စစ်အာဏာသိမ်းမှု ပြည်သူ မလိုလားလို့ ခုခံတော်လှန် (ဒေါ်ဇင်မာအောင် NUG နိုင်ငံခြားရေးဝန်ကြီး)
ဂျာမနီနိုင်ငံမြူးနစ်မြို့မှာ ၃ ရက်ကြာ ကျင်းပနေတဲ့ အကြိမ် ၆၀ မြောက် မြူးနစ်လုံခြုံရေးညီလာခံကို စနေနေ့က မြန်မာ့အရေး တက်ရောက်ဆွေးနွေးခဲ့တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ပြည်သူတွေ မလိုလားတဲ့အတွက် ခုခံတော်လှန်နေကြတာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
" အရပ်ဘက် ပြည်သူတွေရဲ့ စစ်အာဏာရှင်ကို တော်လှန်ပုန်ကန်မှုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း လျှောက်လှမ်းရာမှာ ပုံမှန်အမြဲတမ်းတွေ့နေရတဲ့ ဖြစ်ရပ်ဖြစ်ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းတာကို တော်လှန်တဲ့ ဒီတခါ ခုခံတော်လှန်မှုမှာတော့ အထူးသဖြင့် လူငယ်တွေ အမျိုးသမီးတွေ ပိုပြီးပါလာတာက ထူးခြားသလို ၊ မြို့နဲ့ တောနေပြည်သူတွေ၊ လူတန်းစားမျိုးစုံ ပါဝင်လာတာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ဦးဆောင်ဆွေးနွေးခဲ့တဲ့ ဒီအစီအစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “Rebel With a Cause: Voice of Civil Resistance” “သူပုန်ထရတဲ့ အကြောင်းတရား_ အရပ်သား ခုခံတော်လှန်နေသူများရဲ့အသံ” ဆိုတဲ့ ခေါင်းစဥ်နဲ့ တက်ရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
SEE ALSO: “စစ်ကောင်စီပြိုလဲမယ့်အလားအလာရှိနေပြီ” NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို လက်မခံပဲ ဌာနပေါင်းစုံက CDM လုပ်တဲ့ ဝန်ထမ်းတွေထဲမှာ အမျိုးသမီးက ၆၆% ပါနေသလို မျိုးဆက်သစ်လူငယ်တွေ ထဲမှာလည်း အခုနောက်ဆုံး Generation Z မျိုးဆက်အထိ ပါလာတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
နှစ်ပေါင်းများစွာ ထိန်းချုပ်လာခဲ့တဲ့ ဖြိုခွဲဖို့ မလွယ်ဘူးလို့ သတ်မှတ်ထားတဲ့ စစ်အာဏာရှင်ကို တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် ၊ ပြည်သူအများ စုပေါင်းတွန်းလှန်မှုကြောင့် အခုဆိုရင် နိုင်ငံရဲ့ ရာခိုင်နှုန်း ၆၀ ကျော်ကို ခုခံတော်လှန်နေသူတွေက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းနဲ့ ဒါဟာ မြန်မာပြည်သူတွေရဲ့ ထူးခြားတဲ့ ဒဏ်ခံနိုင်မှုကနေ ရတဲ့ ရလဒ်ဖြစ်ကြောင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ သောကြာနေ့က စတင်ပြီး ၃ ရက်ကြာကျင်းပနေတဲ့ လုံခြုံရေးညီလာခံမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့အတူ ဘယ်လာရုစ်နိုင်ငံသူ အတိုက်အခံ ခေါင်းဆောင် Sviatlana Tsikhanouskaya ၊ ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဖိလစ်ပိုင်နိုင်ငံသူ သတင်းစာဆရာ Maria Ressa နဲ့ World Liberty Congress ရဲ့ ဥက္ကဌ အီရန်နိုင်ငံဖွား အမေရိကန်နိုင်ငံသူ သတင်းစာဆရာ Masih Alinejad တို့လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။
Your browser doesn’t support HTML5