ဦးဖြိုးမင်းသိန်းနဲ့ ဗဟိုကော်မတီဝင် ၃ ယောက်ကို NLD ထုတ်ပယ် 

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း (လယ်)

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်းနဲ့ ဗဟိုကော်မတီဝင် ၃ ဦးကို ပါတီဝင်အဖြစ်မှပါ အပြီးအပိုင် ထုတ်ပယ်လိုက်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ဒီနေ့ကြေညာချက်ထုတ်ပြန်ပါတယ်။ ဦးဖြိုးမင်းသိန်းအပြင် ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တု့ိကို ထုတ်ပယ်လိုက်ကြောင်းနဲ့ သူတို့ရဲ့ ပြောဆိုဆောင်ရွက်မှုတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မည်သို့မျှ သက်ဆိုင်ခြင်းမရှိပါကြောင်း ကြေညာချက်ထဲမှာ ရေးထားပါတယ်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန် သက်သေထွက်ဆိုသူများနဲ့ ပြည်သူ့ဆန္ဒကိုကျောခိုင်းပြီး ပါတီမူဝါဒတွေကို ဆန့်ကျင် လုပ်ဆောင်နေသူတွေကို အရေးယူပေးဖို့ တင်ပြလာချက်အရ အရေးယူဆောင်ရွက်တာဖြစ်တယ်လို့လည်း ပြောထားပါတယ်။ ပါတီရဲ့ရပ်တည်ချက်ကို ဆန့်ကျင်ခဲ့တဲ့အပြင်၊ ပါတီနာမည်ကို အလွဲသုံးစားလုပ်ပြီး စစ်အာဏာရှင်အလိုကျ ကိုယ်ကျိုးရှာလုပ်ဆောင်နေတယ်ဆိုတာ ခိုင်လုံတဲ့ အထောက်အထားတွေအရ မတ်လ ၂ ရက် ဗဟိုအလုပ်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ခုလိုထုတ်ပယ်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက တရားစွဲခဲ့တဲ့ အမှုတွေထဲက အဂတိလိုက်စားတယ်ဆိုတဲ့ အမှုတခုမှာ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက တရားလိုဘက်က သက်သေထွက်ဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ဦးဖြိုးမင်းသိန်းနဲ့ ဗဟိုကော်မတီဝင် ၃ ယောက်ကို NLD ထုတ်ပယ်