လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပဋိပက္ခဒေသ ကျောင်းများမဖွင့်နိုင်

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စမ်မြို့အနီး ကုန်းသာရွာမှ ကျောင်းသူကျောင်းသားများပညာသင်ကြားရတဲ့အခြေအနေ ၊ မတ် ၉၊ ၂၀၂၃

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ စိုးရိမ်စရာအနေအထား ဖြစ်လာတယ်လို့ ကမ္ဘာဘဏ်ကသိပ်မကြာခင်က သတိပေးထားသလိုပဲ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတွေမှာ ကလေးငယ်တွေပညာဆက်သင်ကြားနိုင်ဖို့ အခက်အခဲတွေ အများကြီး ရှိလာနေကြပါတယ်။ အခုနောက်ပိုင်း စာသင်ကျောင်းတွေကို စစ်ကောင်စီက ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်တာတွေ ပိုပြီး လုပ်လာတာကြောင့်လည်း ကလေးငယ်တွေ ပညာသင်ကြားခွင့်ရဖို့ ပိုခက်ခဲလာတယ်လို့ ပညာရေးဆိုင်ရာ ကူညီပေးနေသူတွေက ပြောဆိုကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောဝ်ပြောပြမှာပါ။
ကရင်နီပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ ကလေးငယ်တွေ အခြေခံပညာဆက်လက်သင် ကြားနိုင်အောင် ပြီးခဲ့တဲ့နှစ်အထိ ကျောင်းတွေဖွင့်နိုင်ခဲ့ပေမဲ့ ဒီနှစ် ၂၀၂၃ ခုနှစ်မှာတော့ အရင်လို မသင်ကြားပေးနိုင်တော့ဘူးလို့ ကရင်နီ လူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားက ပြောပါတယ်။ စစ်ကောင်စီက စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်တာတွေ ပိုလုပ်လာ တဲ့အတွက် ကျောင်းတွေ မဖွင့်နိုင်ကြတော့တာဖြစ်ပြီး ကလေးငယ်တွေ ပညာသင်ကြားနိုင်ရေး စိုးရိမ်စရာ ဖြစ်လာတယ်လို့ ကိုဗညားက ပြောပါတယ်။
“ဒီအခု ၂၀၂၃−၂၀၂၄ ပညာသင်နှစ်ပေါ့။ တော်တော်များများက မေနဲ့ ဇွန်မှာ ပြန်စတင်တာ ရှိတယ်ပေါ့ နော်။ ဒါပေမဲ့လည်း ဒီဇွန်၊ ဇူလိုင် ဝန်းကျင်မှာ ကျွန်တော်တို့ စစ်ဘေးရှောင်ကျောင်းတွေ၊ လူထုကျောင်းတွေ ကို စစ်ကောင်စီကနေ ပစ်မှတ်ထားပြီးတော့မှ ဗုံးကြဲတာတွေ ပိုလုပ်လာတဲ့ အပေါ်မှာ ကျောင်းသားမိဘတွေ ဖြစ်စေ၊ ဆရာ၊ ဆရာမတွေဖြစ်စေ၊ နောက်သက်ဆိုင်ရာလူတွေက အရမ်းကို သတိထားလာရတယ်။ အဲ့ဒါ ကြောင့်မို့လို့ ကျောင်းတွေမှာ ပေါ်ပေါ်ထင်ထင်ပညာသင်ကြားမှုကို ကျွန်တော်တို့ ရပ်လိုက်ပြီးတော့မှ အတတ်နိုင်ဆုံးပေါ့။ ကျွန်တော်တို့ စခန်းတွေထဲမှာ ရွာတွေထဲက အိမ်အလွတ်တွေထဲမှာပေါ့နော်။ class တစ်ခု နှစ်ခုကို ပေါင်းပြီးတော့မှ စစ်ရှောင်စခန်းထဲမှာ အဲ့လို အသေးလေးတွေ ပြန်ပေါင်းပြီးတော့မှ ပြန်ပြီးတော့သင်ကြားတဲ့ ပုံစံနဲ့ သွားနေကြရတာရှိတယ်။ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့ နေရာထိုင်ခင်း အပေါ်မှာ အခက်အခဲရှိတယ်။ ဆောက်လုပ်ပြီးသား တချို့စခန်းတွေမှာဆိုရင် စာမသင်ရဲတော့ဘူးပေါ့နော်။ တချို့စခန်းတွေမှာဆိုရင် ဗုံးတွေကြောင့် ထိခိုက်ပြီးတော့ ကျောင်းတွေ ပျက်စီးကုန်တာတွေလည်း ရှိတယ်။”
လက်ရှိတိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်ကနေ ထိုင်းနိုင်ငံဖက် ထွက်ပြေးကြရတဲ့ စစ်ရှောင်တွေဟာ လည်း လက်ရှိမှာနေထိုင်စရာတောင် စီစဥ်မပေးနိုင်ကြသေးတဲ့ အနေအထားမို့ ကျောင်းနေအရွယ်ကလေး တွေရဲ့ ပညာသင်ကြားရေးက မရေရာတဲ့ အနေအထားဖြစ်တယ်လို့ ပြောပါတယ်။ ကျောင်းစာသင်ကြား ရေးအတွက် အဓိကလိုအပ်တဲ့ ကျောင်းသုံးစာအုပ်နဲ့ သင်ထောက်ကူတွေကလည်း လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ရရှိဖို့ ခက်ခဲတယ်လို့ ကိုဗညားက ပြောပါတယ်။
“နောက်တစ်ခုက စစ်ဘေးရှောင်တွေက ထိုင်းနိုင်ငံထဲကို ၉၀၀၀ နည်းနည်းစွန်းစွန်းလေးလောက် ရောက်သွားတယ်ပေါ့နော်။ အခုအချိန်ထိလည်း ကျွန်တော်တို့ ကျောင်းတက်နိုင်ခြင်း မရှိသေးဘူးပေါ့နော်။ အခုမှပဲ ပြန်လည်ပြီးတော့မှ တချို့ကလည်း လပိုင်း၊ တချို့ကလည်း တစ်ပတ်နှစ်ပတ်ပဲ ရောက်တာရှိသေး တော့ ကျောင်းမရှိသေးဘူးပေါ့။ အဆောက်အဦး နေရာထိုင်ခင်းပဲ အဓိကထား ဆောက်လုပ်နေရတဲ့ အခြေအနေရှိတယ်။ နောက်ပြီးတော့မှ ဘယ်အချိန် ပြန်ပို့ခံရမလဲ မသိတဲ့ခါကျတော့ ကျောင်းဆောက် လုပ်နိုင်ခြင်း သင်ကြားနိုင်ခြင်းမရှိဘဲနဲ့ နေနေရတာ အများကြီးရှိပါတယ်။”
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အတွင်းမှာတော့ စစ်ရှောင်ကလေးငယ်တွေ ပညာဆက်လက်သင်ကြား နိုင်ရေး အတွက် အမျိုးသားညီညွတ်ရေး အစိုးရ NUG က ကူညီပံ့ပိုးတာတချို့ ရှိတယ်လို့ ကန့်ဘလူမြို့နယ် ပညာရေးတာဝန်ခံက ပြောပါတယ်။ ဒီနှစ်မှာ KG တန်းကနေ Grate 11 အထိ သင်ကြားပေးနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ပညာရေးတာဝန်ခံ ဆရာမိုးက ပြောပါတယ်။
ဒါပေမဲ့ ၂၀၂၂ စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာမှာရှိတဲ့ စာသင်ကျောင်းတခုကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တဲ့ ဖြစ်စဥ်နောက်ပိုင်းမှာ ဒေသခံတွေက ကလေးငယ်တွေကို ကျောင်းပို့ဖို့ စိုးရိမ်ထိတ်လန့်လာကြပြီး ကျောင်းတက်ဖို့ ခက်ခက်ခဲခဲ တိုက်တွန်းရတာမျိုး ရှိတဲ့အကြောင်း ဆရာမိုးက ပြောပါတယ်။
“ကျောင်းသားတွေကို ကျောင်းထားဖို့ရာ မိဘတွေကို စည်းရုံးရတယ်။ တချို့မိဘတွေဆို မထားရဲကြဘူး။ လက်ယက်ကုန်းမှာ ဖြစ်သွားတဲ့ နောက်ပိုင်းဆို ပိုဆိုးကြတယ်။ မနည်းပြောရတယ်။ ကျွန်တော်တို့ ပြန်ပြီးတော့ အားပေးပြီးတော့မှ မိဘတွေကို ကျောင်းထားဖို့ရာ ပြောရတာပေါ့။ တချို့ကျတော့ သူတို့က သူတို့တဲလေးတွေနဲ့ သီးသန့်နေတယ်။ ကျွန်တော်တို့ သွားပြီး စဉ်းရုံးရတာပေါ့။ ဒီလမ်းပန်းခရီး ဆက်သွယ်ရေး အစရှိသဖြင့်ပေါ့။ အဲ့လိုလေးတွေ သူတို့ မလုပ်ပေးနိုင်ဘူး။ ရတယ် ကျွန်တော်တို့အပို့အယူ လုပ်ပေးမယ်ပေါ့၊ အဲ့လိုတွေက စလို့ ပြောပေမဲ့လို့လည်း သူတို့တွေက အကြောက်တရားတွေဗျ။ လမ်းမှာ သားသမီးတခုခု ဖြစ်သွားမှာ စိုးတာ၊ စသဖြင့်ပေါ့ဗျာ။”

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စမ်မြို့အနီး ကုန်းသာရွာမှ ကျောင်းသူကျောင်းသားများ၊ မတ် ၉၊ ၂၀၂၃

ဒီလိုအကြောင်းတွေနဲ့ ကျောင်းမတတ်နိုင်တဲ့ ကလေးတွေ ရှိသလို တိုက်ပွဲတွေကြောင့်လည်း ကလေးတွေရဲ့ ပညာသင်ကြားရေးထိခိုက်နေ ရတယ်လို့ ဆရာမိုးက ပြောပါတယ်။ ကျောင်းသားတွေရဲ့ လုံခြုံရေးအတွက် လေကြောင်းရန်ကနေအထိုက်အလျောက် ပုန်းခိုနိုင်အောင် ဗုံးခိုကျင်းတွေ တူးထားကြရသလို၊ ကတုတ် ကျင်းတွေလည်း လုပ်ထားကြရတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ကျောင်းသုံး စာအုပ် အလုံအလောက်ရဖို့ကလည်း အခက်အခဲ တခုဖြစ်တယ်လို့ ဆရာမိုးက ပြောပါတယ်။
“တချို့ကားသမားတွေကျတော့ (ကျောင်းသုံးစာအုပ်တွေကို) မတင်ရဲဘူး။ အဲ့တော့ ဘယ်လိုမှအဆင် မပြေဘူး ဖြစ်နေတယ်။ လမ်းမှာ အစစ်အဆေးတွေ ကလည်း များနေတဲ့ ခါကျတော့ ကျွန်တော်တို့က မနှစ်ကနဲ့ စာရင် ဒီနှစ်က ပိုပြီးတော့တောင် လိုအပ်ချက်တွေ ပိုများလာတယ်ပေါ့ဗျာ။ ဒီနှစ်ကတော့ လုံးဝ အစစ်အဆေးတွေက များလာတယ်။ ကားသမားတွေလည်း မသယ်ရဲဘူး၊ အဲ့လိုတွေ ဖြစ်ကုန်ကြတာ။”
ကျောင်းသုံးစာအုပ် သယ်လာတာ တွေ့ရင် ကားသမားကို ဖမ်းဆီးစစ်ဆေးရိုက်နှက်တာ၊ ပစ္စည်းသိမ်းယူတာမျိုးတွေ လုပ်တာကြောင့် စာအုပ်တွေ ရရှိဖို့ ပိုခက်လာတယ်လို့ ပြောပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း အာဏာရှင်ကို အကြမ်းမဖက် ဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ကျောင်းသူ၊ ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေပါဝင်ခဲ့ကြပြီး အလုပ်ထွက် ကျောင်းထွက်ခဲ့ကြတာတွေ ရှိသလို၊ လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်နေတဲ့ ကျောင်းသားလူငယ်တွေ အများအပြား ရှိနေတာပါ။

ဒီလို အခြေအနေမျိုးစုံအောက်မှာ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတဝန်း အထက်တန်းအရွယ် ကလေးတွေရဲ့ ၂၂ ရာခိုင်နှုန်းပဲ ကျောင်းအပ်ကြတယ်လို့ ဒီလထဲ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၇ ကနေ ၂၀၂၃ ကြား မြန်မာနိုင်ငံမှာ ကျောင်းအပ်နှုန်း ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားတာကို ထောက်ပြထားပြီး ပညာရေး လက်လှမ်းမီမှု စိုးရိမ်ရတဲ့ အခြေအနေမှာရှိကြောင်း ဖော်ပြထားပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ခဲ့ရပြီးနောက် ပိုင်းကစလို့ မြန်မာနိုင်ငံက ကလေးအများစု ကျောင်းပြန်မတက်ကြတဲ့အကြောင်း အိမ်ထောင်စု ၈ ထောင့် ၅ ရာနီးပါးကို ကောက်ယူတဲ့ စစ်တမ်းကို အခြေခံပြီး ကမ္ဘာ့ဘဏ်က ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပဋိပက္ခဒေသ ကျောင်းများမဖွင့်နိုင်