ကရင်နီတော်လှန်ရေး အခြေအနေ

ကရင်နီတပ်မတော် KNDF ဗျူဟာ(၄)ရဲ့ "စည်းရိုး" Project မှ ရရှိလာသော လက်နက်များအပ်နှင်းပွဲ အခမ်းအနား (ဩဂုတ် ၂၅၊ ၂၀၂၃)

ကရင်နီပြည်နယ်မှာ တော်လှန်ရေးတိုက်ပွဲဆင်နွဲနေတုန်း အုပ်ချုပ်ရေးအခြေခံ တည်ဆောက်နိုင်တာကို စံနမူနာထားပြီး ဂုဏ်ယူလေးစားရမယ်လို့ NUG အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတက ဇူလိုင်လနှောင်းပိုင်းက ပြောသွားပါတယ်။ ကရင်နီပြည်နယ်မှာလို ရုန်းထမှုတွေ တနိုင်ငံလုံးမှာဖြစ်ပွားရင် စစ်ကောင်စီပြိုလဲမှာ သေချာတယ်လို့ဆိုပါတယ်။ ကရင်နီပြည်နယ်က နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စစ်ရေးခေါင်းဆောင်တွေရှဲ အမြော်အမြင်နဲ့အစွမ်းအစကို ပြသရာလည်းရောက်တယ်လို့ဆိုပါတယ်။ တော်လှန်ရေးအင်အားစုအားလုံးက ကရင်နီပြည်နယ်ကို အထူးအာရုံစိုက်နေကြတယ်လို့ဆိုပါတယ်။

ကရင်နီပြည်နယ်ရဲ့ထူးခြားချက်ကတော့ စစ်တပ်လက်အောက်ခံနယ်ခြားစောင့်တပ်ရင်းတွေကပါ စစ်တပ်ကိုတိုက်ခိုက်လာတာဖြစ်ပါတယ်။ နယ်ခြားစောင့်တပ်မှာ စစ်မှုထမ်းအနည်းငယ်ပါဝင်ပြီး ကိုယ့်စီးပွားဦးစားပေးတာမို့ စစ်တပ်ကိုပြန်တိုက်တာမျိုးဟာအလွန်ရှားပါတယ်။ ကရင်နီမှာတော့ အနှစ် (၃၀) နီးပါး နယ်ခြားစောင့် ဖြစ်ခဲ့တဲ့တပ်ရင်းအချို့ဟာ ကလလတ(ခေါ်)ကရင်နီလူမျိုးပေါင်းစုံလွှတ်မြောက်ရေးတပ်ဦးမှာ ပြန်ပါလာပြီး စစ်ကောင်စီကို ဇွန်လ(၁၃)ရက်နေ့ကစပြီး တိုက်ခိုက်နေပါတယ်။ နိုင်ငံရေးသဘောတရားရှိတဲ့နယ်ခြားစောင့်တွေဖြစ်လို့ အမြင်မှန်ရလာတာလို့သုံးသပ်ကြပါတယ်။

စစ်တပ်လက်အောက်ခံနယ်ခြားစောင့်တပ်(၂၀)ကျော်ရှိတဲ့အနက် ကရင်ပြည်နယ်မှာ(၁၃)ခု ရှမ်းပြည်နယ်မှာ(၅)ခု ကချင်ပြည်နယ်မှာ(၃)ခု ကရင်နီပြည်နယ်မှာ(၂)ခုရှိပါတယ်။ ဒီအထဲမှာ ကရင်နီကနယ်ခြားစောင့်ကသာ နွေဦးတော်လှန်ရေးမှာပါဝင်ပြီး စစ်ကောင်စီကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ကရင်နီတပ်မတော်ရဲ့ဦးဆောင်မှုကို ကရင်နီလက်နက်ကိုင်တွေ လက်ခံထားဟာဟာ ထူးခြားချက်လို့ဆိုနိုင်ပါတယ်။ နွေဦးတော်လှန်ရေးမှာ အင်အားအကောင်းဆုံးဖြစ်လာတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ကလည်း ကရင်နီတပ်မတော်ကို စစ်ဦးစီးချုပ်လို့သတ်မှတ်ထားပါတယ်။ စစ်ကောင်စီအလွန်အားထားတဲ့ တပ်မ(၆၆)ဟာ ကရင်နီစစ်မျက်နှာမှာ နိဂုံးကမ်ပတ်အဆုံးသတ်ရတော့မလိုဖြစ်နေပါတယ်။ ကရင်နီဒေသကိုရောက်လာပြီး (၂)နှစ်လောက်ကြာတဲ့အခါမှာ တပ်မ (၆၆)မှာ မူလအင်အားရဲ့ သုံးပုံတပုံသာရှိတော့တယ်လို့ မြေလတ်အသံမှာဖော်ပြပါတယ်။

တပ်မ(၆၆)ဖွဲ့စည်းပုံ ပျက်သွားတဲ့အခါမှာ တပ်မ(၅၅]နဲ့တပ်မ(၉၉)က တပ်ရင်းတွေရောက်လာတာမို့ လွန်ခဲ့တဲ့(၂)နှစ်အတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း(၁၀၀၀)ကျော်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား(၂၆၀၀) သေဆုံးတယ်လို့ ဇူလိုင်လ(၁၁)ရက်ထုတ် မြေလတ်အသံဆောင်းပါးရှင် ရင်ငြိမ်းက ရေးသားထားပါတယ်။ ကရင်နီမှာ စစ်ကောင်စီတပ်တွေ လုံးပါးပါးလာတဲ့အတွက် တပ်ရင်းတခုမှာ ရှေ့တန်းထွက်အင်အား(၃၀)ရာခိုင်နှုန်းသာကျန်တော့တယ်လို့ဆိုပါတယ်။ တပ်ရင်မှူးဗိုလ်မှူးကြီးတွေ ပါသေဆုံးတာကြောင့် ကရင်နီတိုက်ပွဲကို လူသိများပါတယ်။ ရှေ့တန်းတပ်မတခုမှာ (၃၀)ရာခိုင်နှုန်း ထိခိုက်သေဆုံးရင် တပ်ပျက်တဲ့အထိ ဖရိုဖရဲဖြစ်သွားတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကဆိုပါတယ်။

ကရင်နီတပ်မတော် KNDF ဗျူဟာ(၄)ရဲ့ "စည်းရိုး" Project မှ ရရှိလာသော လက်နက်များအပ်နှင်းပွဲ အခမ်းအနား (ဩဂုတ် ၂၅၊ ၂၀၂၃)

ကရင်နီနယ်ခြားစောင့်တပ်တွေ နွေဦးတော်လှန်ရေးမှာပါဝင်လာလို့ သံလွင်မြစ်အရှေ့.ခြမ်းက မယ်စဲ့မြို့နယ်ကို ထိန်းချုပ်နိုင်တဲ့အခြေအနေရောက်သွားပါတယ်။ ကရင်နီပြည်နယ်နဲ့ထိစပ်နေတဲ့ ကရင်ပြည်နယ်မှာတော့ နယ်ခြားစောင့်တပ်တွေဟာ ကိုယ်ကျိုးစီးပွားကိုသာဦးစားပေးနေတုန်းဖြစ်ပါတယ်။ ကရင်နယ်ခြားစောင့်တပ်ရင်း BGF (၁၃)ရင်းကိုမြဝတီ--လှိုင်းဘွဲ့-ဖာပွန်နဲ့ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ အခြေစိုက်ထားပါတယ်။ စုစုပေါင်း အင်အား (၃၀၀၀) လောက်ရှိပြီး ချေမှုန်းရေးရိုင်ဖယ်တွေကိုင်ဆောင်ကြပါတယ်။ ကစားဝိုင်းနဲ့ ဒုစရိုက်လုပ်ငန်းမျိုးစုံရှိတဲ့ ရွှေကုက္ကိုလ်ကို ဗိုလ်မှူးကြီးစောချစ်ကို ဦးဆောင်တဲ့ ကရင် BGF တပ်က အုပ်ချုပ်ပြီး စီးပွားရေးလုပ်နေပါတယ်။ စစ်ကောင်စီနဲ့ အပေးအယူလုပ်ပြီး ရပ်တည်နေတာတကြောင်း၊ ကိုယ်ကျိုးစီးပွားကိုသာအဓိကထားပြီး နိုင်ငံရေးအမြင်မရှိတာကတကြောင်း မို့လို့ မိခင်တပ်ဖွဲဖြစ်တဲ့ KNU နဲ့ပြန်လည်းပေါင်းစည်းဖို့ အလားအလာအလွန်နည်းပါနေပါတယ်။

ကရင်နယ်ခြားစောင့်ဟာ မကျေနပ်မှုကြောင့် KNU ကခွဲထွက်သွားသူဖြစ်ပါတယ်။ ခွဲထွက်မှုကို စစ်အစိုးရကထောက်ခံပြီး အတူအညီပေးနေတဲ့အတွက် KNU ရဲ့ ပြိုင်ဘက်ဖြစ်လာပါတယ်။ နိုင်ငံရေးနဲ့ လူမျိုးရေးအမြင်မရှိပဲ ဘဝရပ်တည်ရေးကိုသာ ဦးစားပေးတာကြောင့် စည်းလုံးညီညွတ်ရေးအတွက် ဆွေးနွေးရာမှာ အခက်အခဲရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် KNU ကတော့ မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ ယုံကြည်ရက်နဲ့ BGF နယ်ခြားစောင့်ကို ဆက်လက်စည်းရုံးနေတယ်လို့ဆိုပါတယ်။ ဒါကြောင့် ကရင်နယ်ခြားစောင့်တွေ နွေဦးတော်လှန်ရေးမှာပါဝင်လာဖို့ အလားအလာမရှိသေးပါဘူး။

ဒီအတောအတွင်း ကရင်နီပြည်နယ်မှာလက်လွှတ်လိုက်ရတဲ့နယ်မြေတွေကို ပြန်လည်ရရှိအောင် စစ်ကောင်စီတဝ်က စစ်ကြောင်းထိုးနေပါတယ်။ လွန်ခဲ့တဲ့ဇူလိုင်လအတွင်း ကရင်နီဒေသမှာ တိုက်ပွဲ ၃၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က(၈၄) ဦးသေဆုံးကာ ကရင်နီဘက်က(၂)ဦးကျဆုံးကြောင်း သြဂုတ်လ(၅)ရက်နေ့မှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကသတင်းထုတ်ပြန်ပါတယ်။ လေတပ်က(၄၂)ကြိမ်တိုက်ခိုက်တာကြောင့် အရပ်သား(၄)ဦးသေဆုံးပါတယ်။ ဒုက္ခသည်ဦးရေများလာပေမယ့် ပြတ်ပြတ်သားသားဆင်နွဲနေတဲ့ ကရင်နီတော်လှန်ရေးကို ပြည်သူကထောက်ခံတယ်လို့ဆိုပါတယ်။