မြန်မာ့အရေး အာဆီယံ ကိုင်တွယ်နိုင်ပါ့မလား

Myanmar ASEAN


အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ အနေနဲ့ မြန်မာ့အရေးကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေချိန်မှာ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကတော့ သူ့လက်ထက်မှာ အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေနဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းနေကြောင်း ပြောဆိုထားပါတယ်။ အလှည့်ကျဥက္ကဋ္ဌ တာဝန်ပြီးဖို့ လပိုင်းသာ ကျန်တော့တဲ့အချိန်မှာ ဒါက ဖြစ်လာနိုင်ပါသေးရဲ့လား။ အာဆီယံထဲမှာ မြန်မာ့အရေး အတက်ကြွဆုံးဖြစ်တဲ့ အင်ဒိုနီးရှား လက်ထက်မှာတောင် မြန်မာ့အရေး ထိရောက်အောင် မဆောင်ရွက်နိုင်ရင် အာဆီယံ ချဥ်းကပ်မှုက အကောင်အထည် ပေါ်လာနိုင်ပါဦးမလား။ ရန်ကုန်က သတင်းပေးပို့ချက်ကို မဆုမွန် က စုစည်းတင်ပြပေးပါမယ်။


မြန်မာစစ်တပ် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်တုန်းက အဲဒီနှစ်ရဲ့ ဧပြီလထဲမှာပဲ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေ အင်ဒိုနီးရှားနိုင်ငံမှာ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံ ဦးဆောင်ကျင်းပတဲ့ အဲ့ဒီအစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး အပါအဝင် မြန်မာ့အကျပ်အတည်း ကူညီဖြေရှင်းနိုင်မယ့် ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အဲ့ဒီအစည်းအဝေးမှာ သဘောတူ ချမှတ်ခဲ့ကြတာပါ။

ဒါပေမဲ့လည်း အာဏာသိမ်းကာလ ၂ နှစ်ခွဲကျော် ကြာလာချိန်အထိ မြန်မာစစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်ပါ လုပ်ဆောင်ခြင်း မရှိသလို၊ အာဆီယံအနေနဲ့ မြန်မာကို ထိထိရောက်ရောက် ဖိအားမပေးနိုင်တဲ့အပေါ် ဝေဖန်မှုတွေ ကျယ်လောင်လာခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေထဲ မြန်မာ့အရေး အတက်ကြွဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ကတော့ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားချိန်မှာ မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းနိုင်ဖို့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ဒီလို ကြိုးပမ်းတာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အကြိမ် ၆၀ ကျော် ထိတွေ့ ဆက်ဆံခဲ့ပြီး၊ သံတမန်ရေးအရ ချဉ်းကပ်တဲ့ နည်းလမ်းကို သုံးခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က သိပ်မကြာခင်က ပြောဆိုခဲ့ပါတယ်။ အာဆီယံအနေနဲ့ ဘယ်လိုပဲ ကြိုးပမ်းကြိုးပမ်း မြန်မာ စစ်ကောင်စီဘက်က လိုက်ပါ ဆောင်ရွက်မှုမရှိရင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အောင်မြင်လာဖို့ မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဗွီအိုအေကို ပြောပါတယ်။

"အခု အင်ဒိုနီးရှားတင် မကပါဘူး။ အာဆီယံ နိုင်ငံအားလုံးက တာဝန်ယူမယ်ဆိုလည်း ဖြစ်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အာဆီယံနိုင်ငံ အားလုံးက ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာတာ ၂ နှစ်ခွဲရှိပြီ။ အဲဒီအတွက် ဘာမှအရေးယူတာလည်း မရှိဘူး။ ဆောင်ရွက်တာလည်း မရှိဘူး။ သူတို့ကို မဖိတ်တာတခုပဲ ရှိတာပေါ့ဗျာ။ အဲဒါကလွဲရင် ဗမာပြည်ပြဿနာ ဖြေရှင်းရေးအတွက် ဘာဆုံးဖြတ်ချက်နဲ့ ဘာလက်တွေ့ ဆောင်ရွက်မှုမှ အာဆီယံက မလုပ်နိုင်ပါဘူး။ အဲလို မလုပ်နိုင်တဲ့အတွက် အာဆီယံကို အပြစ်ပြောဖို့လည်း ခက်တာပေါ့လေ။ အာဆီယံ အဖွဲ့အစည်းမှာကိုက သဘောထားက တူကြတာမဟုတ်ဘူး။ မတူတဲ့သဘောထား အပေါ်မှာ အာဆီယံအဖွဲ့ဝင် အားလုံးကလည်း တညီတညွတ်တည်း ရှိတာမဟုတ်ဘူး။ အဲ့လိုမရှိတဲ့ အနေအထားအောက်မှာ တိုင်းပြည်တပြည်ရဲ့ အရေးကို မစွက်ဖက်ရဆိုတဲ့ အာဆီယံမူ ကလည်း ရှိနေတော့ အာဆီယံကို ဒီတာဝန်ပေးတာကိုက မလုံလောက်ဘူးလို့ ကျနော်ကတော့ ယူဆပါတယ်။"

SEE ALSO: မြန်မာ့အရေး အားလုံးနဲ့ ဆွေးနွေးဖြေရှင်းဖို့ အင်ဒိုနီးရှားကတိပြု

မြန်မာ့အရေး ပြဿနာတွေကို အာဆီယံတခုတည်းက ဦးဆောင် ကိုင်တွယ် ဖြေရှင်းတဲ့နည်းက အလုပ်မဖြစ်ဘူး ဆိုတာကို နိုင်ငံရေး လေ့လာသုံးသပ်သူ အများအပြားက ထောက်ပြကြပါတယ်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင် အင်အားကြီး နိုင်ငံတွေပါ ပါဝင်လာရင်တော့ မြန်မာ့အရေး ဖြေရှင်းကောင်း ဖြေရှင်းနိုင်မှာ ဖြစ်ပေမဲ့၊ လက်ရှိအနေအထားမှာကတော့ အင်ဒိုနီးရှားပဲဖြစ်ဖြစ်၊ တခြား အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ဖြစ် ထိရောက်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"တရုတ်၊ ရုရှားနဲ့ အမေရိကန် - အဲဒီ ၃ နိုင်ငံက ဒီဗမာပြည် ပြဿနာနဲ့ ပတ်သက်လို့ အရေးယူမယ်။ ဖြေရှင်းမယ်။ သူတို့ ကိုင်တွယ်မယ် ဆိုရင်တော့ အဆင်ပြေနိုင်စရာ ရှိပါတယ်။ ကျန်တဲ့ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံက နိုင်ငံပေါင်း ၁၉၀ ကျော် တာဝန်ယူမယ်ဆိုလည်း ဖြစ်မှာ မဟုတ်ပါဘူး။ အဲတော့ အဲဒီဟာ မဖြစ်တဲ့အတွက် အာဆီယံကို လွှဲပစ်လိုက်တာ။ အဲတော့ အာဆီယံကလည်း အခု နိုင်ငံ ၃ နိုင်ငံ ရှိနေပြီလေ။ အဲဒီ ၃ နိုင်ငံလုံးလည်း မအောင်မြင်ဘူး။ အခုလာမယ့် လာအိုကလည်းပဲ တရုတ်ရဲ့ သဘောထားနဲ့ အာဆီယံ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နေတဲ့ လူဖြစ်တဲ့အခါကျတော့၊ အခုလာမယ့် ၁ လခွဲမှာ အင်ဒိုနီးရှား ဘာမှဖြစ်ဖြစ်မြောက်မြောက် မဆောင်ရွက်နိုင်သလို၊ လာအို ဦးဆောင်မှုအောက်မှာလည်း အာဆီယံက ဘာမှထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့ မမျှော်လင့်ကြောင်း ဗမာပြည်သူတယောက် အနေနဲ့ကတော့ အဲဒီသဘောထားကို ပွင့်လင်းစွာ ပြောချင်ပါတယ်။"

မြန်မာ့အရေးဟာ အခုချိန်မှာ အာဆီယံ အတွက် အကျပ်အတည်းတခု ဖြစ်နေပြီး၊ အဖွဲ့ဝင်နိုင်ငံတွေ ညီညီညွတ်ညွတ် ဝိုင်းဝန်းအဖြေရှာဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းနေပေမဲ့ ခုချိန်ထိတော့ မအောင်မြင်သေးပါဘူး။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူဖို့ ကျန်ရှိနေသေးတဲ့ ကာလမှာ မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် ထိရောက်အောင် လုပ်ဆောင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ APHR ကလည်း တိုက်တွန်းထားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်ပါ ဆောင်ရွက်ခြင်းမရှိတဲ့ မြန်မာစစ်ကောင်စီကို လတ်တလော အာဆီယံထိပ်သီး အစည်းအဝေးတွေနဲ့ အာဆီယံနဲ့ဆက်စပ်တဲ့ အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပြုဘဲ ဖယ်ကြဥ်ထားတာ ရှိပေမဲ့လို့ အာဆီယံရဲ့ ကိုင်တွယ်မှုက စစ်ကောင်စီအပေါ် ထိရောက်တဲ့ ဖိအား ဖြစ်မလာသေးဘူးလို့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ဝေဖန် ထောက်ပြနေကြပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး အာဆီယံ ကိုင်တွယ်နိုင်ပါ့မလား