ဇူလိုင် ၃၁ ရက်နေ့မှာ နှစ်သောင်းတန်ငွေစက္ကူသစ် စတင်ထုတ်ဝေမယ်လို့ စစ်ကောင်စီက ဇူလိုင် ၂၃ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။ နှစ်သောင်းတန်က အမှန်တကယ် မထုတ်ဝေရသေးပါဘူး။ ထုတ်ဝေမယ်လို့ ကြေငြာပြီးနောက်တစ်နေ့မှာပဲ ကုန်စျေးနှုန်းတွေနဲ့ လဲလှယ်နှုန်းတွေ ခုန်တက်ကုန်ပြီး စျေးကွက်ထဲမှာ ကမောက်ကမတွေဖြစ်ခါ အရောင်းအဝယ် ပိတ်တာတွေ၊ ငွေလဲမရတော့တာတွေဖြစ်ခဲ့တာ တွေ့ရပါတယ်။
နှစ်သောင်းတန် ငွေစက္ကူသစ်ထုတ်ဝေမယ်ဆိုတဲ့ သတင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုး ထိုးကျသွားပါတယ်။ ဇူလိုင်၂၄ ရက်နေ့မှာ မြန်မာကျပ်ငွေတစ်သိန်းဟာ ထိုင်းဘတ်ငွေတစ်ထောင်အောက် ရောက်သွားခဲ့ရတယ်လို့ VOA သတင်းမှာ ဖော်ပြခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီမှာ မြန်မာကျပ်ငွေတစ်သိန်းမှာ ထိုင်း ဘတ်ငွေ လေးထောင်ဝန်းကျင်ရှိခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်ရင် စစ်တပ်အာဏာသိမ်းတာ ၂ နှစ်ကျော်ကြာချိန်မှာ မြန်မာကျပ်ငွေတန်ဖိုး ဘယ်လောက်ကျဆင်းသွားတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။
နှစ်သောင်းတန်ဂယက်ကြောင့် ရွှေဆိုင်များပိတ်၊ စျေးမေးသူသာများပြီး အရောင်းအဝယ်မရှိဖြစ်နေဆိုတဲ့ သတင်းတစ်ပုဒ်ကို Myanmar Now က ဇူလိုင် ၂၄ ရက်နေ့မှာ ဖော်ပြခဲ့သလို ဧရာဝတီသတင်းဌာနကလည်း ကျပ်နှစ်သောင်းတန်ဂယက် ဒေါ်လာနဲ့ ရွှေစျေးကွက် ကမောက်ကမဖြစ်ဆိုကာ ဖော်ပြခဲ့ကြပါတယ်။ အဲဒီသတင်းတွေမှာ နှစ်သောင်းတန်ငွေစက္ကူသစ်ထုတ်ဝေမယ်ဆိုတဲ့သတင်းကြောင့် ရွှေစျေးဟာတစ်ကျပ်သား ၃၁ သိန်းဝန်းကျင်ကနေ ၃၆ သိန်း၊ ဒေါ်လာစျေးက အမေရိကန်တစ်ဒေါ်လာကို ၃,၁၀၀ ကျပ်ဝန်းကျင်ကနေ ၃,၅၀၀ ကျပ်အထိ နေ့ချင်း ညချင်းမှာ ခုန်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ကျပ်နှစ်သောင်းတန် ထပ်မံရိုက်နှိပ်တာကြောင့် စျေးကွက်ပျက်ယွင်းပြီး ပုံမှန်မဟုတ်တဲ့စျေးကွက်တွေဖြစ်ပေါ်လာနိုင်တယ်။ စီးပွါးရေးလုပ်ရ ကိုင်ရတာ ပိုခက်ခဲလာနိုင်တယ်။စီးပွါးရေးလုပ်ငန်းနဲ့ စျေးကွက်တွေကို အမိန့်အာဏာနဲ့ ထိန်းချုပ်လို့ မရနိုင်ဘူးလို့ စီးပွါးရေးပညာရှင်တွေက သုံးသပ်ကြကြောင်းလည်း ရေးသားထားပါတယ်။
ဂျပန် NHK သတင်းကတော့ ကျပ်နှစ်သောင်းတန်ကို ဆင်ဖြူတော်ပုံနဲ့ ထုတ်ဝေတယ်။ ဆင်ဖြူတော်ဟာ အတိတ် နိမိတ်ကောင်းဖြစ်ပြီး မြန်မာနိုင်ငံတော်ကြီး ဖွံဖြိုးတိုးတက်လာမယ်ဆိုတဲ့သဘောနဲ့ စစ်ကောင်စီကထုတ်ဝေတာဖြစ်တယ်။ ဒါပေမဲ့ နှစ်သောင်းတန်ထုတ်ဝေတာဟာ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားအရံငွေ လျှော့နည်းလာကာ အနောက်နိုင်ငံတွေရဲ့ စီးပွါးရေး ပိတ်ဆို့ဒဏ်ခတ်တာတွေကြောင့်ထိခိုက်ခံစားနေရတယ်ဆိုတာကို ပြသနေတာဖြစ်တယ်။ ဒါ့အပြင် ကျပ်ငွေတန်ဖိုးဟာ စစ်တပ်အာဏာသိမ်ပြီး ၂ နှစ်တာအတွင်းမှာ ၅၀ ရာခိုင်းနှုန်း တန်ဖိုးကျဆင်းသွားတယ်လို့ ဇူလိုင် ၃၁ ရက်နေ့က ရေးသားပါတယ်။
စီးပွါးရေးအခြေအနေကလည်း ပိုဆိုးလာ၊နိုင်ငံရေးကလည်း ထွက်ပေါက်ပိတ်လာတော့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်တဲ့ သတင်းတွေထုတ်ပြီး ကစားလာတာတွေ့ရတယ်လို့ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးက မှတ်ချက်ပေးပါတယ်။ဟုတ်လည်း ဟုတ်ပါတယ်။ ဇူလိုင် ၉ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပြီးနောက်ပိုင်း ဒေါအောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကနေ ဒုဝန်ကြီးအဆင့်တွေနေထိုင်တဲ့ အိမ်ယာတစ်ခုကို ရွှေ့ပြောင်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်း ဟုတ်၊ မဟုတ် အတည်ပြုနိုင်ဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကို မီဒီယာတွေက ဆက်သွယ်မေးမြန်းပေမဲ့ တိကျ၊ရှင်းလင်းတဲ့ အဖြေ မပေးပါဘူး။သူ မသိပါဘူးလို့ပဲဖြေကြားခဲ့တာ တွေ့ရပါတယ်။
ဒီလိုအချိန်မှာပဲ မျှော်လင့်မထားတဲ့ သတင်းထုတ်ပြန်ချက်တစ်ခု ဩဂုတ်လ ၁ ရက်နေ့မှာထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တချို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ထောင်ကလွှတ်လိုက်ပြီလားလို့ အံ့ဩတကြီးဖြစ်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၆ နှစ်နဲ့ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို ၄ နှစ်လျှော့ပေးခဲ့ခြင်းသာဖြစ်ပြီး လွှတ်ပေးခြင်း မဟုတ်ဘူးဆိုတာ သိရပါတယ်။အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၇,၇၀၀ ကျော်လွတ်ငြိမ်းခွင့်ပေးခဲ့တယ်ဆိုပေမဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၀ ဝန်းကျင်သာပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ထံက သိရပါတယ်။
စကစရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ပတ်သက်ပြီး NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ "ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်တာမဟုတ်ပါဘူး။ မတရားဖမ်းဆီးထားပြီးတော့ စွပ်စွဲထားတဲ့ ချမှတ်ထားတဲ့ မတရားပြစ်ဒဏ်တွေကနေ လျှော့ပေါ့လိုက်တာဖြစ်ပါတယ်။ ဒီဟာ တစ်ခုက မှန်ကန်တဲ့လုပ်ဆောင်မှုမဟုတ်သလို စစ်မှန်တဲ့ လွတ်မြောက်မှုမဟုတ်ပါဘူး။ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုကို မျက်စိဝေဝါး အထင်မှားအောင်လုပ်ဆောင်တဲ့ နည်းလမ်းတွေကျင့်သုံးပါတယ်။ ဒါကြောင့်မိုလို့ တော်လှန်ရေးအသိကို ဆက်လက်ထားရှိပြီးတော့ ကိုယ့်လမ်းကို ကိုယ်ဆက်လျှောက်မယ် ကိုယ့်ယုံကြည်ချက်အတိုင်းဆက်လက်သွားဖို့အတွက် ပြည်သူလူထုကို လေးစားစွာဖြင့် တိုက်တွန်းအပ်ပါတယ်”လို့ VOA ကိုပြောကြားခဲ့သလို NUG တရားရေးဝန်ကြီးဌာနကလည်း "ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ ပြစ်မှုတစုံတရာကျူးလွန်ခြင်းမရှိဘဲ တစ်ဖက်သတ် လုပ်ကြံ စွပ်စွဲ ဖမ်းဆီးခံထားရတာဖြစ်ပြီး သူတို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်အားလုံးဟာလည်း ဥပဒေနဲ့ ညီညွတ်ခြင်း မရှိဘူး” လို့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။
အခုလို စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်တချို့က လွတ်ငြိမ်းခွင့်ပေးတာနဲ့ ပတ်သက်လို့ နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ "စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ကတ်ကို ထုတ်သုံးလာတာဟာ သူတို့ဘယ်လောက်အထိ အကြပ်အတည်းဖြစ်နေတယ်ဆိုတာကိုပြတာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ စစ်ကောင်စီရဲ့ရည်ရွယ်ချက်က အနာဂတ်နိုင်ငံရေးမှာ ဒေါ်စု မပါဝင်ရေး၊ ဒေါ်စုကို ဖယ်ထုတ်ရေးပါ။ ဒါပေမဲ့ ခုဒေါ်စုကို ထုတ်သုံးလာရပြီဆိုကတည်းက သူတို့ ရှေ့ဆက်သွားဖို့ ခက်နေပြီဆိုတာကို သိသာပါတယ်။နောက်တစ်ခုက အခုလို ဒေါ်စုကို ထုတ်သုံးလာခြင်းဟာ အာဆီယံနဲ့ နိုင်ငံတကာကို ဝေဝါးအောင်လုပ်တာဖြစ်နိုင်သလို တပြိုင်တည်းမှာ NUG ထဲမှာ မတည် မငြိမ်ဖြစ်အောင်၊ အားနည်းသွားအောင် လုပ်တာလည်းဖြစ်တယ်လို မြင်တယ်။ ဒါကြောင့် NUG ဟာ သဘောတရားရေးအရ ပိုခိုင်မာအောင်၊ ပိုကျစ်လစ်အောင်၊တိုင်းရင်းသားတွေနဲ့ ပိုနားလည်မှုရအောင် တည်ဆောက်ဖို့ လိုပါမယ်။နောက်တစ်ခုက စီးပွါးရေး။ စီးပွါးရေးအခြေအနေက အတော်ဆိုးနေပြီ။ ပြိုသွားနိုင်တယ်။ဒါကြောင့် NUG ခေါင်းဆောင်တွေ၊ တော်လှန်ရေးခေါင်းဆောင်တွေဟာ နိုင်ငံရေးကိုပဲ အာရုံမစိုက်သင့်ဘူး။ စီးပွါးရေးကိုလည်း အာရုံစိုက်သင့်တယ်။ ဆိုလိုတာက စီးပွါးရေး လက်နက်ကိုလည်း သုံးသင့်တယ်လို့ ယူဆပါတယ်။ ဘာကြောင့်လည်းဆိုတော့ စီးပွါးရေးပြိုရင် နိုင်ငံရေးလည်းလိုက်ပြိုတယ်ဆိုတာကို မေ့မထားဖို့လိုတယ်”လို့ ဆိုပါတယ်။
Your browser doesn’t support HTML5