မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင် မဟာမိတ် ၃ ဖွဲ့က လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အချိန်ကစလို့ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ပြည်တွင်းဒုက္ခသည်ပေါင်း ၅ သောင်းနီးပါး ရှိခဲ့ပြီလို့ လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး-UNOCHA က ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်းကတိုက်ပွဲတွေကြောင့် အရပ်သားပြည်သူပေါင်း ၅ သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်ဆန်းမှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်အတွက် စစ်ရေးအရ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ သုံးသပ်သူတွေကလည်း ပြောပါတယ်။
ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင် MNDAA အဖွဲ့၊ တအာင်းတိုင်းရင်းသားလက်နက်ကိုင် TNLA အဖွဲ့နဲ့ ရက္ခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲ့ပါတဲ့ ညီနောင် ၃ ဖွဲ့က တရုတ်နဲ့ မြန်မာအကြားက အဓိက ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ် ပိတ်ဆို့လိုက်ပြီး စစ်ကောင်စီရဲ့ စခန်းပေါင်း အနည်းဆုံး ၁၅၀ လောက်ကို သိမ်းပိုက်လိုက်တဲ့အပြင် မြို့အတော်များများကိုလည်း ထိန်းချုပ်ထားပြီလို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့မှာ ဒီကနေ့ တိုက်ပွဲတွေမရှိပေမယ့် ၁၀၂၇ စစ်ရေးစတင်ကာစကတည်းက ပိတ်ထားခဲ့တဲ့ လားရှိုးလေဆိပ်ဟာ အခုချိန်ထိ ပိတ်ထားတုန်းဘဲလို့ မြို့ခံတွေရဲ့ ပြောဆိုချက်ကို အခြေခံပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်အတွင်းက မြို့နယ်အတော်များများအပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာလည်း ၁၀၂၇ စစ်ဆင်ရေးနဲ့ ချိတ်ဆက်တဲ့ တိုက်ပွဲတွေ ဖြစ်ပေါ်နေသလို ကယားပြည်နယ်မှာလည်း အဲဒီ စစ်ဆင်ရေးရဲ့ အလားသဏ္ဍာန်တူတဲ့ ၁၁၀၇ စစ်ဆင်ရေးကို လွန်ခဲ့တဲ့ ၂ ရက်က စတင်ခဲ့ပါတယ်။
Your browser doesn’t support HTML5