မွန်ပြည်သစ်ပါတီရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌကြီး နိုင်ထောမွန်ဟာ ဒီကနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ စံခလဘူရီမြို့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်သစ်ပါတီမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥက္ကဋ္ဌကြီး နိုင်ထောမွန် ကွယ်လွန်သွားတာဟာ မွန်ပြည်သစ်ပါတီအတွက်သာမက မွန်အမျိုးသားရေးအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ လည်း ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော် က တင်ပြပေးပါမယ်။
မွန်ပြည်သစ်ပါတီရဲ့ ဂုဏ်ထူးဆောင်ဥက္ကဌကြီး နိုင်ထောမွန်ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်းနိုင်ငံ စံခလဘူရီမြို့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ ဗဟိုအလုပ်မှုဆောင်ကော်မတီ နိုင်ဗညားလယ် က ပြောပါတယ်။
“ မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌကြီး နိုင်ထောမွန်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ရရက်နေ့ ထိုင်းစံတော်ချိန် ၇ နာရီ ၅ မိနစ် မနက်ပိုင်း၊ ထိုင်းနိုင်ငံ စံခလဘူရီ မြို့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။”
နိုင်ထောမွန်ဟာ ၁၉၆၅ခုနှစ်မှာ မွန်ပြည်သစ်ပါတီသို့ စတင်ဝင်ရောက်ခဲ့ပြီး ဆက်သွယ်ရေးတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ပါတီရဲ့ တာဝန်အဆင့်ဆင့် ထမ်းဆောင်ရင်း မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်ဦးစီးချုပ်၊ စစ်ကော်မတီအတွင်းရေးမှူး အနေနဲ့လည်း တာဝန်ထမ်းဆောင်ခဲ့သူပါ။ ၂၀၀၅ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ မွန်ပြည်သစ်ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်မှာတော့ ကျန်းမာရေးကြောင့် ၂၀၂ဝ ကစလို့ အသက် ၇၈ နှစ်အရွယ် ကွယ်လွန်ချိန်အထိ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌကြီးအဖြစ်နဲ့သာ ရပ်တည်ခဲ့ပါတယ်။
အခုလို ဥက္ကဋ္ဌကြီး နိုင်ထောမွန်ကွယ်လွန်သွားတာဟာ မွန်ပြည်သစ်ပါတီဝင်တွေနဲ့ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်အတွက် ဆုံးရှုံးမှုသာမက မွန်တမျိုးသားလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခုဖြစ်တယ်လို့လည်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ ဗဟိုအလုပ်မှုဆောင်ကော်မတီ နိုင်ဗညားလယ် ကပြောပါတယ်။
“ အခု ဥက္ကဋ္ဌကြီး ကွယ်လွန်သွားတဲ့အတွက် ကျနော်တို့ ပါတီအတွက်ရော လူမျိုးအတွက်ပါ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ပါတယ်။ သူဆုံးသွားပေမဲ့ သူရှေ့ဆောင်လမ်းပြခဲ့တဲ့ သူရည်မှန်းထားတဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျန်ရှိနေတဲ့ ကျနော်တို့ ပါတီတွေရော ကျနော်တို့ရော၊ ပြည်သူတွေရော မဆုတ်မနစ်တာဝန်ထမ်းဆောင် သွားမယ်လို့ ပြောလိုပါတယ်။”
နိုင်ထောမွန် ဟာ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှာ စစ်ဦးစီးချုပ်ရာထူးယူခဲ့တုန်းကလည်း မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် MNLA ရဲ့ လက်နက်ကိုင်အင်အားကို တိုးပွားလာအောင် ဆောင်ရွက်နိုင်ခဲ့တာတွေကြောင့် မွန်တိုင်းရင်းသားတွေကြား ကြည်ညိုလေးစားခံရသူ တဦးလည်းဖြစ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မွန်ပြည်သစ်ပါတီ ဥက္ကဌအနေနဲ့ ဦးဆောင်ခဲ့ပြီး ၂၀၁၈ခုနှစ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးခဲ့သူ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီး နိုင်ထောမွန် ရဲ့ ရုပ်ကလာပ်ကို ထိုင်းနိုင်ငံကနေ မွန်ပြည်နယ် ဂျပန်ရေတွင်းကျေးရွာကို သယ်ဆောင်လာပြီး လာမဲ့ ဇန်နဝါရီလ ၂၁ရက်နေ့မှာ သင်္ဂြုလ်သွားမယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5