ဂါဇာမှာ ဟားမတ်စ်တွေကို ထိုးစစ်ဆင်နေတဲ့ အစ္စရေးအတွက် အမေရိကန်က ထောက်ခံပံ့ပိုးနေတာကို အိုင်ယာလန်ပြည်သူ အများအပြားက မကျေနပ်ကြတဲ့အတွက် အိုင်ယာလန်ဝန်ကြီးချုပ် Leo Varadkar ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ မတွေ့ပဲ သပိတ်မှောက်ဖို့ တောင်းဆိုနေချိန်မှာပဲ ခေါင်းဆောင် ၂ ဦး သောကြာနေ့က သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံကြပါတယ်။
သမ္မတအိမ်ဖြူမှာ ကျင်းပတဲ့ St. Patrick အောက်မေ့ဘွယ်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ အိုင်ယာလန်ဝန်ကြီးချုပ်ကို သမ္မတ ဘိုင်ဒန်က ကြိုဆိုဧည့်ခံခဲ့ပြီး ဒီနေ့ဟာ အိုင်ယာလန်နဲ့ အမေရိကန် ၂ နိုင်ငံ သံတမန်ဆက်ဆံရေး အနှစ် ၁၀၀ ပြည့်တဲ့နေ့ဖြစ်လို့ မိတ်ဆွေဖြစ်တည်မှု အစဉ်တည်တံ့စေရေး ဆုတောင်းကြောင်း ပြောပါတယ်။
အိုင်ယာလန်ဝန်ကြီးချုပ်ကလည်း ၂ နိုင်ငံ ဆက်ဆံရေးဟာ ခိုင်ခိုင်မာမာရှိနေကြောင်းနဲ့ သူ့အနေနဲ့ ဂါဇာအရေးကို ဆွေးနွေးလိုတဲ့ ဆန္ဒရှိကြောင်း ပြောပါတယ်။ ဒေသတွင်း စားနပ်ရိက္ခာ ဆေးဝါးတွေ ရောက်ရှိဖို့နဲ့ အဖမ်းခံနေရတဲ့ ဓါးစာခံတွေ ပြန်လွတ်ရေးအတွက် ဂါဇာမှာ အပစ်ခတ်ရပ်စဲရေး အမြန်ရဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒီလို ဖြစ်လာအောင် ဆွေးနွေးပြောဆိုဖို့ လိုအပ်သလို ၂ နိုင်ငံ အတူယှဉ်တွဲနေထိုင်ရေးကသာ ရေရှည် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တခုတည်းသောအဖြေ ဖြစ်မယ်လို့ သူထင်ကြောင်း ပြောပါတယ်။
SEE ALSO: ဂါဇာမှာ ငတ်မွတ်ခေါင်းပါးမှုဟာ လက်နက်သဖွယ်ဖြစ်လာနေ
အိုင်ယာလန်ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကို သူ သဘောတူကြောင်း သမ္မတဘိုင်ဒန်က ပြောပါတယ်။ သမ္မတဘိုင်ဒန်က အပစ်ရပ်ရေးကို သီတင်း ၆ ပတ်ရပ်ဆိုင်းထားဖို့ တွန်းအားပေးနေချိန်မှာ အိုင်ယာလန်ဝန်ကြီးချုပ်ကတော့ ချက်ချင်း အပစ်ရပ်ဖို့ပဲ ထပ်ခါတလဲလဲ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
တချိန်ထဲမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကလည်း ဟားမတ်စ်တွေ ဖမ်းထားတဲ့ အစ္စရေး ဓါးစာခံတွ ပြန်လွှတ်ပေးရေးနဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ဆက်ပြီး အပစ်ရပ်ထားရေးအတွက် သဘောတူညီချက်ရဖို့ အမေရိကန်ပြည်ထောင်စုဟာ အစ္စရေး၊ ကာတာ၊ အီဂျစ် နိုင်ငံတွေနဲ့ လက်တွဲပြီး ပြင်းပြင်းထန်ထန် ကြိုးစားနေကြောင်း သောကြာနေ့ ဗီယင်နာမှာ Austria နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ရုံးကတော့ ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို ထိုးစစ်ဆင်မယ့်အစီစဉ်ကို ဝန်ကြီးချုပ် Netanyahu က အတည်ပြုပေးခဲ့တဲ့အတွက် ထိုးစစ်ဆင်ဖို့ ပြင်နေသလို ဒေသခံတွေကို ဘေးလွတ်ရာ ပို့ပေးဖို့ပါ စီစဉ်နေပြီလို့ သောကြာနေ့မှာပဲ ပြောပါတယ်။
Your browser doesn’t support HTML5