=== [[ ZAWGYI ]] ===
တူရကီ၊ ဆီရီးယား ငလျင်ကြောင့် သေဆုံးသူ ၂ သောင်းကျော်အထိတိုး
တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသမှာ တနင်္လာနေ့က လှုပ်ခတ်တဲ့ အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးရသူ အခုအချိန်အထိဆိုရင် လူပေါင်း ၂ သောင်းကျော်နေပြီဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေဟာလည်း ပစ္စည်းကရိယာ ကောင်းကောင်းမပါပဲ ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေကြား အသက်ရှင်ကျန်ရစ်သူတွေကို အချိန်လုပြီး ကြိုးစား ရှာဖွေနေကြဆဲပါ။
တူရကီအစိုးရ သဘာဝဘေးဒဏ်ဆိုင်ရာ စီမံခန့်ခွဲတဲ့ အဖွဲ့ကတော့ ကယ်ဆယ်ရေးလုပ်သား တသိန်း တသောင်းလောက် အပါအဝင်၊ ထွန်စက်တွေ၊ ကရိန်းကားတွေ၊ ဘူဒိုဇာတွေ၊ တူးဖေါ်ရေး ဆိုင်ရာယာဉ် အစင်းပေါင်း ၅,၅၀၀ လောက် ငလျင်ဒဏ်သင့် ဒေသကို ပို့ပေးထားတယ်လို့ ပြောပါတယ်။
တူရကီသမ္မတ Recep Tayyip Erdogan ဟာလည်း တူရကီနဲ့ ဆီးရီးယားနယ်စပ် ဒေသနဲ့ ငလျင် ဗဟိုချက်နားက Gaziantep မြို့ကလေးကို သွားရောက်နေတာပါ။ ပြင်းအား ၇.၈ ရှိတဲ့ တနင်္လာနေ့ ငလျင်ဒဏ်သင့်ဒေသအတွက် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေမှာ ကြုံနေရတဲ့ ပြဿနာတွေကိုရော ပျောက်ဆုံးနေသူတွေကို ရှာဖွေနေကြတဲ့ ကျန်ရစ်သူတွေရဲ့ စိတ်ပျက်မှုတွေကိုပါ တူရကီသမ္မတက မြင်တွေ့ခဲ့ရပြီးနောက် ၊ ဒီလောက်ကြီးမားတဲ့ သဘာဝဘေးအတွက် ကြိုတင် ပြင်ဆင်မှု မလုပ်နိုင်ခဲ့ပေမယ့် သူ့နိုင်ငံသား အားလုံးကို ပစ်ထားမှာ မဟုတ်ကြောင်း ပြောပါတယ်။
Hatay ပြည်နယ်မှာတင် ငလျင်ကြောင့် သေဆုံးရသူ ၃,၃၀၀ ကျော် ရှိနေတာပါ။ တူရကီနိုင်ငံမှာ လူပေါင်း ၁၇,၀၀၀ ကျော် သေဆုံးခဲ့ရသလို ဒဏ်ရာရသူက ၆၃,၀၀၀ ရှိနေတယ်လို့ တူရကီအာဏာပိုင်တွေက ပြောပါတယ်။ ဆီးရီးယားဘက်မှာတော့ သေဆုံးသူက ၃,၁၀၀ ရှိနေတယ်လို့ ဆီးရီးယားအစိုးရနဲ့ ကူညီကယ်ဆယ်သူတွေက ပြောပါတယ်။
အခုကြုံခဲ့ရတဲ့ ငလျင်ဟာ ဂျပန်နိုင်ငံ မှာ ၂၀၁၁ တုန်းက ငလျင်နဲ့ ဆူနာမိရေလှိုင်း ဒဏ်ခံခဲ့ရတဲ့ လူပေါင်း ၂ သောင်းနီးပါး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ပြီးကတည်းက ကမ္ဘာမှာ အသေအပျောက် အများဆုံး ဖြစ်ရပ်တခု ဖြစ်ပါတယ်။
တူရကီသမ္မတ Erdogan ကတော့ နိုင်ငံတော် အောက်မေ့ဖွယ်နေ့အဖြစ် ၇ ရက် ပြုလုပ်မှာဖြစ်ကြောင်းနဲ့ ငလျင်ဒဏ်သင့် ပြည်နယ် ၁၀ ခုအတွက် အရေးပေါ်အခြေနေ ၃ လ ကြေညာထားပါတယ်။
Your browser doesn’t support HTML5
=== {{ UNICODE }} ===