ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေနေရပ်ပြန်ဖို့ စစ်ကောင်စီလိုလား

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ထဲက ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည်ကလေးငယ်များ (နိုဝင်ဘာ ၁၉၊ ၂၀၂၁)

ရခိုင်ပြည်နယ်မှာ ရှိနေသေးတဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ စစ်ကောင်စီဝန်ကြီးတွေကိုယ်တိုင် စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ပြီးတော့ ပြောဆိုတာတွေရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ နေရပ်ပြန်မယ့်သူတွေကို ထောက်ပံမှုတွေပေး မယ်လို့ပြောဆိုထားပေမယ့် ဒုက္ခသည်တွေအနေနဲ့ လုံခြံရေးအာမခံချက် တစုံတရာမရှိဘဲ နေရပ်ပြန်မှာမဟုတ်ဘူးလို့ ပြောဆိုကြပါတယ်။ ဒီသတင်းပေးပို့ချက်ကိုတော့ မမြသဇင်အောင်က ပြောပြမှာပါ။

ဒီလအတွင်းမှာပဲ ပြည်ထောင်စုအဆင့်စစ်ကောင်စီဝန်ကြီးတွေဟာ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတချို့ကို သွားရောက်ပြီးတော့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ ပြောဆိုခဲ့တာတွေရှိတယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

ကျောက်တော်မြို့နယ်က မဟာမြမုနိစစ်ဘေးဒုက္ခည်သည်စခန်းမှာလည်း လူကယ်ပြန်ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်အပါအဝင် ရခိုင်စစ်ကောင်စီဝန်ကြီး တွေရောက်လာပြီး နေရပ်ပြန်ဖို့ ပြောဆိုပေမယ့် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို မေးမြန်းသွားတာ မရှိဘူးလို့ စခန်းတာဝန်ခံ ဦးသန်းထွန်းက ပြောပါတယ်။

“ ပြည်သူတွေက ဒုက္ခသည်စခန်းမှာဘယ်လိုနေရတယ် ဘယ်လို အခက်အခဲအကြပ် အတည်း ရှိတယ်ဆိုတာကိုလည်း မေးမသွားဘူးဗျာ၊ ရွာကိုပြန်ခိုင်းစေတဲ့ ပုံစံမျိုးပဲ ပြော သွားပြီးတော့ ငါတို့လည်း အချိန်မအားတော့ဘူး သွားတော့မယ် ဆိုပြီးတော့ ရပ်လျက်ပြောပြီးတော့ ရပ် လျက်ပဲ ထွက်ပြန်သွားတယ်၊ အစိုးရတရပ်ရောက်လာပြီးတော့ ပြည်သူ့အသံကို လုံးဝနားမထောင်ဘဲ ပြောရမယ်ဆိုရင် သူတို့ ပြောချင်တာပြောပြီး ထွက်သွားတော့ ကျနော်တို့ ခံစားချက်တော့ ဖြစ်သွားတာပေါ့။”

လက်ရှိကျောက်တော်မြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် ၂သောင်းကျော်အထိရှိနေသေးတာပါ။ စစ်ကောင်စီအနေနဲ့ နေရပ်ပြန်မယ့် ဒုက္ခသည်တွေကိုစာရင်းကောက်ယူနေပေမယ့် ပြန်မယ့်သူ တယောက်မှမရှိသေးဘူးလို့ မဟာမြမုနိစစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ဦးသန်းထွန်းကပြောပါတယ်။

“ အခုအချိန်ထိတော့ စာရင်းပေးတဲ့ သူလည်း တယောက်မှမတွေ့သေးဘူးဗျ ဒါပေမယ့် သူတို့ ကလည်း စစ်ဘေးရှောင်လာကတည်းက လယ်တွေ နွားတွေ အကုန်လုံးရှိတဲ့ ဟာတွေက လူမရှိဘူးဆိုတော့ ပျောက်တဲ့ဟာ ပျောက် ပျက်တဲ့ဟာ ပျက်အဲလို သူတို့ဘဝရပ် တည်ဖို့က တော့ တော်တော်ကို အခက်အခဲရှိနေတယ်။ ပြီးတော့ အနီးအနားမှာလည်း စစ်တပ်ဗျူဟာ ကုန်းတွေ ရှိတော့ မသွားရဲကြဘူးဖြစ်နေကြတာ။”

ကျောက်တော်မြို့နယ်က မြို့မရွှေကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာလည်း စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်မယ်ဆိုရင် အိမ်ထောင်စုတခုကို ငွေကျပ် ၅ သိန်း၊ ဆန်တလစာနဲ့ တခြားပစ္စည်းတွေပေးမယ်လို့ စစ်ကောင်စီကပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီပေးမယ့် ထောက်ပံ့ကြေးတွေဟာ နေရပ်ပြန်ဖို့အတွက် မလုံလောက်သလို နေရပ်မှာ ဘဝရပ်တည်ဖို့ ဆိုလည်းမဖြစ်နိုင်သေးဘူးလို့ စခန်းတာဝန်ခံဦးထွန်းခင်ကပြောပါတယ်။

“ အော် ဘယ်လိုလောက်မှာလည်း ဆန်ပေးတာက တလစာလောက်ပဲ ပေးတယ်၊ ကျနော်တို့ ပြောတာက အနည်းဆုံး ၆လစာလောက် ကူညီထောက်ပံ့ပေးရမယ်၊ အခုက ဆန်တလစာရယ် ပိုက်ဆံ ငါးသိန်းရယ်၊ ပိုက်ဆံ ၅သိန်းဆိုတာက ဒီဖက်က အိုးမရှိ အိမ်မရှိတဲ့သူတွေမှာ၊ ဘယ် လိုလုပ် ပိုက်ဆံငါးသိန်းနဲ့ နေဖို့ထိုင်ဖို့ အဆင်ပြေမှာလည်း အဆင်ပြေစရာအကြောင်းကို မရှိ တော့ဘူး၊ မီးရှို့မခံရတဲ့ အိမ်တွေမှာ ဆိုရင်တောင် အဲဒီအိမ်တွေက လူမနေတာကြာတော့ အကုန်အပျက်စီးနေမှာပဲ၊ အဲအိမ်တွေကို ပြင်ဖို့ ပိုက်ဆံ ငါးသိန်းနဲ့ ဘယ်လိုလုပ်ရမှာလဲ။ အဲတာကြောင့် ပြန်ဖို့အခက်အခဲရှိနေတာ။”

အခု ရှိနေတဲ့ ရခိုင်ဒုက္ခသည်စခန်းအများစုဟာ ရခိုင်လက်နက်ကိုင် AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေဖြစ်ပြီးနောက် ၂၀၁၈ ခုနှစ်နောက်ပိုင်း ပေါ်လာတာပါ။ ၂၀၂၂ တကျော့ပြန်တိုက်ပွဲဖြစ်ပြီးနောက် ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တချို့ကတော့ စစ်ကောင်စီ တိုက်တွန်းချက်အတိုင်း နေရပ်ပြန်ဖို့ စာရင်းပေးထားပါတယ်။ ရသေ့တောင်မြို့နယ်စေတီပြင် စစ်ဘေးဒုက္ခ သည်စခန်းက ဒုက္ခသည်တဦးကတော့ သူတို့နေရပ်ပြန်ခိုင်းရင်တော့ ပြန်မယ်လို့ ပြောပါတယ်။

“ အများအားဖြင့်တော့ ပြန်မယ်လို့ ပြောကြပါတယ်၊ ပြန်ဖို့ကတော့ ဘယ်နေ့ပြန်မယ် ဆိုပြီးတော့ မသိရသေးဘူး သူတို့က ပြန်လို့ရပြီဆိုရင်ပြန်မယ် သူတို့ပါးစပ်နဲ့ ပြောလာတာ။ ပြန်မယ်ဆိုရင်တော့ ပိုက်ဆံတွေ ပေးမယ်လို့ပြောပါတယ်။” လို့ ရခိုင်စကားနဲ့ ပြောဆိုသွားတာပါ။

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ကြား တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် ၉သောင်းနီးပါးအထိ ရှိနေပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့ ကျေးရွာတွေမှာ နေအိမ်တွေ မီးရှို့ခံရတာရှိသလို၊ နှစ်နဲ့ချီ လူမနေတာကြောင့် နေအိမ်တွေလည်း ပျက်စီးကုန်ပါတယ်။ တဖက်မှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေနဲ့ တောတောင်စိုက်ပျိုးမြေနေရာတွေမှာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ်ကလည်းရှိတာမို့ ကျေးရွာသားတွေအနေနဲ့ မူလနေရာပြန်သွားပြီး စိုက်ပျိုးစားသောက်နေထိုင်ဖို့ ခက်ခဲနေတုန်းပါ။ ကျေးရွာအနီးအနားတွေမှာလည်း နှစ်ဖက်တပ်စွဲနေရာယူထားတာမို့လည်း တိုက်ပွဲတွေပြန်ဖြစ်လာမှာစိုးရိမ်ပြီး နေရပ်ပြန်ဖို့ ခက်နေကြပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေနေရပ်ပြန်ဖို့ စစ်ကောင်စီလိုလား

[Unicode]











