စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်က တနေ့လည်း လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ပြုလုပ်တဲ့အထိ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်း ရွှေပြည်အေးမြို့ကိုလည်း ကာကွယ်ရေး တပ်ဖွဲ့တွေက အလုံးစုံထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က ပြောပြပါမယ်။
စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထီးချိုင့်မြို့ပေါ်၊ ထီးချိုင့် ရဲစခန်းအနီးမှာ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းကစလို့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေတာပါ။ နိုဝင်ဘာ ၈ ရက်ကစလို့ ထီးချိုင့်မြို့ပေါ်က ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေကြပြီး မြို့ရဲ့နေအိမ် တဝက်ကျော်ဟာ မီးလောင်ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထီးချိုင့်မြို့လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။
“နေ့လည်က လေယာဉ် ၂ စီး ညနေက လေယာဉ် ၂ စီး အားလုံးပေါင်း ၄ စီးမှာ ၁၀ ကြိမ်ပစ်သွားတယ်။ အဓိက သူတို့ရဲစခန်းနဲ့ အမှတ် (၄) ရပ်ကွက်နဲ့ အမှတ် (၃) ရပ်ကွက်နားတွေမှာ တိုက်ပွဲတွေဖြစ်နေတာ။ တောက်လျှောက်မနားတမ်းပေါ့ ကြီးကြီးကျယ်ကျယ် မဖြစ်တာသာရှိတာ ဖြစ်နေတာပါပဲ။ ဒီနေ့ကတော့ တော်တော် ကြီးကြီးမားမား ဖြစ်တာပေါ့လေ။ ဒေသခံတွေကတော့ နိုဝင်ဘာ ၈ လောက်ကတည်းက အကုန်လုံး ပြေးနေရတာပေါ့။ မြို့ထဲမှာတော့ မရှိပါဘူး။ အိမ်တွေကတော့ မြို့ရဲ့ ၃ ပုံပုံ ၁ ဝက်ကျော်ကျော်လောက်က မီးလောင်ထားတာပေါ့။ လက်နက်ကြီးတွေကြောင့်ပျက်စီးတာတွေရှိတာပေါ့။ ဒါပေမယ့် ဘယ်လောက်ပျက်စီးတယ် အတိအကျတော့ ကျွန်တော်တို့လည်း မသိသေးပါဘူး။”
တိုက်ပွဲတွေစတင်ပြင်းထန်ခဲ့တဲ့ နိုဝင်ဘာ ၈ ရက်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က တကောင်း - ထီးချိုင့်- အင်းတော် လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်တွေပိတ်လိုက်ပြီး အဲ့ဒီနေ့မှာပဲ စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ ၁၄ ရက်အထိ ၃ ရက်အတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးထက် မနည်းဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိထီးချိုင့်မြို့ထဲမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ဆက်ရှိနေသလို ထီးချိုင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒီဇင်ဘာ ၂၇ ရက်နောက်ဆုံးထားပြီး CDM ဝင်ကြဖို့ ထုတ်ပြန်ထားပြီး မလိုက်နာရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ဘေး ဟုမ္မလင်းမြို့အနီးက ရွှေပြည်အေးမြို့မှာဆိုရင်လည်း နိုဝင်ဘာ ၂၀ ကစလို့ တိုက်ပွဲတွေပြင်းထန်ပြီးတဲ့နောက် မြို့ကို အလုံးစုံ ထိန်းချုပ်သိမ်းပိုက်လိုက်နိုင်တယ်လို့ နိုဝင်ဘာ ၂၉ ရက်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်က ပြောပါတယ်။
နိုဝင်ဘာ ၂၂ ရက်မှာ ရွှေပြည်အေးမြို့အနီးက ရှမ်းနီအမျိုးသားတပ် (SNA) တပ်စွဲထားတဲ့ လွှစင်ကုန်းကျေးရွာနဲ့ နောင်ပိုအောင် ကျေးရွာက စခန်းကုန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး ရွှေပြည်မြို့ကိုတော့ စစ်တပ်နဲ့ ရှမ်းနီအမျိုးသား တပ်တို့က စစ်ကြောင်းထိုးလာတဲ့အတွက် အနည်းငယ် နောက်ဆုတ်ပေးခဲ့ရပါသေးတယ်။
အဲ့ဒီနောက်မှာတော့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က မြို့ကို အလုံးစုံထိန်းချုပ်သိမ်းပိုက်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေး စနစ်ဖော်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။
“ရွှေပြည်အေးမြို့ကိုက လုံးဝသိမ်းလိုက်ပြီ သိမ်းလိုက်ပြီးတော့ ကာကွယ်ရေး တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်။ တပ်ပျက်သွားတာပေါ့။ တပ်ပျက်ပြီးတော့မှ ထွက်ပြေးသွားတာ။ အဲ့မှာရွှေပြည်အေးကနေ စက်လှေ ၂ စီးနဲ့ ဟုမ္မလင်းဘက်ကို မောင်းပြေးသွားတာပဲ။ ခံမပစ်တော့ဘဲ မြို့ကိုစွန့်ပြီးမှ ပြေးသွားတာပဲ။ လက်ရှိရွှေပြည်အေးမြို့ကို အခုမှ သိမ်းနိုင်တာ ဖြစ်တဲ့အတွက် ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ဖို့ အချိန် ယူရအုံးမယ်။ အဲ့တော့ ရွှေပြည်အေးက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရွှေပြည်အေးကို အုပ်ချုပ်ရေးကဏ္ဍ ဆက်လုပ်ဖို့ရှိတာပေါ့။ လတ်တလော ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ဖို့က နည်းနည်းတော့ အချိန်ယူရအုံးမယ်ထင်တယ်။”
အရင်ကလည်း ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဟုမ္မလင်းမြို့နယ်ထဲက အချို့ရွာတွေမှာ ပြည်သူ့အုပ်ချုပ်ရေး စနစ်ကို ဖော်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။ ရွှေပြည်အေးမြို့ထဲက ဒေသခံတွေကတော့ ဟုမ္မလင်းမြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်နေကြပါတယ်။
အခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ရွှေပြည်အေးမြို့ကို ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေလုပ်ခဲ့ပြီး ၉ လအကြာ ဒုတိယအကြိမ် တိုက်ခိုက်ချိန်မှာတော့ မြို့ကို အလုံးစုံ ထိန်းချုပ် သိမ်းပိုက်နိုင်တာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5