အာဆီယံပါလီမန်များညီလာခံ AIPA အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ကော်မီတီအနေနဲ့ ပြည်သူတွေရဲ့အခြေအနေကို သိရှိနိုင်ဖို့ မြန်မာနိုင်ငံကို သွားရောက်လေ့လာဖို့ စီစဉ်နေတယ်လို့ AIPA နဲ့ ပူးပေါင်းဆောင်ရွက်ရေး အင်ဒိုနီးရှားလွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌ Fadli Zon က ပြောပါတယ်။
အာဆီယံလွှတ်တော်အမတ်များရဲ့ အထူးသံတမန်အဖြစ်နဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို သွားလေ့လာသင့် လေ့လာမှာဖြစ်ကြောင်း ဩဂုတ်လ ၁၁ ရက်၊ သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အင်ဒိုနီးရှားလွှတ်တော်အမတ် Fadli Zon က ဖော်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ဩဂုတ်လ ၅ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၄၄ ကြိမ်မြောက် အာဆီယံ ပါလီမန်များညီလာခံက မြန်မာစစ်ကောင်စီဘက်က အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည် ဖော်ဆောင်ခြင်း ရှိမရှိဆိုတာနဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို စောင့်ကြည့်မယ့် ကော်မီတီတရပ် ဖွဲ့စည်းခဲ့တဲ့အကြောင်းလည်း Fadli Zon ရဲ့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ်အဖွဲ့ စေလွတ်မယ့် အစီအစဉ်ဟာ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် နှစ်နိုင်ငံစလုံးက ထိခိုက်နစ်နာရသူတွေရဲ့ အခြေအနေကို သွားရောက် လေ့လာခဲ့တဲ့ ဂျနီဗာအခြေစိုက် နိုင်ငံတကာလွှတ်တော်အမတ်များအဖွဲ့ IPU က သွားခဲ့တဲ့ ခရီးစဉ်နဲ့ အလားသဏ္ဍာန်တူကြောင်းလည်း Fadli Zon က ပြောပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံကို AIPA ရဲ့ အထူးသံတမန်အဖွဲ့ စေလွတ်ရေး၊ မလွတ်ရေးဆိုတဲ့ကိစ္စကို ဆွေးနွေးနေဆဲဖြစ်ပြီး ဆုံးဖြတ်ချက် မကျသေးဘူးလို့ Fadli Zon က ပြောပါတယ်။
ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံပါလီမန်များညီလာခံ AIPA က မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် အာဆီယံ လွှတ်တော်အမတ်တွေနဲ့ လေ့လာသူတွေ သဘောတူခဲ့ကြပါတယ်။