ထိုင်းနိုင်ငံ၊ Siam Paragon ကုန်တိုက်အတွင်း မနေ့ အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ အမျိုးသမီး ၂ ဦးထဲမှာ တဦးဟာ မြန်မာနိုင်ငံသား ရွှေပြောင်းအလုပ်သမား တဦး ဖြစ်ပါတယ်။ အခုလို ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသူအတွက် မြန်မာသံရုံး အပါအဝင် တာဝန်ရှိသူတွေ ဘာတွေ လုပ်ဆောင်ပေးနေပါသလဲ။ ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးမှာပါ။
ဘန်ကောက်မြို့လည်က ဆီယမ် ပါရာဂွန် ကုန်တိုက်ထဲကို အသက် ၁၄ နှစ်အရွယ် ထိုင်းလူငယ် ဝင်ရောက်လာပြီး ကုန်တိုက်ထဲကလူတွေကို ပစ်ခတ်ခဲ့ရာမှာ တရုတ်နိုင်ငံသားအမျိုးသမီးတဦးနဲ့ ကုန်တိုက်က အရောင်းဝန်ထမ်း တဦး ဖြစ်သူ မြန်မာအမျိုးသမီး မမိုးမြင့်သေဆုံးခဲ့ရတာပါ။ ထိုင်းကုန်တိုက် အရောင်းဝန်ထမ်းတဦး ဖြစ်သူ မြန်မာအမျိုးသမီးရဲ့ နာရေးအပြင် နစ်နာကြေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဘန်ကောက်မြို့မြန်မာသံရုံး က ပြောပါတယ်။ မြန်မာသံရုံးဘက်ကလည်း သူမရဲ့ နာရေးကိစ္စနဲ့ ပတ်သက်ပြီး အကူအညီပေးနေတယ်လို့ သံရုံး ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေရဲ့ အမေးကိုအခုလို ဖြေကြားခဲ့ပါတယ်။
"နာရေးကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ဆွေးနွေးနေပါတယ်၊ ပြီးတော့သူ့အမေလိုက်လာမလား ဆိုတာလည်းလုပ်နေပါတယ်၊ အမေလာဖို့အတွက် ကျနော်တို့သံရုံးက ကူညီဆောင်ရွက် ပေးနေပါတယ် လောလောဆည် ဆောင်ရွက်ဆဲဖြစ်ပါတယ်"
အခုလို မြန်မာအမျိုးသမီး ဝန်ထမ်း သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့ သူမရဲ့အလုပ်ရှင်ဖြစ်သူ ထိုင်းအမျိုးသမီးက တောင်းဆိုခဲ့သလို သူတို့ လုပ်ဆောင်နေတာတွေကိုလည်း ထိုင်းဘာသာနဲ့ အခုလိုပြောပါတယ်။
"သူသေဆုံးမှုနဲ့ပါတ်သက်ပြီး သူရဲ့မိသားစုဝင်တွေကို အကြောင်းကြား အသိပေးပြီး နစ်နာကြေး ရရှိဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ။ သူဟာ သာမန် မြန်မာတစ်ဦးမဟုတ်ပါဘူး တရုတ် အင်္ဂလိပ်စာ ဘာသာတွေကို ကျွမ်းကျင်စွာပြောဆိုတတ်ပြီး ဆက်ဆံရေးကောင်းမွန်သူပါ။ ကျူးလွန်သူကို ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးဖို့လိုအပ်ပါတယ်၊ သူရဲ့နစ်နာမူတွေအတွက် လုပ်ဆောင်သွားမှာပါ" လို့ပြောသွားပါတယ်။
အခုလို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ရင်း အသတ်ခံရမှု အတွက် ထိုင်းဥပဒေပါ အကျိုးခံစားခွင့် တွေက ဘာတွေပါလဲ။ ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခွင့်ရေးဆိုင်ရာ ဆိုင်ရွက်ပေးနေတဲ့ Labour Right Foundation က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်က အခုလိုပြောပါတယ်။
"သူဥပဒေအတိုင်းတော့ အာမခံတွေရှိပါတယ် သူအမေကိုထည့်ထားတယ်ဆိုရင် သူက အာမခံကြေးတွေ ထုတ်ယူလို့ရပါတယ်၊ နောက်ပြီးရင် ထိုင်းနိုင်ငံရဲ့လူမှုဖူလုံရေး ရံပုံငွေကနေ မီးသဂြိုလ် စားရိတ်လည်း ရပါမယ်"
သေနတ်နဲ့ အပစ်ခတ်ခံရသူတွေကို King Chulalongkorn Memorial Hospital နဲ့ Police General Hospital တွေမှာ ဆေးဝါးကုသမူ့ပေးနေတာပါ။ သေဆုံးသူတွေရဲ့ ဈာပနအတွက် ဘုရင့် တော်ဝင် နန်းတော်ကနေ တာဝန်ယူသွားမယ်လို့လည်း ကြေညာထားပါတယ်။ ဒီပစ်ခတ်မှုအတွင်း တရုတ်ခရီးသွားတဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin (ဆက်သာ သာဝီစင်)က တရုတ်သံအမတ်ကြီးကို တောင်းပန်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီပစ်ခတ်မှုအတွင်း မြန်မာအမျိုးသမီး သေဆုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ ဝန်ကြီးချုပ်က ဘန်ကောက်မှာရှိတဲ့ မြန်မာသံအမတ်ထံ ဝမ်းနည်းကြောင်း စာရေးသားခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူမြန်မာအမျိုးသမီး မမိုးမြင့်ဟာ သေနတ်သုံးချက် ထိမှန်ခဲ့တာပါ။ တချက်က သူမရဲ့လည်ပင်းမှာ ဖြစ်ပြီး နောက်ကျောမှာတော့ ၂ ချက် ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ သူမကို ချူလာလောင်ကွန်း ဆေးရုံမှာပို့ပြီး ကုသပေးခဲ့ပေမဲ့ ဆေးရုံရောက်ပြီးတာနဲ့ အသက်သေဆုံး သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် မမိုးမြင့်ဟာ မွန်ပြည်နယ်၊ သထုံမြို့နယ် ဇာတိဖြစ်ပါတယ်၊ သူမရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကိုတော့ သူမရဲ့ အမဖြစ်သူက ဒီကနေ့ မနက်မှာ ဆေးရုံကိုလာရောက်ပြီး လက်ခံယူခဲ့ပါတယ်။