ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင်းတိုက်ပွဲ သေဆုံးမှုများပြား
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ညောင်ပင်သာကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပီဒီအက်ဖ်ပူးပေါင်းတပ်ဖွဲ့တွေ မေလ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီဘက်က အရာရှိတချို့ ကျဆုံးခဲ့ရပါတယ်။ ညပိုင်းမှာတော့ စစ်ကောင်စီတပ်တွေက ညောင်ပင်သာရွာကိုဝင်ပြီး ကလေးလူကြီး ၁၈ယောက်ကို မီးရှို့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိမ်းချုပ်ရာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ညောင်ပင်သာကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပီဒီအက်ဖ်ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီဘက်က ဗိုလ်ကြီး (၁)ဦး၊ ဒုဗိုလ် (၁)ဦး၊ တပ်ကြပ်ကြီး (၁)ဦး၊ တပ်သား (၂)ဦး သေဆုံးတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက မေလ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာတော့ ညောင်ပင်သာရွာကို ညပိုင်းမှာဝင်ပြီး တွေ့တဲ့ ရွာသားတွေကို နှိပ်စက်ညှင်းပန်းပြီးမီးရှို့သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။
" မေလ ၁၀ ရက်နေ့ပေါ့ ၊ ထန်းတပင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်အစပ် ညောင်ပင်သာရွာမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတော့ ကေအန်ယူ ပီဒီအက်ဖ် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ အဲဒီလိုဖြစ်ပြီး ညဘက်ကျတော့ ၈ နာရီလောက်မှာ ညောင်ပင်သာရွာကိုဝင်လာပြီး ကလေး ၇ ဦးအပါအဝင် လူ ၁၈ ဦးကို မီးရှို့ပြီး သတ်သွားတာပေါ့။ မီးပုံ ၂ ပုံ၃ ပုံရှိတယ် တဖွဲ့တဖွဲ့ကိုပေါ့ အဲဒီမှာ လူ ၁၈ ယောက်ကို မီးရှို့သတ်သွားတာပေါ့။ "
SEE ALSO: KNU တပ်မဟာ(၃)ဒေသတွင်း စစ်ဘေးရှောင်နှစ်သိန်းနီးပါးရှိလာတိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီအရာရှိတွေကို ဖမ်းမိတာတွေ သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
" မိထားတာက ၅၉၉ တပ်က အရာရှိနဲ့ တပ်ကြပ်ကို မိထားတော့ သတ်တာကတော့ ၅၉၀ နဲ့ ၅၉၉ တပ်ရင်းက နယ်မြေခံဆိုတော့ သူက သတ်တာပေါ့။ နယ်မြေလည်း ကျွမ်းတယ် ၊ သူ လူမိတယ်ဆိုပြီး ရွာသားကို မဲပြီးသတ်သွားတာပေါ့ ပြည်သူကတေ ာ့ဘာမှမသိဘူး အသက်ကြီးတဲ့ အသက် ၇၀ ကျော်တွေကော ၅၀ ကျော်တွေကော အကုန်ပါသွားတယ်။ ကလေးတွေကောပေါ့။"
ဘယ်တပ်ရင်းတပ်ဖွဲ့က သတ်ဖြတ်မူတွေ ကျူးလွန်သလဲဆိုတာကိုတော့ အသေအချ ာမပြောနိုင်သေးပါဘူး။ သတ်ဖြတ်ခံရသူတွေကို မီးရှို့ထားပုံကိုတော့ ဒေသခံတွေကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
" ရွာသားတွေက ကျန်သေးတဲ့ ခြေထောက် အပိုင်းအစတွေတော့ တွေ့ရတယ်။ နာမည်စာရင်းတွေကတော့ သူ့ဆွေးမျိုးတွေ နောက်တော့ပြောပြမှာပေါ့၊ အခုတွေ့ရတာက ခြေထောက်တွေ လောင်ထားတယ်၊ ခေါင်းတွေ လောင်ထားတယ်၊ တချို့က ဖိနပ်တောင် မချွတ်ရသေးဘူး တွေ့ရတယ်။ "
လတ်တလော မီးရှို ့ခံထားရတဲ့ အလောင်းတွေ အရေအတွက်ကိုပဲ သိရသေးကြောင်း တခြားပျောက်ဆုံးနေတဲ့ရွာသားတွေလည်းရှိတဲ့အတွက် နောက်ထပ် အရေအတွက်ကို မသိရသေးဘူးလို့ ပြောပြပါတယ်။ မီးရှို့သတ်ဖြတ်ခံရတဲ့ရွာသားတွေနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံးက စစ်ကောင်စီ လက်ချက်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားပေမယ့်လည်း စစ်ကောင်စီဖက်ကတော့ ဘာမှ တုံ့ပြန်တာ မရှိသေးပါဘူးရှင်။
Your browser doesn’t support HTML5