ထိုင်း-မြန်မာ နယ်စပ်က ရွှေ့ပြောင်း မြန်မာကလေးတွေရဲ့ ပညာရေးအတွက် အရပ်ဘက်နဲ့ အစိုးရအဖွဲ့အစည်းတွေက နှစ်ပေါင်း ၃၀ လောက် ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ပြဿနာတွေ ပိုပြီးဆိုးရွားလာတယ်လို့ လေ့လာခဲ့တဲ့ သုတေသနအဖွဲ့တွေက ပြောလိုက်ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က ရွှေ့ပြောင်း မြန်မာကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး သုတေသနစာတမ်း တင်ပြပွဲကို ထိုင်း-မြန်မာ နှစ်နိုင်ငံက သုတေသန ၈ ဖွဲ့ပူးပေါင်းပြီး အောက်တိုဘာလ ၂ ရက်နေ့တုန်းက ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီသုတေသနစစ်တမ်းအတွက် ၈ ဖွဲ့က လူပေါင်း ၁၀၀၀ ကို မေးမြန်းပြီး အချက်အလက်တွေ စုဆောင်းခဲ့တာ ဖြစ်ပါတယ်။
ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနရဲ့ အငြိမ်းစားပါမောက္ခ ဒေါက်တာ Surichai Wungaeo က ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ အခြေနေဆိုးနေတာတွေ့ရပြီး ဒီကိစ္စဟာ နှစ်နိုင်ငံပြဿနာ၊ အမွှာညီနောင် ပြဿနာလို့တောင် ပြောလို့ရနိုင်ကြောင်း အစီရင်ခံစာထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွက်လည်း ဒါက အရေးကြီးသလို၊ မြန်မာနိုင်ငံအတွက်ဆို ပိုအရေးကြီးတာကြောင့် အားလုံးဝိုင်းဝန်းကူညီကြဖို့ လိုအပ်ကြောင်း ပြောပါတယ်။
"အခု ကလေးတွေ ကြုံတွေ့နေရတဲ့ အနေထားအရ ကျနော်တို့ပတ်ဝန်းကျင်က ပြဿနာတွေရဲ့ အရှိန်ကို လျှော့ချနိုင်ဖို့ သူတို့မှာ လုံလောက်တဲ့ စွမ်းအားတွေ ရှိဖို့ လိုပါတယ်။ နှစ်နိုင်ငံစလုံးမှာ ကြုံနေရတဲ့ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေကြားကပဲ ခုလို အစီရင်ခံစာ ထုတ်နိုင်ခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။ အလှူရှင်တွေ ရဖို့အပြင် ရပ်ရွာအဖွဲ့တွေ ထိုင်းဝန်းကျင်က အဖွဲ့အစည်းတွေဆီက အရင်းအမြစ်ရဖို့ အခက်တွေ့နေရတယ် ဆိုတာကို သိလာရတာကြောင့် ထိုင်းနိုင်ငံတွင်းက အကူအညီတွေရလာဖို့လည်း မျှော်လင့်ပါတယ်။
လက်တွေ့မှာ နယ်စပ်မှာရော မြန်မာပြည်တွင်းမှာပါ မရေရာ မလုံခြုံမှုတွေကို ကြုံတွေ့နေပြီး၊ ဒါတွေက ဘယ်အချိန်မှာ ဘယ်လိုအဆုံးသတ်မလဲဆိုတာ မသိကြောင်း ပြောပါတယ်။ ဒါပေမဲ့ ရလာတဲ့ သတင်းအချက်အလက် နည်းပညာတွေ၊ ယုံကြည်မှုတွေကနေ အဆင်ပြေမယ့် အခြေအနေတခုကို တည်ဆောက်နိုင်တယ်လို့လည်း သူကပြောပါတယ်။
ပါဝင်ဆွေးနွေးခဲ့သူ နောက်တဦးဖြစ်တဲ့ မယ်တော်ဆေးခန်းရဲ့ လက်ထောက်ညွှန်မှူး ဒေါ်နွယ်နွယ်ဦးကတော့ ဒီကလေးငယ်တွေ အတွက် အခြေကောင်းပေါ်လာဖို့ မျှော်လင့်နေတာဖြစ်ပြီး ရွှေ့ပြောင်းသူတွေနဲ့ ပတ်သက်လို့ တာ့ခရိုင်တာဝန်ရှိသူတွေနဲ့ မြန်မာကြား အဖွဲ့အစည်းတွေ အချင်းချင်း အရင်က ပူပေါင်းဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
"၂၀၁၂ နဲ့ ၂၀၂၀ ကြားမှာ ဒေသန္တရ အစိုးရတွေကြား လုံခြုံရေးနဲ့ လူမှုရေးစောင့်ရှောက်မှုတွေ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲမတိုင်ခင်ကလည်း တကယ့်ကို အခြေခံကျတဲ့ ရပ်ရွာအခြေပြု ယန္တရားနဲ့ စတင်နိုင်ခဲ့သလို တဖြည်းဖြည်းနဲ့ ဒေသန္တရ အစိုးရတွေနဲ့ နီးနီးကပ်ကပ် ချဉ်းကပ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလို ပူးပေါင်းလုပ်ဆောင်ခဲ့မှုတွေဟာ အဲဒီအချိန်တုန်းက တကယ့်ကို အကျိုးသက်ရောက်ခဲ့ပေမယ့် ၂၀၂၂ မှာတော့ ဒီလို နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုတွေ ပျက်စီးသွားပါတယ်။ ဘာကြောင့်လည်း ဆိုတော့ နယ်စပ်ဒေသက အခြေနေတွေ တင်းမာလာတာကြောင့်ပါ။"
မယ်တော်ဆေးခန်းဟာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကျန်းမာရေးကို ဆောင်ရွက်ပေးနေတာဖြစ်ပြီး ကလေးငယ်တွေကိုလည်း ကုသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်တဲ့ပွဲမှာ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက ဦးဆောင်ပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကြောင့် ရွှေ့ပြောင်းသူတွေ ပိုပြီး ဒုက္ခရောက်လာတဲ့ အခြေအနေတွေကိုလည်း ရုပ်သံဇာတ်လမ်းနဲ့ တင်ပြခဲ့ပါတယ်။
အစီရင်ခံစာထဲမှာတော့ ရွှေ့ပြောင်းနေထိုင်နေတဲ့ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။ ဒီအထဲမှာ ရွှေ့ပြောင်းကလေးငယ်တွေ တက်ရောက်ပညာသင်ကြားရမယ့် စာသင်ကျောင်းတွေမှာ ထိုင်း-မြန်မာ နှစ်ဘာသာ တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတွေကို ခန့်အပ်ပေးဖို့ အပါအဝင် သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးဖို့အတွက်လည်း သုတေသနအဖွဲ့တွေက အကြံပြု တောင်းဆိုထားတာ ဖြစ်ပါတယ်။