စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ခုခံနေတဲ့ ချင်းပြည်နယ်မှာ ၃ နှစ် နီးပါးကြာလာချိန် စစ်တပ်ဘက်က မြေပြင်စစ်ဆင်ရေးတွေ မလုပ်နိုင်တော့ဘဲ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေသာ တိုးလုပ်နေလို့ အရပ်သားထိခိုက်မှုတွေ မြင့်တက်လာပြီး နေရပ်စွန့်ခွာထွက်ပြေးရသူတွေတိုးလာနေတယ်လို့ ချင်းလူ့အခွင့်အရေး စောင့်ကြည့်နေသူတွေက ပြောပါတယ်။ ချင်းပြည်နယ်နောက်ဆုံး အခြေအနေ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းကတည်းက တပတ်အတွင်းမှာပဲ ချင်းလူထုဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ နောက်ပိုင်း အာဏာသိမ်း စစ်တပ်က လူထု လှုပ်ရှားမှုတွေကို အင်အားသုံး ဖြိုခွင်းတာတွေ လုပ်လာချိန်မှာလည်း ဒေသခံ ချင်းလူထုကို ကာကွယ်ဖို့ ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့တွေ ပေါ်လာပြီး လက်နက်ကိုင် လှုပ်ရှားမှုတွေကလည်း လပိုင်းအတွင်းမှာပဲ အားကောင်းလာခဲ့ပါတယ်။ အဲဒီအချိန်တွေတုန်းက ချင်းပြည်နယ်မှာ အရင်ကတည်းက တပ်ချထားတဲ့ စစ်ကောင်စီတပ်တွေက မြေပြင် လှုပ်ရှားမှုတွေ လုပ်နေနိုင်သေးပေမယ့် ၂၀၂၃ ခုနှစ်ထဲမှာတော့ သိသိသာသာကို အားနည်းသွားပြီလို့ ဒေသခံတွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ ဒီလို မြေပြင်စစ်ဆင်ရေးတွေ မလုပ်နိုင်တော့လို့ စစ်ကောင်စီ တပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေ ပိုသုံးလာပြီး အရပ်သား ထိခိုက်တာနဲ့ နေရပ်ကနေ ထွက်ပြေးရတာတွေလည်း တိုးလာနေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဆလိုင်းမန်ဟရဲလျန်က ဗွီအိုအေကို အခုလို ပြောပါတယ်။
“စစ်ကောင်စီအနေနဲ့ မြေပြင်တိုက်ပွဲတွေ ဖော်ဆောင်တာ သိပ်မလုပ်နိုင်ဘူး။ အဓိကအားပြုပြီးတော့ လုပ်တာက လက်နက်ကြီးအသုံးပြုပြီးတော့ ပြည်သူလူထုနေတဲ့ နေရာ၊ ကျေးရွာတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်တာတွေ တွေ့ရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာတာကို တွေ့ရတယ်။ တိုးလာတဲ့ အခါမှာ ပြည်သူလူထုဟာ သူတို့နယ်မှာ၊ သူတို့ ရွာမှာ နေလို့ မရတော့ဘူး။ ကြောက်နေပြီ။ ဘာမဆို လာနိုင်တယ်ဆိုတဲ့ဟာ ကြောက်နေပြီ။ အခုအနေအထားမှာ အိန္ဒိယကို ပြေးရတဲ့ Refugee ဒုက္ခသည်နဲ့ ပြည်တွင်းမှာ ပြေးရတဲ့ IDP (ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ) တွေ တိုးတိုးလာနေတယ်။”
Your browser doesn’t support HTML5
လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားထိခိုက်မှု တိုးလာနေ
ပြည်တွင်းမှာပဲ နေရပ်စွန့်ခွာသူ (IDP) တွေတိုးလာတာအပြင် နေ့စဥ်နဲ့အမျှ အိန္ဒိယဘက် ထွက်ပြေးရသူတွေများလာနေလို့ မိုခါမုန်တိုင်းအပြီး မေလတုန်းက မှတ်တမ်းအရ အိန္ဒိယဘက် ပြေးရသူတွေ ၅ သောင်း ကျော်ပဲ ရှိနေရာကနေ အခုနောက်ဆုံးအခြေအနေဆိုရင် ၆ သောင်းကျော် အထိ ဖြစ်လာပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောပါတယ်။ ဒီတိုးလာနေတဲ့ကိန်းဂဏန်းက အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေနဲ့လည်း တိုက်ရိုက်အချိုးကျနေပြီး ဒီစာရင်းဇယားတွေကိုကြည့်ရင် စစ်တပ်ဟာ ချင်းပြည်နယ်မှာ စစ်ရေး မသာလို့ အရပ်သားနေရာတွေကို ပစ်မှတ်ထားလာတာ ထင်ရှားတယ်လို့လည်း သုံးသပ်ကြပါတယ်။
“၂၀၂၁ ခုနှစ်က စပြီးတော့ ချင်းပြည်မှာ လေကြောင်းတိုက်ခိုက်မှု ဘယ်လောက်ရှိလဲဆိုတာ ကျနော်တို့ စာရင်း ပြုစုတယ်။ အဲဒီမှာ ၂၀၂၁ ခုနှစ်တုန်းကဆိုရင်တော့ လေကြောင်းတိုက်ခိုက်မှုက (၂) ကြိမ်လောက်ပဲ ရှိတယ်ပေါ့လေ။ ၂၀၂၂ ခုနှစ်တုန်းကလည်း လေကြေင်းတိုက်ခိုက်မှုက အကြိမ် (၂၀) လောက်ပဲ ရှိတယ်။ ၂၀၂၃ မှာဆိုရင်တော့ မေလ အထိတောင် အကြိမ် (၁၅၀) ရှိနေပြီ အခု ဆက်လက် ရေတွက်နေဆဲ ဖြစ်လို့ ၂၀၂၃ မှာ အကြိမ် (၂၀၀) ကျော် ရှိမယ်လို့တော့ ခန့်မှန်းလို့ရတာပေါ့လေ။ ”
ဒီလို လေကြောင်းတိုက်ခိုက်မှု တိုးလာတာနဲ့ အမျှ အရပ်သား ထိခိုက်သေဆုံးရမှုကလည်း တိုးလာပြီး ၂၀၂၃ ခုနှစ်ထဲမှာ အခုလောလောဆယ် အချိန်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုက ၃၀ ကျော် ၄၀ နီးပါး ရှိလာနေပြီး၊ ဒဏ်ရာ ရရှိမှုက ၇၉ ဝန်းကျင်ရှိပြီးလို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီလို လေကြောင်း တိုက်ခိုက်မှု၊ ထိခိုက်သေဆုံးမှုတွေ မြင့်တက်လာနေလို့ ချင်းလူထု အဓိက အားကိုးပြီး လုံခြုံမှု ရှာတဲ့ နေရာက ပြည်တွင်းမဟုတ်တော့ဘူးလို့ ဆလိုင်းမန်ဟရဲလျန်က ဆက်ပြောပါတယ်။
“အိန္ဒိယဘက်ကို ပြေးလာတာက ပိုတိုးလာတွေကို တွေ့ရတယ်။ သူတို့ ပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်မှုလုပ်တာတွေက ဘုရားကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ ပြီးတော့ ရွာတွေ၊ အဲ့ဒါကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာ၊ အဲဒီလို လုပ်တဲ့အခါမှာ ဒေသခံလူထုက မနေရဲတော့ဘူး။ ကိုယ့်ရွာမှာ မနေရဲတော့ဘူး။ သူတို့ရဲ့ လုံခြုံမှုနေရာက ပြည်တွင်းမဟုတ်တော့ဘူး။ အိန္ဒိယဘက်ခြမ်း ဖြစ်နေပြီ။ အဲ့ဒါက ခြိမ်းခြောက်လို့ မရဘူး။ သူတို့ကို နေပါ၊ နေပါ၊ ပြောလို့ မရဘူး။ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်တိုးလာရင် ဒုက္ခသည်တွေ ပိုပြေးလာဖို့က၊ တိုးလာဖို့က ပိုများတယ်လို့ ကျနော်တို့ သုံးသပ်လို့ရတယ်။”
ရေရှည်ခံတဲ့ အကူအညီတွေလိုအပ်နေတဲ့ ချင်းစစ်ရှောင်တွေ
တဖက်မှာလည်း အိန္ဒိယဘက်ခြမ်းမှာက ဒုက္ခသည်တွေ လက်ခံကူညီနိုင်ရေးမှာ အကန့်အသတ်တွေရှိနေတာပါ။ ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာဥပဒေတွေ ဖြစ်တဲ့ ၁၉၅၁ ကုလသမဂ္ဂ ဂျနီဗာ ကွန်ဗင်းရှင်း သတောတူညီချက်နဲ့ ၁၉၆၇ လုပ်ထုံးလုပ်နည်း ဆိုင်ရာ သဘောတူညီချက်တွေမှာ အိန္ဒိယက လက်မှတ်ထိုးမထားပါဘူး။ ချင်းပြည်က ထွက်ပြေးလာရသူတွေဟာ အိန္ဒိယမှာ ဒုက္ခသည် အဖြစ်တောင် တရားဝင် ခေါ်ဆို သုံးစွဲတာမျိုး မခံရဘူးလို့ ချင်းလူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။ သူတို့ကို စောင့်ရှောက်ပေးမှု အပိုင်းမှာလည်း အဓိက ချင်းလူမျိုးတွေနဲ့ မျိုးနွယ်စုချင်း တူတဲ့ မီဇိုရမ် ပြည်နယ် အသိုင်းအဝန်းကပဲ အဓိက ပံ့ပိုးကူညီပေးနေပြီး ဘာသာရေး အဖွဲ့အစည်းတွေ၊ နိုင်ငံတကာရောက် ချင်းလူမျိုးတွေရဲ့ ကူညီမှုနဲ့ စုပေါင်း ဖြေရှင်းအသက်ဆက်နေရတယ်လို့ ဆိုပါတယ်။ ဒါကလည်း ရေရှည်တောင့်ခံနိုင်ဖို့ မဖြစ်နိုင်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
တခါ ပြည်တွင်းမှာ ကျန်နေတဲ့ ချင်း စစ်ရှောင် ပြည်သူတွေ အခြေအနေကလည်း တော်လှန်ရေး အချိန်ကြာလာတာနဲ့ အမျှ ဒေသ ရပ်ရွာ လူမှုအသိုင်းအဝန်းထဲကပဲ ထောက်ပံ့နေရတာဖြစ်လို့ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ ဆလိုင်းမန်ဟရဲလျန်က ရှင်းပြပါတယ်။
“မြို့ပေါ်မှာ လုံခြုံမှု မရှိတော့ ရွာကိုပြေးတယ်။ ရွာမှနေတဲ့ ဒေသခံတွေက ထောက်ပံ့ပေးတယ်။ စိုက်ပျိုးမွေးမြူရေးတွေလုပ်တယ်။ သူတို့ ဒေသခံတွေကပဲ ပြန်လည် ထောက်ပံ့ပေးရပါတယ်။ ပြေးတဲ့ ဒေသခံရွာတွေရဲ့ ထောက်ပံ့မှုကိုပဲ အားကိုးရပါတယ်။ ဆိုတော့ အခုအချိန်မှာဆိုရင်တော့ ဒေသခံ ရွာသားတွေရဲ့ သိုလှောင်မှု၊ ဆန်စပါးရရှိမှုက ကုန်သလောက်နီးပါး ရှိနေပြီ။ တော်လှန်ရေးကြာလာမယ်ဆိုရင်တော့ ပစ္စည်းတွေ ပြတ်သွားတော့မယ်။ ”
နယ်စပ်ဖြတ်ကျော် ပဋိပက္ခ လေ့လာရေး အစီအစဥ်ရဲ့ ၂၀၂၃ ခုနှစ် နောက်ဆုံးထုတ် ချင်းပြည်နယ် သုတေသန စာတမ်းတခုမှာတော့ ချင်းပြည်နယ်မှာ လက်နက်ကိုင် တော်လှန်ရေး အထူး အားကောင်းနေတာနဲ့ တပြိုင်တည်း တဖက်မှာလည်း ပြည်တွင်း၊ နယ်စပ်တလျှောက်နဲ့ အိန္ဒိယဘက်ခြမ်းက စစ်ဘေးသင့် ချင်းလူထုရဲ့ အခြေအနေက မရေမရာ အခြေအနေဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ချင်းလူမှု အဖွဲ့တွေနဲ့ ပိုမို လက်တွဲ လုပ်ကိုင်ဖို့နဲ့ အိန္ဒိယ၊ မီဇိုရမ် ပြည်နယ်အစိုးရအနေနဲ့ ချင်း ဒုက္ခသည် ရေရှည်ခံမယ့် အကူအညီတွေ၊ စီးပွားလုပ်ကိုင်နိုင်ခွင့်တွေ ခွင့်ပြုပေးဖို့ အဲဒီစာတမ်းမှာ တိုက်တွန်းထားပါတယ်။
ဖြတ်လေးဖြတ်ဒဏ်ခံနေရတဲ့ ချင်းလူထု
ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က စစ်ရေး ပြန် အသာရဖို့ ဖြတ်လေးဖြတ် နည်းဗျူဟာသုံးပြီး အစားအသောက်၊ ဆေးဝါး၊ အနွေးထည်၊ လူသုံးကုန်ပစ္စည်းက အစ တားဆီးပိတ်ဆို့နေတာပါ။ စစ်ကောင်စီဘက်တော့ အရပ်သားတွေ အပေါ် ပစ်မှတ်ထားတာ၊ ထိခိုက်စေတာတွေကို အမြဲငြင်းဆိုလေ့ရှိပြီး ဒေသခံကာကွယ်ရေးတပ်တွေကို နှိမ်နင်းတာလို့ အကြောင်းပြလေ့ရှိပါတယ်။
ဒါပေမယ့် ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအရ ချင်းပြည်နယ်မှာ စစ်တပ်က အရပ်သား၊ လက်နက်ကိုင် ခွဲခြားမှု မရှိဘဲ ထိခိုက်စေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး အမြောက် ပစ်ခတ်မှုတွေ ကျူးလွန်နေပြီး အရပ်သား အများအပြား နေရပ်စွန့်ခွာထွက်ပြေးစေတဲ့ ကျေးရွာတွေအပေါ် ပြင်းပြင်းထန်ထန် ဖြိုခွင်းတာနဲ့ အတူ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ဖြတ်တောက် ပိတ်ဆို့တာ အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ လူသူ၊ ရိက္ခာ၊ ငွေကြေးနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မရအောင် ဖြတ်လေးဖြတ် နည်းကျင့်သုံးနေတယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်က အခြေအနေတွေကို လေ့လာ သုတေသန မှတ်တမ်းပြုနေတဲ့ ချင်းအဖွဲ့အစည်းတခု ဖြစ်တဲ့ ချင်းရေးရာ အဖွဲ့ချုပ်ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှုအလွန် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့အထိ ချင်းအမျိုးသား အရပ်သားပြည်သူများသေဆုံးမှုက ၂၁၇ ဦးအထိ ရှိပါတယ်။ ဒါက လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်း၊ လက်နက်ကြီး အပြင် ဖမ်းဆီးနှိပ်စက်မှုကြောင့်လို့ ဆိုပါတယ်။ သေဆုံးသူ စုစုပေါင်း ၂၁၇ ဦးအနက် အမျိုးသမီး ၃၈ ဦးနဲ့ အမျိုးသား ၁၇၉ဦးအထိ ရှိကာ အဲထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် သေဆုံးရမှုက ၂၄ ဦး ရှိနေပါတယ်။