မွန်လွှတ်တော် ဒုဥက္ကဌဟောင်းကို စစ်ကောင်စီဖမ်းဆီး

မွန်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦး

မွန်လွှတ်တော် ဒုဥက္ကဌ လုပ်ခဲ့သူ မွန်နိုင်ငံရေးသမား ဒေါက်တာအောင်နိုင်ဦးနဲ့ သတင်းသမားဟောင်းကိုမျိုးအောင်တို့ နှစ်ဦးဟာ စစ်ဘေးရှောင်တွေကို ကူညီဖို့ သွားစဉ် လမ်းမှာပဲ စစ်ကောင်စီဖမ်းဆီးတာ ခံကြရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။ သူတို့ကို မော်လမြိုင်ဒိုင်းဝန်းကွင်းရဲစခန်းမှာ ဖမ်းဆီးထားပြီး၊ ခုအချိန်အထိ ပြန်မလွှတ်သေးပါဘူး။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့တာကို နန်းလောင်ဝ်ပြောပြမှာပါ။

မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦးနဲ့ သတင်းသမားဟောင်းကိုမျိုးအောင်ဟာ ကျိုက်မရောမြို့နယ် စစ်ဘေး၊ မီးဘေးဒဏ်ခံနေရတဲ့ သူတွေအတွက် ကူညီထောက်ပံ့ဖို့ သွားနေစဉ်ဧပြီလ ၁၀ ရက် မနက်ပိုင်း‌က မော်လမြိုင် စက်မှုဇုံအရောက်မှာ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်းတယ်လို့ မိးသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့အကြောင်း ပြချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားပြီး မော်လမြိုင်မြို့မရဲစခန်းမှာစစ်ဆေးမေးမြန်းနေသလို ခုချိန်ထိ ပြန်မလွှတ်လာသေးဘူးလို့ မိးသားစုနဲ့ နီးစပ်သူကပြောပါတယ်။

“မနေ့ မနက်က ဒေါက်တာအောင်နိုင်ဦးနဲ့ ကိုမျိုးအောင်နဲ့ နှစ်ယောက်က ကားနဲ့သွားတဲ့ အချိန်တဲ့မှာ ဒီစက်မှုဇုံမှာရှိတဲ့ စစ်ဆေးရေးဂိတ်ကနေ ကားကိုတားပြီးတော့ ဒီကားကထောက်ပို့လုပ်တဲ့အထဲမှာ တွေ့တယ်ယူဆရတယ်ဆိုပြီးတော့ တားပြီးတော့ သူတို့ကို ထိန်းသိမ်းလိုက်တယ်။ ဒီမော်လမြိုင်မြို့မရဲစခန်းကို ခေါ်လာပြီးတော့ စစ်ဆေးမေးမြန်းမှုတွေလုပ်တယ်၊ လက်ရှိအခြေအနေအထိတော့ သူ့ကို ထိန်းသိမ်းထားဆဲလို့သိရတယ်။ အခန်းချုပ်တွေ ဘာညာမထည့်ထားဘူးတဲ့ အဲ့လိုမျိုးအခြေအနေမျိုးရှိတယ်။ လောလောဆယ်တော့ ထိန်းသိမ်းထားဆဲပဲ။”

ပြီးခဲ့ မတ်၂၅ ရက်နေ့ မွန်-ကရင်နယ်စပ် ကော့ဘိန်းရဲစခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ နေ့စဉ်လိုလို လေကြောင်း၊ ရေကြောင်းအသုံးပြုပြီး အနီးတဝိုက်ရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့ ဓမ္မသရွာမှာ နေအိမ် ၃၀၀ ထက်မနည်း မီးလောင်ပြာကျသွားသလို့ အဲဒီဒေသက သောင်းနဲ့ ချီတဲ့ ရွာခံတွေ လည်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ကြရပါတယ်။

ဒေါက်တာအောင်နိုင်ဦးဟာ ကျိုက်မရောမြို့နယ် စစ်ဘေး၊ မီးဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် ကူညီထောက်ပံ့ဖို့ သွားနေစဉ် အခုလို ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။သူဟာ ကယ်ဆယ်ရေးလုပ်ငန်းသာ လုပ်ကိုင်နေသူဖြစ်တာမို့ အမြန်ဆုံးပြန်လွတ်မြောက်လာဖို့ မျှော်လင့်တယ်လို့ မွန်လူငယ်တဦးက ပြောပါတယ်။

“ဒေါက်တာအောင်နိုင်ဦးကို ဖမ်းသွားတာတော့ မဖြစ်သင့်ဘူးပေါ့နော်။ အဓိကအားဖြင့် သူက အများအမြင်မှာလည်း ပရဟိတ နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတယ်ပေါ့နော်။ ဒါပေမယ့် မွန်ဖြစ်လို့ ဒီလိုလုပ်တာလာတော့ ကျနော်တို့ မပြောတတ်ဘူး။ ဒါက မဖြစ်သင့်တဲ့ ကိစ္စ ဖြစ်သွားတယ်ပေါ့နော်၊ သံသယနဲ့ဖမ်းတယ်လို့ပဲမြင်တယ်။ ဆိုတော့ သူလွတ်မြောက်လာဖို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။”

မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦးဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် မွန်ပြည်ညီညွှတ်ရေးပါတီ(MUP) က စစ်ကောင်စီနဲ့ပူးပေါင်းခဲ့တာကြောင့် ဗဟိုအလုပ်မှုဆောင်ကနေ နှုတ်ထွက်ခဲ့ပြီး မွန်အမျိုးသားပညာရေးနဲ့ ပရဟိတလုပ်ငန်းကို အဓိက ကူညီဆောင်ရွက်နေသူတဦး ဖြစ်ပါတယ်။

ဒေါက်တာအောင်နိုင်ဦးဟာ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ကနေ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့ပြီး၊ ၂၀၁၅ ခုနှစ် NLD အစိုးရလက်ထက်မှာတော့ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ နေရာမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူနဲ့အတူ ဖမ်းခံရရတဲ့ သတင်းထောက်ဟောင်း ကိုမျိုးအောင်ကတော့ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာလုပ်ငန်းတွေ ရပ်နားပြီး မောလမြိုင်မြို့မှာ ထမင်းဆိုင်ဖွင့်လှစ် ရောင်းချနေသူတဦးဖြစ်ပါတယ်။ ဒေါက်တာအောင်နိုင်ဦးနဲ့ ကိုမျိုးအောင်တို့ ၂ဦး ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောရေဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို ဆက်သွယ်ခဲ့ပေမယ့် တုန်ပြန်ချက်မရခဲ့ပါဘူး။

Your browser doesn’t support HTML5

မွန်လွှတ်တော် ဒုဥက္ကဌဟောင်းကို စစ်ကောင်စီဖမ်းဆီး