ဝိုင်းမော်မြို့နယ်က စစ်ကောင်စီ ဒုတပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင်တချို့ကို KIA ဖမ်းဆီး

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များ (ယခင်မှတ်တမ်းရုပ်ပုံ)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှုးနဲ့ တပ်ဖွဲ့ဝင်အချို့ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ KIA ပြန်ကြားရေးတာဝန်ခံက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးတဲ့သတင်းရပေမယ့် ဒုတပ်ရင်းမှူးအဆင့်ဟုတ်မဟုတ်ကို စီစစ်ဆဲဖြစ်တယ်လို့ဆိုပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲသတင်းပေးပို့ချက်ကိုတော့ ကိုစံကျော်က ပြောပြမှာပါ။

ဝိုင်းမော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်တွေကို ဒီလ ၁၃ရက်နေ့က KIA ကချင်လွတ်လပ်ရေးတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ ခလရ ၃၈၉က ဒုတပ်ရင်းမှူးနဲ့အဖွဲ့ဟာ ရွှေမှော်တွေကို စစ်ဆေးပြီး အိမ်စီးကားနဲ့ ပြန်လာစဉ်မှာ ဖေဖော်ဝါရီလ ၁၃ရက်နေ့ မနက်မှာ ဝိုင်းမော်နဲ့ ဆဒုံးအကြားက ဘွမ်တောင်ရွာအနီးမှာ KIA က ဖမ်းဆီးတာဖြစ်ကြောင်း ဖော်ပြကြပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာမှာတော့ -

“ အဲဒါ သတင်းကတော့ online မှာတော့ ရှိပါတယ်။ ဒါပေမဲ့ Confirm ကတော့ မရသေးဘူး။ မနေ့က ပြည်သူလူထု စီးလာတဲ့ ကားပေါ်မှာ စကစက ဝန်ထမ်းတွေကို စစ်ဆေး ရမိတဲ့သတင်းကတော့ တရားဝင် အကြောင်းကြားလာတာ ရှိပါတယ်။ နှစ်ယောက်၊ သုံးယောက်လောက်တော့ ပြောကြတယ်။ ဒါပေမဲ့ ဘယ်အဆင့်ရှိတယ်။ ဘာတာဝန်ထမ်းဆောင်တဲ့ စစ်မှုထမ်းလားဆိုတာကတော့ တိတိကျကျတော့ မသိသေးဘူးခင်ဗျ။ တပ်ရင်းမှုးတို့ ဒုတပ်ရင်းမှုးတို့ ဆိုတာကတော့ အတည်ပြုလို့ မရသေးဘူး။ အခု အားလုံးပြန်ပြီးမှ စိစစ်ခိုင်းတဲ့အနေအထားလောက်ပဲ ရှိပါတယ်။ ”

ဒီသတင်းနဲ့ပတ်သက်ပြီး ဝိုင်းမော်ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ ဖမ်းတာကတော့ ၁၁ရက်နေ့တုံးကလို့ ပြောတယ်။ ဆဒုံးဗျူဟာက ၃၈၉က ဗိုလ်ကြီး မျိုးအောင်လို့ ပြောတာ။ သူတစ်ယောက်တည်းပဲလို့ ပြောကြတယ်။ အဲလိုပဲ ကြားတာပဲ။ ရွှေမှော်က ရွှေလုပ်တဲ့ လုပ်ငန်းရှင်တွေနဲ့တွေ့ဖို့ အလာမှာ ဖမ်းတယ်လို့ ပြောတာပဲ။ ဖမ်းတာက ဒီဆဒုံးမရောက်ခင် ဘွမ်တောင်ရွာနားမှာ ဖမ်းတယ်ဆိုတာတော့ ဟုတ်တယ်။ ”

ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ ဒုတပ်ရင်းမှူး ဖမ်းဆီးခံရပြီးနောက် စစ်တပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားကြောင်းနဲ့ ဆဒုံးမြို့မှာလည်း ည၉နာရီနောက်ပိုင်း အပြင်မထွက်ရတဲ့ ဆိုတဲ့ အမိန့်ထုတ်ပြန်ထားကြောင်း ဖော်ပြထားပေမယ့် ဗွီအိုအေအနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဘက်မှာတော့ စစ်ကောင်စီတပ်နဲ့ KIA အကြားမှာ ၃ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ဗိုလ်မှူးကြီးနော်ဘူက KIA တပ်ရင်း၉နယ်မြေအတွင်းကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ပြောပါတယ်။

“ တိုက်ပွဲဖြစ်တာကတော့ အတည်ပြု ပြောလို့ ရပါတယ်။ အခု ဒီနေ့နဲ့ဆိုရင်တော့ ၃ရက် ဆက်တိုက် တိုက်ပွဲဖြစ်တာ ရှိပါတယ်။ ကျနော်တို့ KIA ရဲ့ တပ်ရင်း ၉နယ်မြေဘက်မှာ စကစက စစ်ကြောင်းတွေ ၃ကြောင်းနဲ့ ထိုးစစ်ဆင်လာလို့ ကျနော်တို့ ခုခံတိုက်ပွဲ ဖြစ်တာဖြစ်ပါတယ်ခင်ဗျ။ ”

တပ်ရင်း ၉ဘက်ကို ဒီကနေ့ နေ့ခင်းပိုင်းက လေကြောင်းက တိုက်ခိုက်တာတွေလည်းရှိကြောင်း ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲတွေဟာ ဒီလ ၉ရက်နေ့က စတင်ပြီးဖြစ်ပွားခဲ့တာပါ။ မနေ့က ဖြစ်တဲ့တိုက်ပွဲမှာ နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီး ၂လုံးကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ ၉ရက်နေ့ တိုက်ပွဲမှာတော့ နမ့်ဖလွန်းရွာမှာ အသက်၉၀အရွယ် အဖိုးအိုတစ်ဦး လက်နက်ကြီးထိမှန်ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို KIO ကချင်လွတ်လပ်ရေးအဖွဲ့အစည်းအနေနဲ့ ဗြောင်းဗြောင်းတင်းတင်းဆန့်ကျင်ခဲ့သလို စစ်ကောင်စီကို လက်နက်ကိုင်ခုခံကြတဲ့ PDF ဒေသကာကွယ်ရေးအဖွဲ့တွေကို KIA က ကူညီထောက်ပံ့မှုတွေလုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ PDF နဲ့ KIA တပ်ဖွဲ့တွေ ကျူးလွန်တာလို့ စစ်ကောင်စီကလည်း မကြာမကြာ ထုတ်ပြန်လေ့ရှိပါတယ်။

Your browser doesn’t support HTML5

ဝိုင်းမော်မြို့နယ်က စစ်ကောင်စီ ဒုတပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင်တချို့ကို KIA ဖမ်းဆီး

[Unicode]












