ထိုင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ မြန်မာမှာ တိုးချဲ့ တည်ဆောက်လာ

ထိုင်းနိုင်ငံ Thonburi healthcare group နဲ့ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုတွေ ပူးတွဲလုပ်ကိုင်နေတဲ့ ရန်ကုန်မြို့ အာယုဆေးရုံ (Photo-THI Group)

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ဆေးလာကုတဲ့ လူနာတွေ များလာတဲ့အတွက် ထိုင်းနိုင်ငံ Thonburi Healthcare Group (THG) ကျန်းမာရေး ဝန်ဆောင်မှု ဌာနက မြန်မာနိုင်ငံမှာ ဆေးရုံတွေ တိုးဖွင့်ဖို့ စီစဉ် နေတဲ့အကြောင်း Bangkok Post သတင်းစာမှာ ရေးပါတယ်။ ရန်ကုန်မှာ လက်ရှိ ကုတင် ၁၀၀ နီးပါးဆန့် ဆေးရုံ ဖွင့်ထားတဲ့ THG ကျန်းမာရေးဝန်ဆောင်မှု ဌာနက ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာ လုပ်ငန်းတိုးချဲ့ဖို့ အစီအစဉ်တွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။

အခုတော့ ဆေးရုံလုပ်ငန်း တိုးချဲ့ဖို့ ကွင်းဆင်းလေ့လာနေပြီဆိုပြီး THG ဝန်ဆောင်မှု အဖွဲ့ အမှုဆောင် အုပ်ချုပ်ရေးမှုး Tanatip Suppradit က ပြောပါတယ်။ ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ် ငွေလဲနှုန်းတန်ဖိုး ကျဆင်းနေတဲ့အတွက် ဆေးလာကုမယ့်သူတော်တော်များများက လေယာဉ်စရိတ်အကုန်မခံတော့တာကြောင့် မြန်မာနိုင်ငံထဲမှာ ဆေးရုံထပ်ဖွင့်ပြီး ကုသမှု လုပ်ငန်းသစ်တွေ တိုးချဲ့ဖို့ စီစဉ်တာလို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဆေးကုသပေးတဲ့ ဝန်ထမ်းအရေအတွက် လျော့နည်းနေပေမဲ့လည်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကတော့ ကြီးထွားလာမယ့်ပုံ ရှိတဲ့အကြောင်းလည်း သူက ပြောဆိုပါတယ်။ ငွေကြေးတတ်နိုင်တဲ့ မြန်မာနိုင်ငံသား တော်တော်များများကတော့ မြန်မာနိင်ငံမှာထက် အရည်အသွေးသာတဲ့ ဆေးကုသမှုကို ရတဲ့အတွက် ထိုင်းနိုင်ငံမှာသွားပြီး ပုံမှန်ကျန်းမာရေး စစ်ဆေးသလို ဆေးကုသခံလေ့ရှိတာပါ။

ထိုင်းနိုင်ငံမှာ နိုင်ငံတကာ အသိအမှတ်ပြု ဆေးရုံကြီး ၅၀ ကျော်ရှိပြီး မြန်မာနိုင်ငံသားတွေ အများအပြားအပါအဝင် အာရှနဲ့ ကမ္ဘာတဝှမ်းက ခရီးသည်တွေ အဓိက လာရောက်ဆေးကုသတဲ့နေရာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာမှာ နိုင်ငံခြားသားလူနာတွေကို ဆေးကုသပေးပြီး ဝင်ငွေရှာတဲ့ ပဉ္စမမြောက် အကြီးဆုံး နိုင်ငံ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ပိုင်းတွေအထိ ဆေးကုသမှုကနေရတဲ့ နှစ်စဉ် ဝင်ငွေ ဘတ်ငွေ သန်းပေါင်း ၁၁.၉ ဘီလျံ ရှိတယ်လို့လည်း တရားဝင်စာရင်းတွေမှာ ဖေါ်ပြပါတယ်။