။
လက်ရှိစစ်တမ်း (၆)ခုရဲ့ စာရင်းတွေအရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ မဟာမိတ်အဖွဲ့(NDA)က ၃၅၅ နေရာကနေ ၃၈၀ နေရာကြားအထိ အနိုင်ရရှိနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ NDA ဟာ ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းက ၃၅၃ နေရာအနိုင်ရခဲ့ပြီး အဲ့ထဲမှာ BJP ပါတီက ၃၀၃ နေရာရရှိခဲ့တာပါ။
တဖက်မှာလည်း အဓိက အတိုက်အခံ ကွန်ဂရက်ပါတီနဲ့ နိုင်ငံရေးမဟာမိတ်အဖွဲ့ ဒေသတွင်းပါတီ နှစ်ဒါဇင်ကျော်ပါဝင်တဲ့ I-N-D-I-A ("အင်ဒီယား")လို့ခေါ်တဲ့ အိန္ဒိယ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ အားလုံးပါဝင်နိုင်ရေး မဟာမိတ်အဖွဲ့ကတော့ အနည်းဆုံး နေရာ ၂၉၅ အနိုင်ရဖို့ ရည်မှန်းထားတယ်လို့ စနေနေ့ကပဲ ပြောပါတယ်။
SEE ALSO: ၂၀၂၄ အိန္ဒိယ ရွေးကောက်ပွဲမဲရုံအထွက် စစ်တမ်းတွေမှာတော့ ရာဟုလ်ဂန္ဒီ (Rahul Gandhi) ကွန်ဂရက်ပါတီ ဦးဆောင်တဲ့ အတိုက်အခံ "အင်ဒီယား" မဟာမိတ်အဖွဲ့က အမတ်နေရာ ၁၂၅ နဲ့ ၁၆၅ ကြား အနိုင်ရဖို့ ခန့်မှန်းထားကြပါတယ်။
စနေနေ့က မဲပေးပွဲတွေကတော့ ပူပြင်းလှတဲ့ နွေရာသီ အပူချိန်အောက်မှာ ရွေးကောက်ပွဲ သတ္တမအဆင့်အဖြစ် မဲဆန္ဒရှင်တွေဟာ ပါလီမန်မဲဆန္ဒနယ် ၅၇ ခုအတွက် မဲပေးခဲ့ကြတာပါ။ လာမယ့် အင်္ဂါနေ့မှာ အောက်လွှတ်တော်မှာ ရွေးကောက်ခံ ၅၄၃ နေရာစလုံးအတွက် မဲတွေကို ရေတွက်မှာဖြစ်ပြီး အိန္ဒိယမှာ အီလက်ထရွန်းနစ် မဲပေးစက်တွေကို အသုံးပြုတာကြောင့် အဲဒီနေ့မှာပဲ ရလဒ်တွေ စသိရဖို့ မျှော်လင့်ရပါတယ်။