မြန်မာစစ်ကောင်စီက ရည်ညွှန်းပြောဆိုနေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၂၂ ခုနှစ် နိုင်ငံအလိုက် အကြမ်းဖက်မှုအခြေအနေအစီရင်ခံစာပါ အချက်အလက်တွေဟာ သီးခြားအစီရင်ခံစာတခုရဲ့ ပူးတွဲဖော်ပြချက်သာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်မူဝါဒထုတ်ပြန်ချက်ကို ကိုယ်စားမပြုပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
‘လက်ရှိမြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကနေ ဖြစ်လာတဲ့ တိုက်ရိုက်အကျိုးဆက်တွေဖြစ်သလို စစ်တပ်က မြန်မာလူထုကို အကြမ်းဖက်နှိမ်နင်းမှုရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေ’ လို့ အမေရိကန်နိုင်ငံခြားရေးဌာနတုံ့ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီဟာ အရပ်သားထောင်နဲ့ချီသတ်ဖြတ်ခဲ့သလို ဒီမိုကရေစီခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချတာ၊ သတ်ဖြတ်တာတွေလုပ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လူပေါင်းနှစ်သန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးကြရတယ်လို့ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ မြန်မာလူထုအပေါ် အကြမ်းဖက်ရက်စက်မှုတွေကို အရေးယူနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက VOA ရဲ့ မေးမြန်းစုံစမ်းချက်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖြေရှင်းတုံ့ပြန်လိုက်တာဖြစ်ပါတယ်။
နိုဝင်ဘာလကုန်ပိုင်း အမေရိကန်နိုင်ငံခြားရေးဌာနကထုတ်ပြန်တဲ့ နိုင်ငံအလိုက်အကြမ်းဖက်မှုအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံတွင်းအကြမ်းဖက်မှု ၅၀ရာခိုင်နှုန်းကျော်ကို PDF ပြည်သူ့ကာကွယ်ရေးတပ်တွေက ကျူးလွန်တယ်လို့ ဖော်ပြတဲ့အကြောင်း မြန်မာစစ်ကောင်စီက ထုတ်ပြန်ပြောဆိုခဲ့သလို စစ်ကောင်စီနဲ့ နှီးနွယ်တဲ့ မီဒီယာတွေမှာလည်း အမေရိကန်နိုင်ငံခြားရေးဌာန အစီရင်ခံစာထဲမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေက မြန်မာနိုင်ငံတွင်းအကြမ်းဖက်မှုအများစုကို ကျူးလွန်ထားတယ်ဆိုပြီး မှားယွင်းကိုးကားဖော်ပြထားပါတယ်။
ဗွီအိုအေက လေ့လာကြည့်သလောက် ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက Development Service Group က အမေရိကန်နိုင်ငံခြားရေးဌာနကို တင်သွင်းတဲ့အစီရင်ခံစာဖြစ်ပြီး ကမ္ဘာအဝှမ်း အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ လှုပ်ရှားမှုအပေါ်အခြေခံပြီး ပြုစုတဲ့ အစီရင်ခံစာဖြစ်တာတွေ့ရပါတယ်။ ဒါဟာ အမေရိကန်အစိုးရရဲ့ မူဝါဒဆိုင်ရာထုတ်ပြန်ချက်မဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာနက အခုလို ရှင်းလင်းတုံ့ပြန်လိုက်တာဖြစ်ပါတယ်။
Your browser doesn’t support HTML5