လတ်တလော အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်မြို့ ဖြစ်စဥ် အပြီး ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေထဲမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေက လူငယ်တွေကို စုဆောင်းတာတွေ ဖြစ်နေပြီး ဒါကိုလည်း အာဏာပိုင်တွေက မျက်ကွယ်ပြုထားလို့ အခြေအနေတွေက ရှုပ်ထွေးနေတယ်လို့ ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာ ပညာရေးနဲ့ သုတေသန အလုပ်တွေ လုပ်နေတဲ့ နိုင်ငံတကာ လွတ်လပ်တဲ့ လေ့လာသူတဦးက ဗွီအိုအေကို ပြောလိုက်ပါတယ်။ ရခိုင်က ကြီးထွားလာနေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အခြေအနေနဲ့ နှစ်ဘက် အသိုင်းအဝန်းရဲ့ ရှေ့အလားအလာတွေ အကြောင်းကို မြန်မာနိုင်ငံမှာ ဆယ်စုနှစ် တခုကျော်ကြာ နေထိုင်ခဲ့ပြီး ငြိမ်းချမ်းရေး၊ ပြည်သူ့ရေးရာ ပညာရေးနဲ့ လေ့လာရေး အလုပ်တွေ လုပ်နေတဲ့ Jessica Olney ကို ကိုငြိမ်းချမ်းအေးက Zoom ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) - ဟုတ်ကဲ့ အခုလို ပါဝင်ဆွေးနွေးပေးတာ ကျေးဇူတင်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက အခြေအနေတွေ အကြောင်း အသေးစိတ် မဆွေးနွေးခင် Jessica Olney အနေနဲ့ မြန်မာနဲ့ ပတ်သက်နေတဲ့ အလုပ်တွေ၊ သုတေသနတွေ အကြောင်း အရင် ပြောပြပါဦး။
Jessica Olney (သုတေသီ) - ကျွန်မနာမည်က Jessica Olney ပါ။ ကျွန်မက အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာ တွေနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ သုတေသီ၊ လေ့လာသူ တဦးအနေနဲ့ ပြောတာ ဖြစ်ပါတယ်။ ဒီလို သူတေသီ မလုပ်ခင်မှာ မြန်မာနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကတည်းက အဆင့်မြင့် ပညာရေး၊ ပြည်သူ့ရေးရာနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ ပညာရေး ကဏ္ဍတွေမှာ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံက အံ့သြဖွယ်ရာ ကောင်းတဲ့ လူတွေနဲ့ တွေ့ကြုံခဲ့ရပြီး မြန်မာပြည်ကြီးကို သံယောဇဥ် ဖြစ်ခဲ့သလို မြန်မာအရေးအတွက် ထဲထဲဝင်ဝင် လုပ်ဖို့ ဖြစ်လာတာပါ။ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဥ်ထဲမှာလည်း ပညာရေး ဆိုင်ရာမှာ ပါခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇၊ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေက စပြီးတော့ ကော့ဇ်ဘဇား (Cox's Bazar) က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ပညာရေး လုပ်ငန်းတွေ လုပ်ခဲ့သလို အခုအထိ သုတေသနတွေလည်း လုပ်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) - ဟုတ်ကဲ့ပါ။ အခု လတ်တလော ဖြစ်ခဲ့တဲ့ ဘူးသီးတောင်မြို့က ဖြစ်ရပ်တွေ အပြီးမှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး စခန်းတွေထဲမှာ ဘာတွေ ကြားသိထားလဲဗျာ။
Jessica Olney (သုတေသီ) - ရိုးရိုးသား ပြောရရင် ပြီးခဲ့တဲ့ ရက်တွေထဲ ကျွန်မ ကြားသိရသမျှကတော့ အတင်းအကျပ် လူသစ်စုဆောင်းခံရမှာကို အတော့်ကို ထိတ်လန့်ကြေက်ရွံ့နေတဲ့ အကြာင်းပါ။ နယ်စပ်တဘက်မှာ ဖြစ်ပျက်နေတာတွေကို လူတွေက စောင့်ကြည့်နေကြပါတယ်။ သူတို့ရဲ့ အဆက်အသွယ်တွေနဲ့ လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေပေါ်ကနေ သတင်းအချက်အလက်တချို့ ရယူကြပါတယ်။ တကယ်တမ်း ပြောရရင် စခန်းတွေထဲမှာ အသက်လုပြီး ပြေးလွှားနေကြရတယ်လို့တောင် ဆိုရမှာပါ။ ဒီရက်တွေထဲ လူတွေရဲ့ အဓိက အလုပ်ကတော့ ဂိုဏ်းသားတွေက လူတွေကို ခေါ်ထုတ်ဖို့ ကြိုးစားနေတာကို ပြန်လည် တားဆီးကာကွယ်နေရတာပါ။
ငြိမ်းချမ်းအေး (ဗွီအိုအေ) - ဒေသခံ ရိုဟင်ဂျင်တွေရဲ့ မီဒီယာ ဖြေကြားချက်တွေကိုကြည့်ရင် အာဆာ (ARSA) က ဘင်္ဂလားဒေ့ရှ်က စခန်းတွေထဲမှာ သူတို့ အဖွဲ့ဝင်တွေကို လူသစ်စုဆောင်းနေတာ နှစ်အတော်ကြာနေပါပြီ။ RSO ကလည်း ဒီလိုပဲ လူတွေကို အဖွဲ့ဝင် အဖြစ် စတင် စုဆောင်းနေပါတယ်။ နောက် ဒီဘက်မှာလည်း သိပ်မကြာခင်က စပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းတာ တွေ့ခဲ့ရပါတယ်။ အာရက္ခတပ်တော်ဘက်ကလည်း စစ်တပ်ကို ခုခံဖို့ ရိုဟင်ဂျာတွေကို သူတို့နဲ့ ပူးပေါင်းဖို့ တောင်းဆိုတာတွေ ရှိတယ်လို့ ပြောကြပါတယ်။ ဒီလို လက်နက်ကိုင်အဖွဲ့အမျိုးမျိုးကြားမှာ ရိုဟင်ဂျာတွေ တပ်သားသစ် စုဆောင်းခံနေရတာက ရခိုင်က ပဋိပက္ခ အလားအလာ အခြေအနေကို ဘယ်လိုပြောင်းလဲစေသလဲ ခင်ဗျာ။
Jessica Olney (သုတေသီ) - ကျွန်မနောက်ခံ အကြောင်းအရာ နည်းနည်းလောက် ရှင်းပြပါရစေ။ အတိုကောက် အာဆာ (ARSA) လို့ခေါ်ကြတဲ့ Arakan Rohingya Salvation Army (အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်) က စခန်းတွေထဲမှာ လူသစ် စုဆောင်းနေတာ ကြာပြီ ဖြစ်ပေမယ့် ဒီလို အဖွဲ့၀င် စုဆောင်းနိုင်တဲ့ အရေအတွက်က လူဦးရေရဲ့ ရာခိုင်နှုန်းနဲ့ ဆိုရင် အလွန်နည်းပါးပါတယ်။ သူတို့ကို လူတွေကို ထိတွေ့ဆက်ဆံနိုင်တာထက် လူတွေကို ပို ထိခိုက်စေပြီး လူသစ်စုဆောင်းနိုင်မှုမှာ အလွန်နည်းပါးခဲ့ပါတယ်။ သိပ်မကြာသေးတဲ့ အချိန်ကျမှ သာ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) က ဒုက္ခသည်စခန်းက လူငယ်ထောင်ပေါင်းများစွာကို မြန်မာနိုင်ငံထဲကို ပြန်ခေါ်သွားကြပြီး တိုက်ပွဲဝင်ရမယ့်အချိန်ရောက်ပြီ လို့ ပြောလာကြပါတယ်။ ဒါ့ပေမယ့် မေးရမယ့် မေးခွန်းက သူတို့ ဘယ်လို အကျိုးအကြောင်းဆီလျှော်အောင် ပြမှာလဲ။ သူတို့ဘာလုပ်ကြမလဲ ဆိုတာပါ။
ဒီနေ့တွေထဲမှာ စခန်းတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေဆီက ကြားသိနေရတာကတော့ ဥပမာ အခု ကြေညာနေတာက သူတို့ ဘာတွေ စီစဥ်နေကြလဲလို့ မေးလိုက်ရင် "သြော်... သူတို့ AA နဲ့ တိုက်ဖို့ ခေါ်တယ် ပြောတာပဲ" လို့ တယောက်က ပြန်ဖြေပါမယ်။ နောက် တယောက်က ဖြေရင် "သူတို့ စစ်ကောင်စီနဲ့ တိုက်ဖို့ ခေါ်သွားတာဖြစ်မယ်" လို့ ပြောပါတယ်။ သူတို့က မသိကြပါဘူး။ တခြား တယောက်ကကျတော့ “ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ရပိုင်ခွင့် အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ ခေါ်ဆောင်သွားရ တာပါ” လို့ ဖြေပါတယ်။ သူတို့ ဘာလုပ်ရမယ်ဆိုတာတောင် တကယ်တော့ သူတို့ မသိကြပါဘူး။ ဆိုတော့ ဒါကို ကြည့်ရင် သူတို့တွေရဲ့ အခွင့်အရေးတွေ ဘယ်လောက်တောင် ပျက်ပြားနေလဲ၊ သူတို့ အသိုင်းအဝိုင်းထဲမှာ ဘယ်လောက်တောင် ဝေခွဲမရ ဖြစ်နေလဲဆိုတာ ရှင်းရှင်းလင်းလင်း ညွန်ပြနေပါတယ်။ ဒါက (လူသစ် စုတောင်းတာက) ရိုဟင်ဂျာ အသိုင်းအဝန်း အောက်ခြေ ရပ်ရွာအဆင့် အခြေပြု ဖြစ်ပျက်နေတာ မဟုတ်ပါဘူး။ ဒါက တခြား ပြင်ပ တနေရာက လာနေတာပါ။ ရိုဟင်ဂျာ တွေဟာ သူတို့ အတင်းအကျပ် လူသစ်စုဆောင်းခံနေရတယ် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုတောင် လုံး၀ မသိနိုင်တဲ့ အခြေအနေပါ။ ဒါက ဒုက္ခစခန်းတွေ ဖြစ်ပျက်နေတဲ့ ပုံစံအသစ်တခုဖြစ်ပါတယ်။
နောက် တခုကတော့ ကျွန်မ အနေနဲ့တော့ AA က (ရိုဟင်ဂျာတွေကြားမှာ) လူသစ်စုဆောင်းဖို့ ကြိုးစားနေတယ်ဆိုတာကိုတော့ မကြားမိပါဘူး။ ဒါပေမယ့် ရခိုင်မှာ လူတွေနဲ့ ဆက်သွယ်လို့ရဖို့က အတော့်ကို ခက်ခဲပါတယ်။ ဆက်သွယ်ရေး အခက်အခဲကြောင့် အဆက်အသွယ် ချိတ်ဆက်မှုတွေ အများကြီး မရှိတာလည်း ပါ ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) - အထူးသဖြင့် ဒုက္ခသည်စခန်းတွေထဲမှာ ရိုဟင်ဂျာတွေ လူသစ်စုဆောင်းခံနေရတာ အပါအဝင် ဒီပဋိပက္ခမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘယ်လို အခန်း ကဏ္ဍက ပါဝင်နေလဲ။ နယ်စပ်မှာ နောက်ထပ် ပဋိပက္ခတွေ တားဆီးနိုင်ဖို့ ဘယ်လို ပါဝင်နေလဲ။
Jessica Olney (သုတေသီ) - ဟုတ်တယ်၊ ဒီနေရာမှာ ရှုပ်ထွေးမှုတွေ အများကြီး ရှိနေပါတယ်။ စခန်းတွေထဲမှာ ဘယ်လို ဖြစ်ပျက်နေလဲ ဆိုတာ မြင်ယောင်ကြည့်နိုင်ဖို့ ကျွန်မ ပြောပြပါမယ်။ ဒုက္ခသည်စခန်းတွေ ဆိုတာက အလွန့် အလွန်ကို ထိန်းချုပ်ခံထားရတဲ့ ပတ်ဝန်းကျင်တခုပါ။ သံဆူးကြိုးတွေ ကာရံထားပါတယ်။ လူတွေမှာ လွတ်လပ်မှုမရှိသလို အဖွဲ့အစည်းတွေလည်း များများစားစား မရှိကြဘူး။ ဒါကြောင့် စခန်းတွေမှာ ဖြစ်ပျက်နေတဲ့ ကိစ္စမှန်သမျှ ဘင်္ဂလားဒေ့ရှ် အစိုးရ သိပါတယ်။ ယုတ်စွ အဆုံး အနည်းဆုံးအဆင့် အစိုးရနဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေ တခြား အေဂျင်စီတချို့က သိနေပါတယ်။
အခုလတ်တလော ညတွေမှာ အဲဒီမှာ ဖြစ်ပျက်နေတာက နေအိမ်တွေကနေ လူငယ်လေးတွေကို ဆွဲထုတ်နေကြတဲ့ လက်နက်ကိုင်အဖွဲ့၀င်တွေကို အပြင်းအထန် ပြန်လည် ဆန့်ကျင်ဖို့ လမ်းတွေပေါ်မှာ လူတွေ ထောင်နဲ့ချီ ရှိနေခဲ့တာပါ။ မိခင်တွေ ရာနဲ့ချီ ဒါမှမဟုတ် ထောင်နဲ့ချီ ထွက်လာပြီး ခုခံ ငြင်းဆန်နေရတာပါ။ ဒါကပဲ သူတို့အတွက် တခုတည်းသော အကာအကွယ်ပါပဲ။
ဘာကြောင့် သူတို့အတွက် တခြားအကာအကွယ်မရှိ ဖြစ်နေရတာလဲ။ ဒါကြောင့် ဒီဟာက အာဏာပိုင်တွေက တမင် ခွင့်ပြုပေးထားတာလို့ ယူဆနိုင်စရာ ဖြစ်လာပါတယ်။ ဘင်္ဂလာဒေ့ရှ်က ဘာကြောင့် မျက်ကွယ်ပြုထားသလဲ၊ ဒါကို တားဆီဖို့ ဘာကြောင့် မကြိုးစားသလဲဆိုတာ ကျွန်မတို့ ရှင်းရှင်းလင်းလင်း သိပ်မရှိလှပါဘူး။
မြန်မာ စစ်ကောင်စီဘက်က ဆိုရင်တော့ ပိုရှင်းပါတယ်။ အထူးသဖြင့် ရခိုင်မှာ သူတို့က နောက်ဆုတ်ပေးနေရတာပါ။ ဒါကြောင့် သူတို့က မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို အသက်သွင်းလာပါတယ်။ ရိုဟင်ဂျာတွေကို ဘာကြောင့် အတင်းအကျပ် လူသစ်စုဆောင်းရလဲဆိုတာ ကျွန်မတို့ သိမြင်နိုင်ပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် အနေနဲ့ သူတို့ နယ်စပ်မှာ မတည်မငြိမ်ဖြစ်စေဖို့ ဘာကြောင့် လုပ်ချင်ရသလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ နိုင်ငံရေး အခြေအနေက လမ်းကြောင်း သိသိသာ ပြောင်းနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီတော့ ဒီနေရာမှာ စစ်ကောင်စီရဲ့ ကြိုးပမ်းချက်တွေကို ဘာကြောင့် သူတို့က ပံ့ပိုးပေးနေရလဲဆိုတာရဲ့ ရည်မှန်းချက်က ဘာပါလဲ။ ဒီကိစ္စ ကျွန်မတယောက်တည်းတင် ဝေခွဲမရ ဖြစ်နေတာမဟုတ်ဘူး။ ကျွန်မနဲ့ စကားပြောကြသူတွေ အားလုံးနဲ့ တခြား လေ့လာသုံးသပ်သူတွေလည်း အလားတူ ရှုပ်ထွေးနေပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) - ဟုတ်ကဲ့ မကြာသေးခင်က USIP (အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု) က ထုတ်တဲ့ စာတမ်းထဲမှာ ရခိုင်မှာ ပဋိပက္ခတွေ ပိုပြီး ကြီးထွားလာနေတာကို ဂျက်ဆီကာက ဆွေးနွေးထားတာကို ဖတ်ရပါတယ်။ အဲဒီမှာ သုတေသနလုပ်ခဲ့တာနဲ့ ဒေသခံအသိုင်းအဝိုင်းနဲ့ တွေ့ဆုံမေးမြန်းချက်တွေကို အခြေခံရင် သူတို့တွေ အဓိက ဘာတွေကို စိုးရိမ်ပူပန်နေရကြလဲ။ မြေပြင်အခြေအနေက ဘယ်လောက်အန္တရာယ်များလဲဗျာ။
Jessica Olney (သုတေသီ) - ရိုဟင်ဂျာအဖွဲ့တွေဆီက ကြားသိရတဲ့အချက်လက်တွေအရ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေက တကယ့်ကို ကြီးပါတယ်။ ပြီးတော့ သူတို့က အစိုးရမဟုတ်တဲ့ ကူညီရေး အဖွဲတွေဆီက အကူအညီ မရတော့ (၆) လကျော်နေပြီလို့ ထင်ပါတယ်။ ဒါဟာ လုံးဝ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဘေးကြီး ဆိုက်နေတာပါ။ ဒါပေမယ့် တချိန်တည်းမှာပဲ၊ ကျွန်မတို့နဲ့ ဆက်သွယ် စကားပြောဆိုသူတွေရဲ့ ပြောဆိုချက် အရ ဆိုရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးပေးနေသူတွေ အနေနဲ့ တခြား နည်းလမ်း တခုခုနဲ့ ငွေသားတွေ ပံ့ပိုးနိုင်ရင် စားနပ်ရိက္ခာတွေကို ဆက်ပြီး ဝယ်ူနိုင်မယ့် အခြေအနေ ရှိလို လက်ရှိ ဘာ အကူအညီမှ မရဖြစ်နေတာကို စိတ်ပျက်နေကြတယ်လို့ ပြောပါတယ်။ စာနာမှု အကူအညီတွေကို တိုက်ရိုက် မပို့ဆောင်နိုင် ဖြစ်နေတဲ့ အကျပ်အတည်းကာလမှာ သူတို့ တခြား နည်းလမ်း တခု ကြံဆ ပြီး ငွေသားလွှဲပြောင်း ပေးပို့တာမျိုး ဘာကြောင့် မစဉ်းစားကြလဲ ဆိုတာကို ထောက်ပြကြပါတယ်။ အခြေခံကျကျ ပြောရရင်တော့ အဲဒီ လူမှုအသိုင်းအဝန်းတွေကြား ပြောနေကြတာကတော့ လူသားချင်းစာနာထောက်ထားမှုပေးနေသူတွေ အနေနဲ့ ဒီထက်ပိုပြီး ထိထိရောက်ရောက် လုပ်ဖို့ လိုနေတယ်လို့ ပြောနေကြတာပါပဲ။
ကျွန်မနဲ့ အဲ့ဒီလို ဆက်သွယ် ပြောဆိုခဲ့တာက အချိန် အတော်တောင် ကြာခဲ့ပါပြီ။ အခုအခြေအနေဆိုရင် ပိုဆိုးလာနေပါပြီ။ အကူအညီတွေရဖို့ အရင်ကထက်တောင် ပိုခက်ခဲလာနေပါတယ်။ လူတွေက ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ မီးလောင်မှုတွေ အများအပြားဖြစ်ခဲ့ပြီး လူပေါင်း သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ အကြောင်းတွေ ကြားနေရ ပါတယ်။
နောက်တခုက ရခိုင်အသိုင်းအ၀ိုင်းကလည်း ပြေးလွှားပြီး ဒုက္ခရောက်နေကြတယ်ဆိုတာကို လည်း နားလည်ရပါမယ်။ တခြားလူနည်းစုအုပ်စုတွေကိုလည်း အသိအမှတ်ပြုဖို့ အရမ်းအရေးကြီးတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) - လက်ရှိဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကြားမှာ လူမှုအဖွဲ့အစည်းအားလုံးအတွက် အဆိုးရွားဆုံး လူ့အခွင့်အရေးပြဿနာတွေက ဘာဖြစ်မလဲ ခင်ဗျာ။
Jessica Olney (သုတေသီ) - ကျွန်မပြောခဲ့သလိုပဲ လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်တွေက ပထမဆုံးနဲ့ အရေးအကြီးဆုံး လိုအပ်နေတာပါ။ ဒါက ရှင်သန်ရေးကိစ္စပါ။ လူတွေက မသေရုံတမယ် ရှင်သန် ရပ်တည်နေတာပါ။ လိုအပ်ချက်နဲ့ အချက်အလက်အစစ်အမှန် ရယူနိုင်မှုကလည်း အလွန်ခက်ခဲနေပါတယ်။ အခု တလတ်တလော တိုက်ပွဲတွေ အရမ်းပြင်းထန်နေတဲ့ ရခိုင် မြောက်ပိုင်းတခွင်မှာ အရာရာမှာ လိုအပ်ချက်တွေ ရှိနေမယ်လို့ ယူဆနိုင်ပါတယ်။ ဒါက ရေတိုအဖြေအနေနဲ့ ပြောပါ။ ရေရှည်မှာဆိုရင်တော့ အခြေအနေတွေ ပိုအေးချမ်းသွားဖို့ ဒါမှမဟုတ် ဒီထက်ပိုပြီး တည်တည်ငြိမ်ငြိမ်ဖြစ်လာရေး မျှော်လင့်ချက် ရှင်သန် အမြစ်တွယ်နိုင်ဖို့က သန်းနဲ့ချီပြီး တောင် လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါတွေကို အပြင်ကလူတွေထက် မြန်မာနိုင်ငံထဲကလူတွေ ပိုပြီး ကောင်းကောင်း သိပါတယ်။
Your browser doesn’t support HTML5
ငြိမ်းချမ်းအေး (ဗွီအိုအေ) - ဟုတ်ပါတယ်၊ ဒါပေမယ့် လူမှုအသိုင်းအဝိုင်းကြား တင်းမာမှုတွေကရော ဘယ်လိုဖြစ်မလဲ။ ဒါက အဲဒီဒေသက အသိုင်းအဝိုင်းနှစ်ခုလုံးရဲ့ အကျိုးကို အခြိမ်းခြောက်နိုင်ဆုံးဖြစ်နေတဲ့ ပြဿနာဖြစ်မလား။
သမိုင်းကြောင်းနဲ့ကို အငြင်းပွားနေကြတာပါ။ တခြား လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး ကွဲလွဲမှုတွေ၊ မကျေနပ်ချက်တွေ အများအပြား ရှိနေတယ်လို့ ကျွန်မထင်ပါတယ်။ ဒီတင်းမာမှုတွေက မီးတောက်လောင်ဖို့ လွယ်ပါတယ်။ ဒီလို တင်းမာနေတာကို ဘယ်သူက မီးတောက်လောင်အောင် လုပ်ချင်မလဲလို့ ပြန်မေးကြည့်တဲ့ အခါမှာ အဖြေက အတော့်ကို ရှင်းပါတယ်။ စစ်အစိုးရဟာ သမိုင်းတလျှောက်လုံး သွေးခွဲအုပ်ချုပ်မှုနည်းပရိယာယ်ကို အသုံးပြုလာခဲ့တာပါ။ ဒါကြောင့် အကျပ်အတည်းကာလမှာ ဒီငုပ်လျှိုးနေတဲ့ တင်းမာမှုတွေကို ဆူပွက်လာအောင် မီးထဲကို လောင်စာပစ်ထည့်နိုင်ရင် ဘယ်လို အကျိုးကျေးဇူး ရှိမလဲဆိုတာ သိပ်ကို သိသာနေပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ရခိုင်မှာ ဒီထက်ပိုပြီး ဆုံးရှုံးရင်၊ အာဏာပိုဆုံးရှုံးသွားရင်တောင်မှ မတည်မငြိမ်ဖြစ်အောင် ဆက်ကြိုးစားသွားမယ်လို့ ကျွန်မထင်ပါတယ်။ ဒီလို ထိထိရောက်ရောက် လုပ်နိုင်ဖို့ တိုက်ရိုက်နည်းလမ်းကတော့ သမိုင်းနဲ့ချီ ဖြစ်နေတဲ့ တင်းမာမှုတွေကို မီးထိုးပေးဖို့ပါ။
ဒါကို လူတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ကို သတိပြုမိလာကြပါပြီ။ ဒါပေမယ့်လည်း ဒီအချက်မှာက သက်ရောက်မှုက ရှိနေတုန်းပါပဲ။ သမိုင်းနဲ့ ချီ သဘောထားကွဲလွဲနေတာနဲ့ ပတ်သက်ပြီး သဘောတူညီချက်တခုရဖို့က အတူယှဉ်တွဲနေထိုင်ရေး လိုအပ်ချက်က အခြေခံ အကြောင်းတရားဖြစ်သလို အနာဂတ် အတွက်လည်း ဖြစ်တယ်ဆိုတာကို အခြေခံ အောက်ခြေ လူမှု အသိုင်းအဝန်းအဆင့်မှာကို နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။
Your browser doesn’t support HTML5
ငြိမ်းချမ်းအေး (ဗွီအိုအေ) – ဟုတ်ကဲ့၊ စာတမ်းထဲမှာ ရိုဟင်ဂျာတွေကြား နိုင်ငံရေးဦးဆောင်မှု ကင်းမဲ့နေတာကို ဂျက်ဆီကာ ထောက်ပြထားပါတယ်။ ဘယ်အချက်တွေက ရိုဟင်ဂျာကိုယ်စားပြုမှုကို မြှင့်တင်ပေးနိုင်ပြီး သူတို့ရဲ့အနာဂတ်ကို ပုံဖော်ရာမှာ ပိုမိုတက်ကြွတဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲ ခင်ဗျာ။
Jessica Olney (သုတေသီ) - ဟုတ်ပါတယ်၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှာ ရိုဟင်ဂျာ ကိုယ်စားပြုသူတွေ ပါဝင်လာတာဟာ ကောင်းမွန်တဲ့ အစပြုမှုတခုလို့ ကျွန်မထင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည် တော်တော်များများကို ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးခဲ့ဖူးပါတယ်။ သူတို့က ဒါဟာ ကောင်းမွန်တဲ့ စတင်မှုလို့ ခံစားရပေမယ့် သံသယကတော့ ရှိနေတုန်းပါပဲ။ ဒါကို အလုံးစုံ ယုံကြည်လာနိုင်ဖို့က ယုံကြည်မှုတည်ဆောက်ဖို့ အများကြီးလိုပါတယ်။ ဒါကလည်း ထင်ရှားတဲ့ သမိုင်း အဖြစ်အပျက်တွေကြောင့်ပါ။ နောက်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍက ဘယ်မှာ ရှိနေလို့လဲ။ ဟုတ်တယ်မလား။ ဒါက လူမှုအသိုင်းအဝန်းအားလုံးကို သက်ရောက်ပါတယ်။ ဒါပေမယ့် အနာဂတ်နိုင်ငံရေး ကိုယ်စားပြုမှုမှာ နိုင်ငံသားအခွင့်အရေးရရှိမှုနဲ့ ဆက်နွှယ်နေပါတယ်။ ဒီလို မဖြစ်ဘဲ တခြားတခုကို မျှော်လင့်ဖို့ မဖြစ်နိုင်ပါဘူး။
ငြိမ်းချမ်းအေး (ဗွီအိုအေ) – ဟုတ်ကဲ့ မေလ (၁၇) ရက်နေ့ ဖြစ်စဥ်တွေနောက်ပိုင်းမှာ ဒီကိစ္စက နိုင်ငံတကာမှာ ထိပ်တန်းသတင်းတွေ ပြန်ဖြစ်လာပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာတွေ နေထိုင်နေတဲ့ ဘူးသီးတောင်မြို့ကို AA က လုံးဝထိန်းချုပ်လိုက်ပြီး နောက်ပိုင်းမှာ ပဋိပက္ခတွေ၊ ဖြစ်စဥ်တွေက မတူကွဲပြားတဲ့ လူအုပ်နှစ်ခုကြား ဆက်ဆံရေးနဲ့ အနာဂတ်ကို သက်ရောက်နေမလားဗျာ။
Jessica Olney (သုတေသီ) - ဘက်တိုင်းမှာ လူ့အဖွဲ့အစည်းတိုင်းမှာ အစွန်းရောက်တွေကတော့ ရှိကြပါတယ်။ အရေးကြီးဆုံးအချက်ကတော့ လူအားလုံးနီးပါး အရပ်သားတွေက ငြိမ်းချမ်းမှုကို လိုလားကြပါတယ်။ သူတို့ရဲ့ သားသမီးတွေကို ပြုစုပျိုးထောင်ချင်ကြပါတယ်၊ အေးအေးဆေးဆေး နေချင်ကြတယ်၊ အဲဒါက လူတိုင်းပါပဲ။ ဒါကြောင့် ဘယ်လိုပဲ ယဉ်ကျေးမှုဆိုင်ရာ ပြဿနာတွေ၊ အသိုင်းအဝိုင်းကြား တင်းမာမှုတွေ ရှိပါစေ၊ အခြေခံကတော့ ဒါပါပဲ။ လူ့အဖွဲ့အစည်းတခု အကြောင်း အများကြီး သိစရာမလိုပါဘူး။ လူတွေက ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ အေးအေးဆေးဆေး နေလိုကြပါတယ်။ သားသမီးတွေကို ပြုစုပျိုးထောင်ချင်ကြပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) – ဟုတ်ကဲ့ ဂျက်ဆီကာက မြေပြင်မှာ နှစ်အတော်ကြာအောင် နေခဲ့သူလည်း ဖြစ်တယ်။ အစောပိုင်းက ပြောခဲ့သလိုပဲ ဒုက္ခသည် စခန်းတွေမှာက အားလုံးဝိုင်းရံထားပြီး အစောင့်အကြပ်တွေ နဲ့ တကယ်ပိတ်ဆို့ထားတဲ့ အသိုင်းအဝိုင်း ဖြစ်နေတယ်။ အကြမ်းဖက်မှုတွေ လုပ်ဖို့ စည်းရုံးခံရဖို့ လွတ်တယ်ဆိုပြီး ထောက်ပြကြတာတွေလည်း ရှိတယ်။ ဒီအခြေအနေမှာ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့ ဘာတွေကို အကြံပြုချင်ပါသလဲ။
Jessica Olney (သုတေသီ) - ရိုဟင်ဂျာတွေကို အကြမ်းဖက်ဖို့ လွယ်လွယ်နဲ့ လှုံ့ဆော်လို့ရတယ်ဆိုတာ ကျွန်မသဘောမတူပါဘူး။ ပြောချင်တာက လက်နက်ကိုင်အဖွဲ့အစည်းတွေက လူဦးရေနဲ့ ယှဉ်ရင် နည်းပါတယ်။ သူတို့က ရိုဟင်ဂျာတွေကို ဖိနှိပ်နေတာပါ။ ကျွန်မက သာမန် မြန်မာတွေထက် ပိုပြီး ရိုဟင်ဂျာလူမျိုးတွေအကြောင်း ကောင်းကောင်းသိပါတယ်။
သူတို့အပေါ် ဖြစ်ပျက်ခဲ့ အကြမ်းဖက်မှုတွေ အကြောင်းကို အမြဲ ဝမ်းပန်းတနည်းနဲ့ ပြောတတ်ကြပါတယ်။ဒီလို အကြမ်းဖက်တာတွေကို အမြဲ ရှောင်နိုင်ဖို့ပဲ သူတို့ စဉ်းစားနေတာပါ။ ဒါကြောင့် အကြမ်းဖက်မှုထဲကို ခေါ်သွင်းခံရနိုင်ခြေက တခြားအသိုင်းအဝိုင်းတွေထက် ပိုပြီး ရိုဟင်ဂျာတွေမှာ ကျရောက် အန္တရာယ်ရှိနေတယ်လို့တော့ ကျွန်မ မထင်ပါဘူး။
ဒါပေမယ့် အခု ပြောနေတက အလုပ် လုပ်ကိုင်ခွင့် လုံးဝ မရှိတဲ့ ဒုက္ခသည် စခန်းတွေထဲက အခြေအနေပါ။ သူတို့မှာ အခြေခံစားဝတ်နေရေး ဖြည့်ဆည်းနိုင်ရုံ အခြေအနေပါ။ ဆိုတော့ ငွေကြေးမက်လုံးတွေနဲ့ လူသစ် စုဆောင်းခံရနိုင်ပါတယ်။ ဒါကလည်း တချို့လူတွေက ပါဝင်ပတ်သက်နေနိုင်ပေမယ့် စိတ်ပါလက်ပါ မဟုတ်ပါဘူး။ သူတို့က အကြမ်းဖက်ချင်ကြတယ်လို့ ပြောလို့မရပါဘူး။ လူတွေက တခါတရံမှာ အကြမ်းဖက်အုပ်စုတွေနဲ့ ပတ်သက်နေပြီး အကြမ်းဖက်မှုတွေကို ကျူးလွန်ကြပေမယ့် အတင်းအကျပ်ခိုင်းခံရတာပါ။
မေးတဲ့ မေးခွန်းကို တခြားရှုထောင့် တခုကနေ ထပ် ဖြေရရင် - ဘင်္ဂလားဒေ့ရှ်က စခန်းတွေထဲမှာ လူသားချင်းစာနာမှု အလုပ်အများစုက အခြေခံ ရှင်သန်ရပ်တည်ရေး ဖြည့်ဆည်းပေးရုံပဲ ဖြစ်နေပါတယ်။ စားနပ်ရိက္ခာ၊ အမိုးအကာ၊ အခြေခံပညာရေး ဒါအကုန်ပါပဲ။ ဒါကို ကျွန်မတို့က ပြည်သူ့ပညာပေးအစီအစဉ်တွေ၊ ငြိမ်းချမ်းရေး အတွက် ပညာရေး အစီအစဥ်တွေ၊ ဗဟုဝါဒကို လူအများတွေးခေါ်နိုင်ဖို့နဲ့ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေ အတူယှဉ်တွဲနေထိုင်ဖို့ လိုအပ်ကြောင်း စတာတွေကို အဲဒီမှာ သင်ကြားပို့ချနိုင်ဖို့ ကြိုးစားပါတယ်။ ဒါတွေက မြန်မာနိုင်ငံထဲက နေရာအများအပြားမှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုရဲ့ အခြေခံ သင်ရိုးညွှန်းတမ်းအတိုင်း အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းတာပါ။ ဒါတွေကို ဒုက္ခသည် စခန်းထဲက သူတွေကလည်း လိုလိုလားလား ရှိကြပါတယ်။ သူတို့က အဲဒါကို ပိုပြီးလေ့လာချင်ပေမယ့် ဒီလိုကိစ္စတွေ အတွက်ကျ ရန်ပုံငွေမရှိပါဘူး။
ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းနဲ့ အလှူရှင်တွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေသူတွေကို တောင်းဆိုဖို့ လိုပါတယ်။ အရေးပေါ်အခြေအနေမှာ လူတွေရဲ့ အခြေခံအသက်ရှင်ရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လူတွေအတွက် လိုအပ်တဲ့၊ ရေရှည် အကျိုးရှိမယ့် ကိစ္စတွေမှာလည်း ရင်းနှီးမြုပ်နှံဖို့ မမေ့ဖို့ လိုပါတယ်။
လူ့အဖွဲ့အစည်းတခုမှာ အခုလောလောဆယ် ငြိမ်းချမ်းရေး ဒါမှမဟုတ် တည်ငြိမ်မှု မရှိသေးရင်တောင် ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို ဘယ်လိုတည်ဆောက်နိုင်လဲ ဆိုတာကို သိနိုင်ဖို့က ငြိမ်းချမ်းရေး ဆိုတာ ဘယ်လိုပုံစံလဲဆိုတာကို သူတို့ကို နားလည်လာစေဖို့ ကူညီပေးရပါမယ်။ ကျွန်မတို့ မျိုးဆက် တခု အတွင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မကြာခင် အချိန်အတွင်းမှာတော့ ဖြစ်ကောင်းမှဖြစ်နိုင်ပေမယ့် ဒါက ရိုဟင်ဂျာနဲ့ တခြားလူမှုအသိုင်းအဝိုင်းတွေကြားမှာ တကယ့်ကို လိုအပ်နေတဲ့ ထောက်ပံ့မှုမျိုးလို့ ကျွန်မထင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) – ဟုတ်ကဲ့ ဂျက်ဆီကာရဲ့ အမြင်အရ၊ အတွေ့အကြုံရ ဆိုရင် ရေရှည်အတွက် အဖြေက ဘာဖြစ်မလဲ ခင်ဗျာ။
Jessica Olney (သုတေသီ) - ကျွန်မကတော့ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ အတူယှဉ်တွဲနေထိုင်ရေးနဲ့ အခွင့်အရေးတွေကို ယုံကြည်ပါတယ်။ ပြီးတော့ လူမှုအသိုင်းအဝိုင်းတွေ နစ်နာတဲ့အခါ ရင်ကြားစေ့ရေး ရှိရပါမယ်၊ အမှားတွေကို အမှန်ဖြစ်အောင် ပြင်ရမယ် ထင်ပါတယ်။ ဒါက လူတိုင်းအတွက်ကို ဆိုလိုတာပါ။ ကျွန်မက ဒါကို လူမျိုး၊ နိုင်ငံ တခုတည်း အပေါ် အခြေခံပြီး မဖြေချင်ပါဘူး။ အထူးသဖြင့် ကျွန်မနဲ့ လူမျိုး နိုင်ငံ အရ ပါဝင် ပတ်သက်တာမျိုး မရှိတဲ့ အနေအထားတခုမှာပါ။ ဆိုတော့ လူသား ရှုထောင့် အမြင်ကနေ ပြောရရင် မြန်မာနိုင်ငံလည်း ပါဝင်နေတဲ့ ကမ္ဘာကြီး တခုလုံးအတွက် နေရာတိုင်းမှာ ပိုမိုကောင်းမွန်တဲ့ အရာကို စိတ်ကူး မျှော်မှန်း ကြည့်နိုင်ရပါမယ်။
လူမှုအသိုက်အဝန်း အားလုံးနီးပါးက ငြိမ်းချမ်းရေးကို လိုလားကြပြီး အရပ်သားတွေဟာ ဘယ်တော့မှ သူတို့ရဲ့ အစိုးရ ဒါမှမဟုတ် သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထပ်တူမကျကြောင်း ထပ်ခါထပ်ခါ ထပ်ခါတလဲလဲ ပြောချင်ပါတယ်။ သူတို့မှာ ကိုယ်ပိုင်အမြင်ရှိတယ်ဆိုတာ သိရပါမယ်။ အသိုင်းအဝိုင်း တခုထဲက အဆိုးဆုံး အစွန်းရောက်သူတွေကိုပဲ ကွက်ပြီး ကြည့်လို့ မရပါဘူး။ သူတို့က အသံပိုထွက်နိုင်တဲ့ အသံချဲ့စက် မိုက်တွေ ရှိနေလို့ ဆိုရှယ်မီဒီယာ စင်မြင့်တွေ ရှိနေလို့ မကြာခဏဆိုသလို မြင်နေရတဲ့ အစွန်း ရောက်သူတွေရဲ့ ဝါဒဖြန့် ပြောဆိုချက်တွေကို အခြေခံပြီးတော့ အဲ့ဒီ လူ့အသိုင်းအဝိုင်း တခုလုံးကြီးကို ယေဘုယျပုံဖော်လို့ မရပါဘူး။ လူတွေက ငြိမ်းချမ်းရေးကို လိုလားကြပါတယ်။ ပြည်သူတွေက သူတို့ရဲ့ အစိုးရ ဒါမှမဟုတ် သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့တွေ မဟုတ်ဘူးဆိုတာကို သတိထားဖို့ လိုပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) - ဟုတ်ကဲ့။ အခုလို့ ဖြေပေးတာ ဆွေးနွေးပေးတာအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။
Your browser doesn’t support HTML5