အမေရိကန် ပြည်ထောင်စုက ပြည်နယ် ရှစ်ခုကနို့စားနွားမွေးမြူရေး လုပ်ငန်း နှစ်ဒါဇင်ကျော်မှာ ကြက်ငှက်တုပ်ကွေး ရောဂါ ပျံ့နှံ့နေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့အထိ အိုင်ဒါဟို၊ ကန်းဆက်၊ မစ်ရှီဂန်၊ နယူးမက္ကဆီကို၊ မြောက်ကာရိုလိုင်းနား၊ အိုဟိုင်းယိုး၊ တက္ကဆက်နဲ့ တောင်ဒါကိုတာ ပြည်နယ် ရှစ်ခုမှာ နို့စားနွားမွေးမြူရေခြံ ၂၆ ခုမှာ ကြက်ငှက်တုပ်ကွေး တွေ့ရှိထားပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့က အမေရိကန်အကြီးဆုံး ကြက်ဥ ထုတ်လုပ်သူ ဖြစ်တဲ့ Cal-Maine Foods က သူ့ရဲ့ တက္ကဆက်နဲ့ မီရှီဂန်က ကြက်မွေးမြူရေးခြံတွေမှာ ကြက်ငှက်တုပ်ကွေးတွေ့ရှိကြောင်း ကြေညာပြီး သီတင်းပတ် အနည်းငယ် အကြာမှာ အခုလို တခြား ပြည်နယ်တချို့ကို ပျံ့နှံ့လာတာပါ။
ဒါပေမယ့် အများပြည်သူအတွက် အန္တရာယ်ဖြစ်နိုင်ခြေ နည်းပြီး အမေရိကန် ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ စေ◌ျးကွက်မှာ ရှိနေတဲ့ နွားနို့တွေဟာ ပိုးသတ်ပြီးသား ဖြစ်လို့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်များကို သေစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နို့ထွက် ပစ္စည်းနဲ့ ဒိန်ခဲထုတ်ကုန်တွေမှာ ဗိုင်း ရပ်စ် ကူးစက်နိုင်ခြေနဲ့ ပတ်သက်လို့တော့ အချက်အလက်အများကြီး မသိရသေးကြောင်း အေပီသတင်းမှာ ဖော်ပြပါတယ်။ ဒါကြောင့် နို့ကို ကျိုချက်ပြီး မစားသုံးရင် အန္တရာယ်ရှိနိုင်ကြောင်း တာဝန်ရှိသူတွေက သတိပေလှုံ့ဆော်နေကြပါတယ်။
အမျိုးအစား Type A H5N1 လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကို အရင်ကတော့ အခြား နို့တိုက်သတ္တဝါတွေမှာ တွေ့ရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာတော့ နွားတွေမှာ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်ကျန်းမာရေးနဲ့ တိရစ္ဆာန် ဆိုင်ရာ ဌာနတွေက သတင်းထုတ်ပြန်ထားပါတယ်။
ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာမှုကို လေ့လာချက် အရ လူတွေကို ပိုမိုလွယ်လွယ်ကူကူနဲ့ ပျံ့နှံ့သွားနိုင်ကြောင်း ပြသတာမျိုး မရှိဘူးလို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) ကလည်း ထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5