သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ကို ဆီဆိုင်မြို့မှာတွေ့ရစဉ်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ကို ဆီဆိုင်မြို့မှာတွေ့ရစဉ်

အာဏာသိမ်းတာ ၃ နှစ်ကြာတဲ့အထိ နိုင်ငံအနှံ့မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့အထဲက ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်မှာတော့ ဒီကနေ့ထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာတော့ စစ်ကောင်စီတပ်နဲ့ PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။ ဇန်နဝါရီလ ၃၀ရက်နေ့ကဆီဆိုင်မြို့ မြောက်ဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့သလို ၃၁ရက်နေ့အထိလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က စစ်ရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ ကတင်ပြထားပါတယ်။

ဆီဆိုင်မြို့နယ်အတွင်း စစ်ရေး ပဋိပက္ခတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ခဲ့တာမှာ ဒီကနေထိဆို ၁၀ ကျော် ကြာမြင့်လာနေပြီဖြစ်ပါတယ်။ ဒီကနေ့ နေ့လည်အထိလည်း လက်နက်ကြီး ပစ်ခတ်သံတွေကြားနေပြီး မနေ့က လေကြောင်းက ဗုံးကြဲတာတွေ ရှိခဲ့သလို ၃၀ရက်နေ့ကတော့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဆီဆိုင်ဒေသက VOA ကို ပြောပါတယ်။

“ ခုနက ကျနော် အဲဒီနားမှာ သွားတော့ အမြောက်ထုသံတွေ ကြားနေရသေးတယ်ဗျ။ မနက်လည်း ပစ်တယ်တဲ့။ ခုနကတော့ လေယာဉ်မကြားရသေးဘူး။ လက်နက်ကြီးတော့ ကြားနေရတယ်။ မနေ့ကတော့ ၂ကြိမ်လောက် ဗုံးလာချတာ။ ၃၀ရက်နေ့ထင်တယ်။ ဆီဆိုင်ရဲ့ ဒီဘက်အထွက် ၄၂၃ ဒီဘက်အကျော်မှာ ဖြစ်တယ်ပေါ့။ အဲဒီမှာ ထိတယ် ဆေးရုံထဲမှာ တော်တော်များတယ်လို့ ပြောတာပဲ။ ဒီတပ်ဘက်ပေါ့။”

ဆီဆိုင်အခြေစိုက် ခလရ ၄၂၃နဲ့ ခလရ ၄၂၄ တပ်ရင်းတွေမှာတော့ စစ်ကောင်စီတပ်နဲ့ PNA ပအိုဝ်းပြည်သူစစ်တပ်တွေက နေရာယူထားပြီး မြို့ကိုတော့ PNLA နဲ့ မဟာမိတ်တပ်တွေက ထိန်းချုပ်ထားပါတယ်။ PNLA ကတော့ ဇန်နဝါရီ ၃၀ရက်နေ့မှာ ဆီဆိုင်မြို့မြောက်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်က အလောင်း ၅၀လောက်ကျန်ရှိခဲ့သလို လက်နက် ၅၀ခန့် သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဆီဆိုင်မြို့နဲ့ ဆီဆိုင်မြို့ အနီးဝန်းကျင်က ကျေးရွာတွေမှာ ပိတ်မိနေသူတွေရှိနေသေးတာကြောင့် နေ့စဉ် လူ ရာနဲ့ချီပြီး သွားရောက်ကယ်ဆယ်နေရကြောင်းလည်း ဆီဆိုင်ဒေသခံက ဆက်ပြောပါတယ်။

“ ပိတ်မိနေတဲ့သူရှိသေးတာပဲ။ အိမ်စောင့်လည်း ရှိသေးတယ်။ တချို့ မသွားချင်တဲ့ အဲဒီနားမှာပဲ ပေကပ်နေတဲ့သူလည်း ရှိသေးတယ်။ နေ့တိုင်းပဲ အများကြီးပဲ သွားကယ်ထုတ်တာ တရက် တရက်ဆိုရင်လေ။ လူက အယောက် ရာနဲ့ချီပြီး ကယ်ရတာပဲ။ ဘုန်းကြီးတွေလည်း သွားကယ်တာပဲ။ လူတွေလည်း သွားကယ်တာပဲ။ တော်တော်များများ သွားကယ်နေကြတာပဲ။ မကယ်လို့မှမရတာ ပိတ်မိနေတာကို။ အခြေအနေကြည့်ပြီးတော့ စောစောသွားပေါ့။ သေနတ်သံကြားရင် ပြန်ဆုတ်ပေါ့။ အဲလို အခြေအနေကြည့်ပြီး သွားရတယ်။”

ဆီဆိုင်တိုက်ပွဲတွေဟာ PNLA က သယ်ယူလာတဲ့ လက်နက်တွေကို PNO ပအိုဝ်းပြည်သူ့စစ်တွေက ဟိုပုန်းမြို့နယ်မှာ ဇန်နဝါရီလ ၂၁ရက်နေ့က ဖမ်းဆီးစစ်ဆေးရာက တိုက်ပွဲစဖြစ်ခဲ့ပြီး ၂၂ရက်နေ့မှာ ဆီဆိုင်အနီး နောင်ထော်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဇန်နဝါရီလ ၃၀ရက်နေ့ ည ၈နာရီခန့် မှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နေအိမ်ရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဖြစ်ပွားခဲ့တာကို မြစ်ကြီးနားမြို့ခံတဦးက -

“ ကျနော် ကြားတာတော့ အင်ဘန်လ အိမ်ရှေ့မှာလို့ ပြောတယ်။ စီတာပူရပ်ကွက်ထဲမှာ။ မြည်တာတော့ အရမ်းမြည်တယ် အိမ်တောင်တုန်တာ ဟုတ်တယ်။ အထိအခိုက်တော့မရှိဘူး။ ခြံလေးပဲ နည်းနည်းအက်သွားတယ်လို့ ပြောတာ။ အဲဒီည ဗုံးပေါက်ကွဲတဲ့ ညမှာ အဲဒီအိမ်က လူ ၃ယောက်လားမသိဘူးရှိတာ ညတွင်းချင်းပဲ အကုန်လုံး ထွက်ပြေးသွားတယ်လို့ ပြောတာ။”

လက်သည်တရားခံကို ဖမ်းဆီဖော်ထုတ်နိုင်တာတော့ မရှိကြောင်း ဆက်ပြောပါတယ်။
ဒီပေါက်ကွဲမှုဟာ ဇန်နဝါရီလ ၂၈ရက်နေ့က ဝိုင်းမော်မြို့နယ်က ပြည်သူ့စစ် ခေါင်းဆောင်တဦးနေအိမ်မှာ စားသောက်ပွဲ ပြုလုပ်နေချိန် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG