နှစ်ပေါင်း ၆၀ အတွင်း မြန်မာစစ်တပ် အင်အားအချိနဲ့ဆုံးအခြေအနေရောက်နေ

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများကို TNLA က ထုတ်ပြန်ခဲ့ (နိုဝင်ဘာ ၂၀၂၄)

မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှု သုံးနှစ် ပြည့်လာတဲ့အချိန် နှစ်ပေါင်း ၆၀ အတွင်း အင်အားအချိနဲ့ဆုံး အခြေအနေကို ရင်ဆိုင်နေရတယ်ဆိုပြီး မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ တချိန်တည်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အာဆီယံ နိုင်ငံတွေအနေနဲ့ မြန်မာ စစ်တပ်အပေါ် ဆက်လက်ဖိအားပေးသင့်ပြီး မြန်မာနိုင်ငံအတွင်းက သွေးထွက်သံယိုမှုနဲ့ အကြမ်းဖက်ပဋိပက္ခတွေကို အဆုံးသတ်ဖို့ အဖြေ ရှာသင့်တဲ့အကြောင်း နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး Richard Horsey က ပြောဆိုပါတယ်။

"စစ်တပ်ဟာ နိုင်ငံတဝန်းမှာ မရှုမလှ အရေးနိမ့်နေတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာစစ်တပ်ဟာ ကိုယ့်နယ်မြေကို အပြည့်အဝမကာကွယ်နိုင်တဲ့အပြင် သူ့ကိုတော်လှန်တဲ့ တပ်ဖွဲ့တွေကို ထိထိရောက်ရောက် မချေမှုန်းနိုင်ပါဘူး။ အကျိုးဆက်အနေနဲ့ မြန်မာပြည်သူတွေဟာ ပြည်တွင်းစစ်ဘေးဒဏ်ကို အလူးအလဲ ခါးစည်းခံရပါတော့တယ်။ အရပ်သားတွေကို စိတ်ထင်တိုင်း သတ်ဖြတ်ချေမှုန်းနိုင်တဲ့ အကြွင်းမဲ့အာဏာတရပ်ကိုလည်း စစ်တပ်ကဆုပ်ကိုင်ထားပါတယ်။ ဆုံးရှုံးလိုက်ရတဲ့ ဒေသတွေမှာတော့ လူသတ်လက်နက်အာဏာစက်ကို အသုံဲးချပြီး စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက် ချေမှုန်းနေပါတယ်။ လက်လွှတ်လိုက်ရတဲ့ မြို့တွေကို လေတပ်စေလွှတ်ပြီး ဗုံးကြဲပါတယ်။ ရွာတွေကိုလည်း တရစပ်ပစ်ခတ်ဖျက်ဆီးတယ်။ "

ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ် လုံခြုံရေးနဲ့ နိုင်ငံတကာ လေ့လာရေးဌာန ပါမောက္ခ Thitinan Pongsudhirak ကလည်း မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်က စစ်ကောင်စီအတွက် ဘယ်လိုမှ အနိုင်ရနိုင်မယ့် စစ်ပွဲ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ မြို့တွေကို ထိန်းထားနိုင်တဲ့ အခြေအနေ မရှိတော့သလို တပ်တွေကို ထပ်ပြီး အင်အားဖြည့်ဆည်းနိုင်တဲ့ အခြေအနေ မရှိတော့သလို စစ်တပ် တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်ချင်စိတ်တွေ ကျဆင်းလာတာကို ထောက်ပြပါတယ်။

ဒါပေမဲ့လည်း စစ်တပ်ဟာ အာဏာကို လွယ်လွယ်နဲ့ စွန့်လွှတ်ပြီး အရှုံးပေးမှာ မဟုတ်ဘူးလို့ လေ့လာ သုံးသပ်သူသူတွေက မြင်ပါတယ်။ နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးတန်းအကြံပေး Richard Horsey ကတော့ စစ်တပ်ကို ထောက်ခံသူတွေနဲ့ အမျိုးသားရေး ဝါဒီတွေကြားမှာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဝေဖန် ပြောဆိုတာတွေ ရှိလာနေတာကို ထောက်ပြပါတယ်။ သူ့နေရာမှာ အစားထိုးမယ့် တခြား စစ်ဗိုလ်ချုပ် တယောက်ယောက် ပေါ်ထွက်လာနိုင်ခြေကို စောင့်ကြည့်ရလိမ့်မယ်လို့လည်း သုံးသပ်သွားပါတယ်။

Your browser doesn’t support HTML5

နှစ်ပေါင်း ၆၀ အတွင်း မြန်မာစစ်တပ် အင်အားအချိနဲ့ဆုံးအခြေအနေရောက်နေ