အစ္စရေးနဲ့ ဟာမတ်စ်တို့ Rafah မှာ တိုက်ပွဲပြင်းထန်နေ

Rafah ဒေသတိုက်ပွဲတွေကြောင့်ထွက်လာတဲ့မီးခိုးလုံးတွေကို စစ်ဘေးရှောင်ကလေးနှစ်ဦး ဘေးလွတ်ရာက ကြည့်ရှုနေစဉ် (မေ ၁၃၊ ၂၀၂၄)

အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြား ဂါဇာ တောင်ပိုင်းမှာရှိတဲ့ Rafah မြို့အပါအဝင် ဂါဇာကမ်းမြောင်မှာ ဒီကနေ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ပွဲတွေပြီးသွားတဲ့အခါ ပါလက်စတိုင်းဒေသတလျှောက် မင်းမဲ့စရိုက်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် လူဦးရေထူထပ်တဲ့ Rafah မြို့ကို ဝင်ရောက် တိုက်ခိုက်ခြင်းမပြုဖို့ အမေရိကန်က သတိပေးနေတဲ့ကြားက အစ္စရေးရဲ့ ခြေလျင်တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်နေတာပါ။ Rafah မြို့ဟာ ဟာမတ်စ်တို့ရဲ့ နောက်ဆုံး ခြေကုတ်စခန်းမြို့ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင် မြောက်ပိုင်းဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပေါ်နေကြောင်း AFP သတင်းမှာ ရေးပါတယ်။ ဂါဇာမြောက်ပိုင်း Jabalia ဒုက္ခသည်စခန်းနဲ့ Zeitun အရပ်တွေ အပါအဝင် Rafah မြို့အရှေ့ဘက်ပိုင်းမှာ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ တိုက်ခိုက်တာ၊ အမြောက်တွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ကြောင်း AFP သတင်းမှာ ရေးပါတယ်။

အခုလို တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် Rafah ကနေ ထွက်ပြေးလာသူ ဒုက္ခသည် ၃ သိန်း၊ ၆ သောင်း ရှိနေပြီဖြစ်ပြီး၊ ဒီလူတွေအတွက် ဘေးကင်းလုံခြုံတဲ့နေရာ မရှိတော့အောင် ဖြစ်နေပြီလို့ ဂါဇာက ပါလက်စတိုင်းတွေအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂ အေဂျင်စီ UNWRA က ပြောပါတယ်။

မနက်ဖြန် မေလ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ အစ္စရေးလွတ်လပ်ရေးနေ့ မတိုင်ခင် တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ မနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟာမတ်စ်က အစ္စရေးကို အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်ခဲ့တာ အခုဆိုရင် ၇ လ ကျော်လာခဲ့ပါပြီ။

Your browser doesn’t support HTML5

အစ္စရေးနဲ့ ဟာမတ်စ်တို့ Rafah မှာ တိုက်ပွဲပြင်းထန်နေ