ဂါဇာဒေသမှာ ပိတ်မိနေသူ နိုင်ငံခြားသားတွေ ထပ်မံထွက်ခွာ

Rafah နယ်စပ်ဂိတ်ကနေ နိုင်ငံခြားသားနဲ့ နိုင်ငံခြား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ပါလက်စတိုင်းတွေ အီဂျစ်နိုင်ငံဘက်ကို ထွက်ခွာနေ (နိုဝင်ဘာ ၂၊ ၂၀၂၃)

ဂါဇာကမ်းမြှောင်ဒေသတောင်ပိုင်း Rafah နယ်စပ်ဂိတ်ကနေ နိုင်ငံခြားသားနဲ့ နိုင်ငံခြား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ပါလက်စတိုင်းတွေ ဒီနေ့ ကြာသပတေးနေ့မှာလည်း အီဂျစ်နိုင်ငံဘက်ကို ထွက်ခွာသွားနေကြပါတယ်။ အစ္စရေး၊ အီဂျစ်နဲ့ Hamas စစ်သွေးကြွအဖွဲ့ကို ကြားဝင်ညှိပေးတဲ့ Qatar နိုင်ငံတို့ကြားရထားတဲ့ သဘောတူညီမှုအရ နိုင်ငံခြားသားတွေနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ ပါလက်စတိုင်းတချို့ ဂါဇာဒေသကနေ ထွက်ခွာနေကြတာဖြစ်ပါတယ်။ အမေရိကန် Passport ကိုင်ဆောင်ထားသူတွေလည်း ဂါဇာကမ်းမြောင်ဒေသကနေထွက်ခွာနိုင်ဖို့ ကြိုးစား စောင့်ဆိုင်းနေကြပါတယ်။

"ချစ်ခင် ရင်းနှီးသူတွေကို ထားခဲ့ရတဲ့အတွက် ဂါဇာကနေ ထွက်ခွာရမှာကို ဝမ်းမသာနိုင်ဘူး" လို့ အမေရိကန်နိုင်ငံသား ပါလက်စတိုင်းနွယ်ဖွား Susan Psiso ကပြောပြပါတယ်။ သူထားခဲ့ရသူတွေကို ဘယ်တော့မှ ပြန်တွေ့ရမယ်ဆိုတာ မသေချာကြောင်းနဲ့ ပါလက်စတိုင်းဘက်မှာ ဘယ်သူမှ လုံခြုံမှု မရှိကြောင်း ပြောပြနေတာပါ။ သူဆိုရင် ဂါဇာကနေ ထွက်ခွာနိုင်ဖို့ကြိုးစားခဲ့တာ အခု ၅ ကြိမ်မြောက်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား ၄၀၀ လောက်နဲ့ သူတို့ရဲ့ မိသားစုတွေကို ဘေးလွတ်ရာကယ်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။ Bus ကား ၂ စီးစာ နိုင်ငံခြား Passport ကိုင်ဆောင်ထားသူတွေ အီဂျစ်နိုင်ငံဘက်ကို ဒီနေ့ သွားနိုင်ခဲ့တယ်လို့ ပါလက်စတိုင်း နယ်စပ်ဖြတ်ကျော်ရေးဆိုင်ရာဌာန AP သတင်းဌာနကို ပြောပါတယ်။

အစ္စရေး၊ အီဂျစ်နဲ့ Hamas တို့ကြားရရှိထားတဲ့ သဘောတူညီမှုအရ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံစုံက နိုင်ငံခြားသား ၄၀၀ လောက် ဗုဒ္ဓဟူးနေ့က အီဂျစ်နိုင်ငံဘက်ကို ဖြတ်သွားနိုင်ခဲ့ကြပါတယ်။ သီတင်း ၂ ပတ်အတွင်း ဂါဇာကမ်းမြောင်ဒေသထဲမှာရှိနေကြတဲ့ နိုင်ငံခြား Passport ကိုင်ဆောင်ထားသူ ၇၅၀၀ လောက် ဘေးကင်းရာ ထွက်သွားနိုင်မယ်လို့ ဂါဇာဒေသကို အုပ်ချုပ်သူတွေက ကြောညာထားတယ်လို့ သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြပါတယ်။

အစ္စရေးတို့တိုက်ခိုက်ခဲ့တယ်လို့ ဝန်ခံထားတဲ့ Jabalia ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှုမှာ ပါလက်စတိုင်း ၁၉၅ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ Hamas အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ စစ်ရာဇတ်မှု မြောက်နိုင်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအရာရှိတွေက ပြောကြားခဲ့ပါတယ်။ Hamas စစ်သွေးကြွအဖွဲ့ကို အပြုတ်ချေမှုန်းမယ်လို့ ကြေညာထားတဲ့ အစ္စရေးဘက်က ပါလက်စတိုင်းဒေသတွေအပေါ် တိုက်ခိုက်မှုတွေကို ဆက်လုပ်နေပါတယ်။

Your browser doesn’t support HTML5

ဂါဇာဒေသမှာ ပိတ်မိနေသူ နိုင်ငံခြားသားတွေ ထပ်မံထွက်ခွာ