ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် PNLA အကြားမှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာအချို့က လက်နက်ကြီးကျည်ကျမှာစိုးရိမ်ပြီး တိမ်းရှောင်တာတွေ ရှိနေပါတယ်။ တိုက်ပွဲကြောင့် ဟိုပုံးနဲ့ မိုင်းပွန်အကြားမှာလည်း ကားလမ်းကို အချိန်ပိုင်းပိတ်ခဲ့တာကြောင်း ကားအစီး ၂၀၀လောက်ပိတ်မိခဲ့သလို ဆီဆိုင်မြို့နယ်ဘက်မှာလည်း လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်လက်ရှိနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက နောက်ဆုံးအရသတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခတွေ တလနီးပါး ကြာမြင့်လာချိန်မှာ တိုက်ပွဲတွေဟာ ဟိုပုံးမြို့နယ်ဘက်အထိ ကျယ်ပြန့်လာနေပါတယ်။ လတ်တလော ဟိုပုံးမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကို ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။
“ထမ်းဆန်းဂူရဲ့အပေါ် ပုန်းအယ် မှာ၊ ပုန်းအယ် မှာ မနေ့ကတည်းက ဖြစ်တာ။ ဒီမနက်လည်း ထပ်ဖြစ်တယ်။ ဒီနေ့အခါကျတော့ အစောပိုင်းတုံးက မိုင်းပွန်ရဲ့ မြောက်ဘက် ခီနင်း ရွာရယ်၊ ဝမ့်စလောင်း ရယ်၊ အဲဒီမှာ တရွာရှိသေးတယ်။ နမ့်ဘော်ခမ်း ၊ ခီနင်းရဲ့ တောင်ဘက်နားမှာ၊ အဲဒီတကြောမှာတော့ တိုက်ပွဲတော့ မဖြစ်ဘူး။ စစ်တပ်ကတော့ လက်နက်ကြီးတွေနဲ့ ထုနေတယ်။ တချို့ရွာ ဒေသခံတွေကတော့ ပြောင်းတာ ရွှေ့တာတော့ ရှိနေပြီ။ အခုလောလောဆည် ကျနော် ကြားတာကတော့ ၂၀ရက်နေ့ကတည်းက မိုင်းပွန်တံတားက တကြိမ်ပိတ်တယ်။ ဒီနေ့လည်း တကြိမ်ထပ်ပိတ်ပြီ။”
ဒီကနေ့တိုက်ပွဲဖြစ်ပွားတာကြောင့် စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်က ဟိုပုံးနဲ့ မိုင်းပွန်အကြားမှာ မော်တော်ယာဉ် အသွားအလာတွေကို ပိတ်ခဲ့ပါတယ်။ တောင်ကြီး-လွိုင်လင် မော်တော်ယာဉ်လိုင်းက တာဝန်ရှိသူတဦးကတော့ နေ့ခင်း ၁နာရီလောက်က စပိတ်ခဲ့ကြောင်း ပြောပါတယ်။
“ဟုတ်တယ်ဗျ၊ ပိတ်တယ်။ လွန်ခဲ့တဲ့ ၂နာရီလောက် စပိတ်တာ။ တိုက်ပွဲဖြစ်တယ်လို့ ပြောလို့ ပိတ်လိုက်တာဗျ။ ဟိုပုံးနဲ့ မိုင်းပွန်ကြားလို့ ပြောတယ်ဗျ။ မိုင်းပွန်တံတားပိတ်တယ်။ ဒီဘက် ဟိုပုံးက စပြီး ပိတ်တာဗျ။”
ဒီလို လမ်းပိတ်လိုက်တာကြောင့် တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုကားလမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ် အစီး ၂၀၀လောက် ပိတ်မိနေခဲ့ကြောင်းနဲ့ ညနေ ၃ နာရီခွဲလောက်မှာတော့ မိုင်းပွန်မြို့ထဲကို စ ဝင်ခွင့်ပြုခဲ့ကြောင်း လမ်းခရီးမှာ ပိတ်မိနေသူတဦးက ပြောပါတယ်။
“တောင်ကြီးကနေ လာရင် မိုင်းပွန်မြို့အဝင်ပေါ့။ တစ်နာရီတည်းကနေ ပိတ်မိနေတာ။ အဲဒါ တိုက်ပွဲပေါ့။ တိုက်ပွဲကတော့ လက်နက်ကြီးတွေနဲ့ လှမ်းထုတာ။ ဟိုတောင်ထုလိုက်၊ ဒီတောင်ထုလိုက်၊ တောင်ပေါ်ပဲ ထုကြတာ။ ဒါပေမဲ့ သေနတ်သံ အငယ်တော့ မကြားရဘူး။ ကျနော်တို့ ကားရပ်နေတဲ့နေရာကနေလှမ်းကြည့်ရင် လှမ်းမြင်တယ်။ ဗုံးသီးတွေ ကျတဲ့နေရာဆို မီးတွေ လောင်သွားတယ်။ မြို့ထဲကနေ လက်နက်ကြီးနဲ့ လှမ်းထုတာထင်တယ်။ ကြည့်ရတဲ့ပုံက တဘက်ပဲ ထုနေတာလေ။ ကွင်းဆက်ကတော့ မနေ့က ဖြစ်တဲ့ တိုက်ပွဲ ကွင်းဆက်ထင်တယ်။ လမ်းပေါ်မှာတော့ ပိတ်မိနေတဲ့ ကားသမားတွေ အစီး ၂၀၀ကျော်လောက်ရှိတယ် ထင်တယ်။ အခုတော့ ကားတွေပြန်ဖွင့်နေပြီ။ မိုင်းပွန်မြို့ထဲကို ပြန်ဝင်နေတာ။”
ကားလမ်းကို တောင်ကြီး ဘက်ကလာရင် ဟိုပုံးရေထွက်တနေရာမှာလည်း ပိတ်ခဲ့ကြောင်းနဲ့ ကျိုင်းတုံဘက်က လာရင် လွိုင်လင်မှာလည်း ပိတ်ခဲ့ကြောင်း ပြောပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA ကတော့ အင်္ဂါနေ့က သူတို့စစ်ကြောင်းကို စစ်ကောင်စီနဲ့ အပေါင်းပါ တပ်တွေက ဟိုပုံးမြို့နယ်အတွင်းမှာ တိုက်ခိုက်တာကြောင့် မနက် ၁၁နာရီကနေ ညနေ ၅နာရီအထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း နဲ့ တိုက်ပွဲအပြီး ရှင်းလင်းစဉ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အလောင်း ၅လောင်းနဲ့ လက်နက် ၄လက် သိမ်းဆည်းခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ PNLA အကြားမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ရက်နေ့က ဟိုပုံးမြို့နယ် စံဖူးရွာမှာ တိုက်ပွဲ စတင်ဖြစ်ခဲ့တာပါ။ အဲဒီနောက် PNLA နဲ့ မဟာမိတ်အဖွဲ့တွေက ဆီဆိုင်မြို့ကို သိမ်းယူခဲ့တဲ့နောက် တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနခဲ့ပြီး အခုဆိုရင် တိုက်ပွဲတွေဟာ ဟိုပုံးနဲ့ မိုင်းပွန်ဘက်တွေအထိ ဖြစ်ပွားလာနေတာဖြစ်ပါတယ်။
ဒီကနေ့မှာလည်း ဆီဆိုင်မြို့နဲ့ လွယ်ပွတ် ရွာဘက်ကို လက်နက်ကြီးနက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေဆဲဖြစ် ပါတယ်။ လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။
ဒီလ ၁၉ ရက်နေ့က ဆီဆိုင်မြို့ကို ပစ္စည်းပြန်သယ်ယူတဲ့ ယာဉ်တန်းကို စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၇ယောက် သေဆုံးကြောင်း ဖော်ပြတဲ့ ခေတ်သစ်မီဒီယာရဲ့ သတင်းကိုတော့ သတင်းမှားဖြစ်ကြောင်း ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5