ရခိုင် ပေါက်တော တိုက်ပွဲမှာ စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းက တိုက်ခိုက်

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင့်တပ်တော် AA

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့က ပြောပါတယ်။ မနေ့က တိုက်ပွဲ အကြီးအကျယ်ဖြစ်ခဲ့တဲ့ ပေါက်တော မြို့ပေါ်မှာလည်း ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတွေကနေ ဗုံးကြဲ တိုက်ခိုက်နေတာပါ။ စစ်ကောင်စီပိုင် ခရီးသည်တင် သင်္ဘောနှစ်စီးကို သိမ်းပိုက်ထားတယ်လို့ AAအဖွဲ့က ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်က ပေါက်တောမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က နေရာတချို့မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ကြား ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ် တယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ပေါက်တောမြို့ပေါ်က လောကထိပ်ပန်ဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို မနေ့က ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးပိတ်မိနေတဲ့ ပေါက်တောဒေသခံ ၁ဝဝ လောက်ကို AA အဖွဲ့က ကယ်ထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာလည်း ပေါက်တောမြို့တွင်း စစ်ကောင်စီတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဆက်လက်တိုက်ပွဲပြင်းထန်နေတယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။

အနီးအနား ကျေးရွာတခုမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပေါက်တောဒေသခံ တဦးကလည်း စစ်ကောင်စီဘက်က ရေကြောင်း လေကြောင်း တိုက်ခိုက်နေတာ ကိုယ်တိုင် မြင်တွေ့ရတယ်လို့ ပြောပါတယ်။

“ မနက်အစောကြီး ကျနော်တို့ ပစ်သံ ခတ်သံတွေ ကြားပါတယ်။ တဆက်တည်းမှာပဲ စစ်တွေကနေ လက်နက်ကြီးနဲ့ လှမ်းထုတယ်၊ ခဏနေရင် မြစ်ထဲကနေ နေဗီနဲ့ ပစ်တယ်။ ပြီးရင် ဆယ်နာရီဝန်းကျင်လောက် ရဟတ်ယာဉ် ရောက်လာပြီး ပစ်တယ်။ ပစ်တော့ ဒီကနေ ရဟတ်ယာဉ်ကို ပြန်ပစ်တယ် ထင်ပါတယ်၊ ရဟတ်ယာဉ်က မကြာဘူး ၅မိနစ်လောက်ဆို ပြန်ပြေးသွားတယ်၊ သိပ်မကြာဘူး ဂျက်ဖိုက်တာ ရောက်လာတယ်၊ ၂၅မိနစ်လောက် မြို့ပတ်ပြီးတော့ ဟိုကြည့်ဒီကြည့် အတော် အသံ ကျယ်တယ်။ ကြောက်စရာကောင်းတယ်။ ရဟတ်ယာဉ်နဲ့ မတူဘူး၊ ပြီးတော့ မြို့ပေါ်ကို ဗုံးကြဲတာ ရှိတယ်။ မြို့ပေါ်ကို လက်နက်ကြီး ကျတော့ မီခိုးတွေ တက်လာတာ တွေ့ရတယ် အဆောက်အဦး တချို့ မီးလောင်တာ ဖြစ်နိုင် တာပေါ့နော်။ ”

လက်ရှိ ပေါက်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့ သူတွေထဲက တချို့ကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ကယ်ထုတ်နိုင်တာ ရှိပေမယ့် ပိတ်မိနေသူတွေ တော်တော်များများ ရှိနေသေးတယ်လို့ ပေါက်တော ဒေသခံ တဦးကပြောပါတယ်။

“ သုံးနေရာပေါ့နော် လောကထိပ်ပန်မှာ ၁ဝဝ ဝန်းကျင်။ အဲတာကိုတော့ မနေ့က အကုန် ကယ် ထုတ်ပြီးသွားပြီ နောက် စိုက်ပျိုးရေး ရုံးမှာ ရှိတယ် မီးသတ်ရုံးမှာရှိတယ်၊ နောက် ၂ နေရာရှိ တာပေါ့၊ အဲဒီဟာက ဒီမနက်ကယ်ထုတ်တာ။ ကျနော်ထင်တယ် မနက်ပိုင်းထုတ်တာ ၁ နေရာ လောက်တော့ ကယ်ထုတ်နိုင်လိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် ကျန်တော့ ကျန်နိုင်အုံးမယ် ဗျာ ၁၀၀ ဝန်းကျင် လောက် ကျန်အုံးမယ်ထင်ပါတယ်။ ”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မနေ့က ပေါက်တောမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွား ခဲ့တာရှိသလို ကျောက်တော်မြို့နယ်မှာ ရှိတဲ့ စစ်ကောင်စီပိုင် ရေယာဉ်နှစ်စီးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က သိမ်းယူသွားတယ်လို့ ပြောဆိုထားပါတယ်။

“ ပေါက်တောမြို့မှာ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်ထား တာရှိပါ တယ်၊ ဒီနေ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပေါက်တောမြို့လုံခြုံရေး ကင်း လှည့်ခဲ့ပါတယ် ကင်းလှည့်နေတာကို ပစ်ခတ်ခဲ့တာရှိပါတယ်။ နောက်တခုကတော့ ကျနော်တို့ ကျောက်တော် မြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံရေးကြောင်းပိုင် ရေနယား(၁)ရေယာဉ်နဲ့ ရေဘဝဲ(၄) ရေယာဉ်တွေ ကို AA အနေနဲ့ ပြည်သူလူထုအသုံးပြုနေတဲ့ ရေယာဉ်တွေကို အကြမ်းဖက် ယူဆောင်သွား ကြောင်းသိရှိရပါတယ်။ ”

အခုဆိုရင် စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေပြင်းထန်နေတာ ၁ဝ ရက်အထိ ရှိလာပြီး တိုက်ပွဲအတွင်း ဒေသခံ သေဆုံးသူ ၁၅ဦး၊ ဒဏ်ရာရရှိသူ ၅ဝဦးနဲ့ ဖမ်းဆီးခံရသူ ၇၃ဦး အထိရှိတယ်လို့ AA ဘက်က ပြောဆိုထားတာရှိပါတယ်။ ဒါ့အပြင် ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၄ဝဝဝ ကျော်အထိရှိလာပါတယ်။

စစ်ကောင်စီနဲ့ AA အဖွဲ့တိုက်ပွဲ စတင်တဲ့နေ့ကနေ ဒီကနေ့ အထိဆို စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် တပ်စခန်း ၄ ခုကို AA ဘက်က တိုက်ခိုက်သိမ်းပိုက်ထားသလို စစ်ကောင်စီတပ် တွေ စွန့်ခွာသွားတဲ့ စခန်းပေါင်း ၄ဝ ကျော်လောက် ကိုပါ သိမ်းပိုက်ထား တယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။ ဒါ့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းက စစ်ကောင်စီ အထိုင်ချထားတဲ့ ထရွန်အိုင်ဗျူဟာနဲ့ နှုံးဘူး ဗျူဟာကုန်းတွေကိုလည်း ရခိုင်လက်နက်ကိုင် AAဘက်က ၉ ရက်ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက် နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ရခိုင် ပေါက်တောတိုက်ပွဲမှာ စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းက တိုက်ခိုက်